Healthy Life Ad
Q & A

ဆီးချိုရောဂါနဲ့ ကင်ဆာမဖြစ်အောင်

မေး။ ။ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဆက်စပ်မှုရှိတယ်လို့ ဖတ်လိုက်ရလို့ပါဆရာ။ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေများတဲ့ အဓိက အန္တရာယ်တွေက ဘာတွေပါလဲဆရာ။ ဆီးချိုရှိရင် ကင်ဆာမဖြစ်အောင် ဘယ်လိုအချက်တွေကို ရှောင်သင့်ပါသလဲ။

ဦးလှမြင့်၊ ပုသိမ်။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အသက်အရွယ်ကြီးတာ၊ လိင်အမျိုးအစား၊ အဝလွန်ရောဂါ၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်၊ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာစတဲ့ အချက်တွေက ဆီးချိုရောဂါကော ကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ကြပါတယ်။ ကလေးဘဝနဲ့စာရင် အသက်ကြီးလာတဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ကိုယ်အလေးချိန်များတာနဲ့ အဝလွန်တာတွေကလည်း ဆီးချိုရောဂါနဲ့ ဆက်နွှယ်နေသလို ကင်ဆာရောဂါ အမျိုး အစားအမျိုးမျိုးဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်နေပါတယ်။

ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာတို့ကြောင့် သေဆုံးနိုင်ခြေများသလို ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့ကိုလည်း ဖြစ်နိုင်ခြေများစေပါတယ်။

အရက်သောက်သုံးတာကြောင့် အသည်း၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာရေမျိုပြွန် အစရှိတဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဆီးချိုရောဂါကြောင့် ကင်ဆာမဖြစ်အောင် အဓိကကတော့ ဘဝနေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လိုက်နာရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကိုသာလိုက်နာရင် ဆီးချိုရောဂါကိုတင်မက အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတွင်း အဆီများတာ၊ ကင်ဆာရောဂါတွေကိုပါ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပေးတာကြောင့် အူမကြီးကင်ဆာ၊ သွေးဆုံးပြီးချိန် ဖြစ်တတ်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာစတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top