Healthy Life Ad
Life Style

မချူချာပေမယ့် ကျန်းမာရေး စစ်ဆေးမှုတော့ ပုံမှန်လုပ်ဖြစ်တဲ့ မေသဉ္ဇာဦး

ဆလိုင်းခိုင်မင်း
အခုအရွယ်အထိ ကျန်းမာနေအောင် အစ်မ ကျန်းမာရေးကို ဘယ်လို စောင့်ရှောက်ပါသလဲ။
ကျန်းမာရေးအတွက် အခုချိန်ထိ သီးသန့် လုပ်နေတာမျိုး မရှိပါဘူး။ ပြီးတော့ အစ်မက ဖျားနာတာမျိုးလည်း သိပ်မရှိတဲ့အတွက် ကျန်းမာရေးလိုက်စားမှု အားနည်းတာပေါ့။ အစ်မက လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်ပါဘူး။

အစ်မတို့မိသားစုကိုကော ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဂရုစိုက်အကြံပေးဖြစ်ပါသလဲ။
အစ်မတို့ မိသားစုမှာ အစ်မရယ်၊ သားနှစ်ယောက်ရယ်က ကျန်းမာရေးကောင်းကြတယ်။ အစ်မ အမျိုးသားကပဲ ချူချာတဲ့အတွက် သူ့ကိုပဲ ဂရုစိုက်နေရပါတယ်။ ပြီးတော့ သားတွေကိုလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်မသောက်ဖို့ ပြောရတယ်။ အရက်ဆိုရင် မသောက်နဲ့လို့တော့ မပြောပါဘူး။ တစ်ခါတလေ ပွဲလမ်းသဘင်ကျရင် သောက်ပေါ့၊ အလွန်အကျွံမသောက်ဖို့ပဲ ပြောပါတယ်။

ကျန်းမာရေးနဲ့ အညီ ဘယ်လိုစားသောက်နေထိုင် ဖြစ်ပါသလဲ။
အစ်မရဲ့ လူ့ဘဝသက်တမ်းတစ်ဝက်လောက်က ရှုတင်ထမင်းဟင်းကိုပဲ စားသောက်ဖြစ်တာ များပါတယ်။ အခုနောက်ပိုင်းကျတော့ အချိန်တွေလည်း အားလာတဲ့အတွက် မိသားစုနဲ့ပဲ အိမ်မှာ ချက်စားဖြစ်ပါတယ်။ အဓိက အသီးအရွက်၊ အသီးအနှံ များများ စားဖြစ်ပါတယ်။ ရာသီစာတွေကို ပိုစားဖြစ်ပါတယ်။

အခုအချိန်မှာ နယ်ရှုတင်ဘက်ကို ရိုက်ကူးရေးသွား လုပ်ရတဲ့အခါ ကျန်းမာရေးအတွက် ဘယ်လိုဆေးဝါးတွေ ယူဆောင်သွားဖြစ်ပါသလဲ။
အစ်မကတော့ ဘာဆေးဝါးမှ မယူဆောင်ဖြစ်ပါဘူး။ ကြိုတင်ကာကွယ်မှုလည်း မလုပ်ဖြစ်ပါဘူး။ အစ်မက နေမကောင်းဖြစ်ခဲတယ်။ တော်ရုံဆို မဖျားနာတတ်ဘူး။ အစ်မ အမျိုးသားကတော့ သွားလေရာ ဆေးဝါးအစုံအလင် ယူဆောင်သွားရတယ်။ နယ်ဘက်တွေသွားရင် အစ်မအမျိုးသားက ဂရုစိုက်ပေးနေတော့ အစ်မက ကျန်းမာရေးအတွက် ဆေးဝါးယူတာမျိုး သိပ်အလေးအနက်မထားဖြစ်တော့ဘူး။

အခုလို မိုးရာသီမှာကော ကျန်းမာရေးကောင်းအောင် ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲ။
အစ်မက မိုးရာသီမှာလည်း ကျန်းမာရေးကို အထူးဂရုစိုက်ရတာမျိုး မရှိပါဘူး။ သူများလို မိုးမိရင် အအေးမိ၊နှာစေး၊ ချောင်းဆိုးတာတွေ မဖြစ်တတ်ဘူး။ အစ်မတင်မကဘူး၊ အစ်မရဲ့ သားနှစ်ယောက်ပါ သိပ်မချူချာတတ်ပါဘူး။

ပရိသတ်တွေအတွက် ကျန်းမာရေး အကြံပြုချက် လေးပြောပေးပါဦး။
ကျန်းမာရေးကတော့ လူတိုင်း ဂရုစိုက်သင့်တဲ့ အရာပါ။ လူအတော်များများက ကျန်းမာရေးမကောင်းမှ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ပိုသိကြတယ်၊ ဂရုစိုက်ကြတယ်။ အစ်မလည်း အခုချိန်ထိ ကျန်းမာရေးကောင်းနေတော့၊ အရမ်းဆိုးဝါးတာမျိုး မရှိသေးတော့ သိပ်ဂရုမစိုက်ဖြစ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေး စစ်ဆေးမှုတော့ ပုံမှန်လုပ်ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ကြပါ၊ ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top