Healthy Life Ad
Life Style

ဓာတ်မတည့်မှုကြောင့် မျက်စိယားယံလျှင်

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ မျက်စိယားယံရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ။ ။ မျက်စိယားတာက နေ့တိုင်းကြုံနေရတဲ့ ပြဿနာပါပဲ။ မျက်စိယားယံတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ အကြောင်းရင်းတစ်ခုကတော့ သာမန်ပါပဲ။ မျက်စိထဲကို ဖုန်တွေ၊ သဲတွေဝင်တယ်။ မျက်စိက ယားလာလို့ လက်နဲ့ ပွတ်လိုက်တယ်။ ဖုန်တွေ၊ သဲတွေထွက်သွားအောင် မျက်စိကို သန့်ရှင်းတဲ့ ရေနဲ့ အားရပါးရဆေးပေးလိုက်ရင် ပျောက်သွားလိမ့်မယ်။
နောက်တစ်ခုက ဓာတ်မတည့်မှုကြောင့် မျက်စိရောဂါဝေဒနာ(Allergic Eye Disorder)ရပြီး မျက်စိယားတာဖြစ်ပါတယ်။ ဒါကတော့ ရေနဲ့ ဆေးလည်းမပျောက်ပါဘူး။ ဓာတ်မတည့်မှုကြောင့် မျက်စိယားရင် သာမန်မျက်စိနီရာကနေ မျက်စိမှုန်တဲ့အထိ ဖြစ်တတ်ပါတယ်။ အတော်ကျယ်ပြန့်ပါတယ်။ တခြား ဓာတ်မတည့်မှု ဖြစ်တဲ့ ရောဂါတွေ (ဥပမာ-ပန်းနာ ရင်ကျပ်ဖြစ်တာ၊ အရေပြားရောင်ရမ်းတာ)တွေလိုပဲ ဒီရောဂါကလည်း တစ်သက်လုံးမပျောက်တဲ့ ရောဂါမျိုး၊ ရာသက်ပန်ကုဖို့ လိုတဲ့ ရောဂါမျိုးပါ။

မေး။ ။ ဓာတ်မတည့်မှုကြောင့် မျက်စိယားတယ်ဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဓာတ်မတည့်မှုကြောင့် မျက်စိယားရင် မျက်စိက ရိုးရိုးနီရုံပဲ နီတယ်၊ မျက်ခွံကို လှန်ကြည့်လိုက်ရင် အနီစက်(Papillae)တွေ အများကြီး တွေ့ရတတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် မျက်ကြည်လွှာပတ် လည်မှာ သွေးကြောတွေက နီရဲနေတတ်ပါတယ်။ တကယ်တော့ မျက်ကြည်လွှာဆိုတာ ကြည်လင်ပြီး ထိုးဖောက်မြင်နိုင်ရမယ်။ (Clear and Transparent) ဒီလိုမဖြစ်ဘဲ သွေးကြောတွေ ဝင်လာပြီး မျက်စိက မှုန်သွားတတ်ပါတယ်။

မေး။ ။ ဓာတ်မတည့်မှုကြောင့် မျက်စိနီလာ၊ ယားလာရင် ဘယ်လိုကုသမှု ခံယူရပါသလဲ ဆရာ။
ဖြေ။ ။ ဓာတ်မတည့်မှုဖြစ်တဲ့အတွက် H2 Receptor Blocker ဆေးဖြစ်တဲ့ Cromal ဆိုတဲ့ မျက်စဉ်းဆေးကို ပေးရပါတယ်။ ဒီဆေးကတော့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဒီထက်ပိုဆိုးလာတဲ့ အဆင့်မှာ စတီးရွိုက် မျက်စဉ်းဆေးကို ပေးရပါတယ်။ ဒီဆေးကတော့ အတွင်းရေထုဖိအား (Intraocular Pressure ) လည်း တက်နိုင်သလို မျက်ကြည်လွှာပေါက်တာ (Cornea Erosion)လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ ထည့်သင့်ပါတယ်။ ဒီလိုမဟုတ်ရင် လည်း ဘာမီတွန်(Burmeton)လို ဆေးမျိုးသောက်လို့ ရပါတယ်။ ဒီလိုဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာဖြစ်ရင် တစ်သက်လုံးထိန်းချုပ်ကုသမှု ခံယူရမယ်ဆိုတာ လူနာတွေအနေနဲ့ သိထားသင့်ပါတယ်။

မေး။ ။ ဓာတ်မတည့်မှုကြောင့် မျက်စိယားတာက ဘယ် လိုအကြောင်းတွေကြောင့် ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ ပြောရခက်ပါတယ်။ ဥပမာအားဖြင့် ပန်းနာရင်ကျပ်ရောဂါဆိုရင်လည်း ဓာတ်မတည့်မှုကြောင့် ဖြစ်တယ်ဆိုတာ သိပေမယ့် ဘာနဲ့မတည့်တာလဲဆိုတာ မသိကြသလိုမျိုးပါပဲ။ စစ်ဆေးဖို့ကလည်း မလွယ်ပါဘူး။ စမ်းလို့တော့ရပေမယ့် လူနာကိုပဲ သတိပေးထားရပါတယ်။
ဥပမာ ရာသီဥတုကိုကြည့်ရင် ဘယ်ရာသီမှာ ပိုဖြစ်တတ်သလဲဆိုတာကို သတိထားကြည့်ရပါတယ်။ တချို့ဆိုရင် မနက်ပိုင်းမှာ ပိုဖြစ်တတ်သလို တချို့ကျတော့ ညနေပိုင်းမှာ ပိုဖြစ်တတ်တာမျိုး ရှိပါတယ်။ဒါကိုလည်း သတိထားခိုင်းပါတယ်။ နောက်တစ်ခုက အစားအသောက်ကို သတိထားခိုင်းပါတယ်။ မှို၊ ပင် လယ်စာစားရင် ဖြစ်သလား၊ ဘယ်အစာစားရင် ပိုဖြစ် သလဲဆိုတာကို ကိုယ့်ဘာသာ သတိထားကြည့်ခိုင်းပါတယ်။
နောက်တစ်ခုက မျက်ကပ်မှန်တပ်တာကြောင့် ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်ကို လုပ်ထားတဲ့ပစ္စည်း (Material) နဲ့ မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်ကို မတပ်မဖြစ်တပ်ရရင်လည်း မျက်လုံးနဲ့ မျက်ကပ်မှန်ထိတွေ့တဲ့ အချိန်ကိုတိုအောင် လုပ်ပေးလိုက်ရင် သက်သာသွားနိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရတဲ့ သူဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူး (Container) ကို အမြဲဆောင်ထားပြီး မနက်ရုံးသွားလို့ တပ်သွားရင် နေ့လယ်မှာ မျက်ကပ်မှန်ကို နာရီဝက်လောက် ချွတ်ထားပြီးမှ ပြန်တပ်ဆင်သင့်ပါတယ်။ ညနေ အိမ်ပြန်ရောက်တဲ့အခါ မျက်ကပ်မှန်ကို ချက်ချင်းချွတ်ပစ်သင့်ပါတယ်။

မေး။ ။ ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာဖြစ်တာက နေ့တိုင်းလိုလို ဖြစ်နေတာမျိုးလား ဆရာ။
ဖြေ။ ။ နေ့တိုင်းဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ရက်ခြား တစ်ခါ ဒါမှမဟုတ် အခါအားလျော်စွာ ဖြစ်တတ်တာမျိုးပါ။ သာမန်အားဖြင့် စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ မျက်ကြည်လွှာပတ်ဝန်းကျင်မှာ သွေးကြောတွေရဲပြီး နောက်လာရင် ပြန်ကောင်းဖို့က မလွယ်ပါဘူး။ နောက်သွားရင် ပြန်မကြည်တော့ပါဘူး။ သိပ်ပြင်းထန်သွားတဲ့အဆင့်မှာဆိုရင် အမာရွတ်တွေထင်လာပြီး မျက်ကြည်လွှာလဲရတဲ့ အဆင့်အထိ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆရာတို့ မြန်မာပြည်မှာ ဒီလိုဖြစ်တာမျိုး သိပ်မတွေ့ရပါဘူး။ အိန္ဒိယမှာ ပညာသင်သွားတုန်းကဆိုရင် ကလေးကနေ လူကြီးအထိ ဒီလိုမျက်စိဝေဒနာသည်တွေကို အများကြီး တွေ့ရပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။ မြန်မာပြည်မှာတော့ ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာဖြစ်တာ သိပ်မတွေ့ရပါဘူး။ ဆရာ့ဆီကိုလာပြတဲ့ လူနာတချို့တော့ရှိပါတယ်။ သူတို့က အသက်ကြီးလာရင် သူ့အလိုလို ပျောက်သွားတာမျိုးတောင် တွေ့ဖူးပါတယ်။ တချို့လည်း အသက်ကြီးမှဖြစ်လာပြီး ဆေးနဲ့ ထိန်းနိုင်တဲ့ အဆင့်မှာပဲ ရပ်သွားတာမျိုး ရှိပါတယ်။

မေး။ ။ မျက်ကပ်မှန်တပ်နေသူတွေအနေနဲ့ မျက်ကပ် မှန်တပ်သူတွေ သုံးရတဲ့ မျက်စဉ်းဆေးခတ်ရင်ကော အဆင်ပြေပါသလား ဆရာ။
ဖြေ။ ။ ရပါတယ်။ ဒီဆေးရည်က မျက်ကပ်မှန်တပ်သူတွေအတွက် သီးသန့်ထုတ်ထားတာပါပဲ။ တကယ်တမ်းတော့ မျက်ရည်တု (Artificial Tear) သ ဘောမျိုးပဲ ဖြစ်ပါတယ်။ မျက်ကြည်လွှာရဲ့ ရှေ့မှာ မျက်ရည်လွှာ (Precornea Tear Film) ဆိုတာ ရှိပါတယ်။ မျက်ကပ်မှန်တပ်လိုက်တဲ့အခါမှာ မျက် ရည်လွှာက နည်းနည်း နည်းသွားပါတယ်။ အဲဒါကို ဖြည့်တဲ့အနေနဲ့ပေးတဲ့ သဘောမျိုးပါပဲ။
ဓာတ်မတည့်မှုကြောင့် မျက်စိကနီလာရင် မျက်ကပ်မှန်ကိုဖြုတ်ပြီး စတီးရွိုက်မျက်စဉ်းဆေး ထည့်မယ်။ တစ်ပတ်လောက်နေလို့ သက်သာမှ မျက်ကပ် မှန်ပြန်တပ်တာမျိုး လုပ်သင့်ပါတယ်။ တစ်ခါတလေကျရင် ဒီမျက်ကပ်မှန်အမျိုးအစားနဲ့ မတည့်ရင် နောက်တစ်ခု ပြောင်းတပ်တာမျိုး လုပ်ရပါတယ်။
သွေးကြောရဲတာက အကြောင်းနှစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်လုပ်တဲ့ ပစ္စည်းနဲ့ မတည့်တာကြောင့် ဖြစ်နိုင်သလို မျက်ကပ်မှန်ကျပ်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မျက်ကပ်မှန်တပ်သူတွေအနေနဲ့ Acanthemoeba ပိုးကျရောက်တတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီပိုးကျရောက်တာကို မတွေ့ရသေးပါဘူး။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top