Healthy Life Ad
Child

အိမ်မွေးတိရစ္ဆာန်လေးများကို သေစေနိုင်သော အစားအစာငါးမျိုး

၊ မိုးမင်းထွန်း ၊

တိရစ္ဆာန်ကျန်းမာရေးသုတေသီနှစ်ဦးက အိမ်မွေးတိရစ္ဆာန်ကလေးတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ လူ့အစားအသောက်ငါးမျိုးကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ခွေးတွေဟာ ကြောင်တွေထက် ပိုမိုဆိုးကျိုးသက်ရောက်လေ့ရှိပြီး ခွေးတွေက အစားအသောက်တွေ ပိုမိုစားသောက်တာကြောင့်လို့လည်း လေ့လာမှုမှာဖော်ပြထားပါတယ်။

(၁) စပျစ်သီးနှင့် စပျစ်သီးခြောက်များ
စပျစ်သီးနဲ့ စပျစ်သီးခြောက်တို့ကို အစိမ်းဖြစ်စေ ချက်ပြုတ်ထားသည်ဖြစ်စေ စားသုံးမိပါက ခွေးတွေမှာ ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်။ ခွေးတိုင်းရဲ့တုန့်ပြန်ပုံက မတူညီကြပါဘူး။ လေ့လာမှုအရ စားသုံးမိတဲ့ တချို့ခွေးတွေမှာ ဘာလက္ခဏာမှမပြသခဲ့ပေမယ့် တချို့ကတော့ သေဆုံးသွားတာကို တွေ့ရှိခဲ့ပါတယ်။ တခြားလက္ခဏာတွေကတော့ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာနဲ့ အစားအသောက်ပျက်တာတို့ပဲဖြစ်ပါတယ်။

(၂) ချောကလက်၊ ကော်ဖီနှင့် ကဖင်း
ကိုကိုးအခြေခံစားသောက်ကုန်တွေက အိမ်မွေးတိရစ္ဆာန်တွေမှာ အစာအဆိပ်သင့်မှုဖြစ်စေတဲ့ ဒြပ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဗိုက်အောင့်တာလို အပျော့စားရောဂါကနေ လေဖြတ်တာနဲ့ သေဆုံးတာတို့ကို ဖြစ်စေနိုင်ပါတယ်။ အိမ်မှာချောကလက်မုန့်တွေ များများရှိတတ်တဲ့အားလပ်ရက်တွေမှာ တိရစ္ဆာန်တွေမှာ အစာအဆိပ်သင့်ဖြစ်ပေါ်မှု များတယ်လို့ဆိုပါတယ်။

(၃) ကြက်သွန်နီ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူ
ကြက်သွန်နီ၊ ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူတို့က ခွေးနဲ့ကြောင်တွေကို မကြာခဏဖျားနာစေပါတယ်။ သူတို့ထဲမှာ organosulfoxides ဒြပ်ပေါင်း ပါဝင်ပါတယ်။ တိရစ္ဆာန်တွေ ဒီအစာတွေကို စားမိတဲ့အခါ organosulfoxides က ဆာလ်ဖာဒြပ်ပေါင်း အဖြစ်ပြောင်းလဲပြီး သွေးနီဆဲလ်တွေကို ပျက်စီးစေပါတယ်။ လက္ခဏာတွေကတော့ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာနဲ့ အစားအသောက်ပျက်တာတို့ပဲ ဖြစ်ပါတယ်။

(၄) သကြားအစားထိုး (Xylitol)
နောက်ထပ် အဆိပ်အတောက်ဖြစ်စေတာကတော့ သကြားအတု Xylitol တွေပဲဖြစ်ပါတယ်။ Xylitol တွေက သကြားပါဝင်မှုကင်းတဲ့ ပီကေတွေ၊ သကြားလုံးတွေ၊ ပေါင်မုန့်တွေနဲ့ တခြားမုန့်ဖုတ်ပစ္စည်းတွေမှာ ပါဝင်တတ်ပါတယ်။ Xylitol က ခွေးတွေရဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်အဆင့်ဟာ အန္တရာယ်ဖြစ်စေအောင် ကျဆင်းစေပါတယ်။ Xylitol အဆိပ်ဖြစ်မှု လက္ခဏာတွေက အော့အန်တာ၊ မောပန်းတာ၊ မလှုပ်မရှားနိုင်ဖြစ်တာ၊ လဲကျတာနဲ့ လေးတာတို့ ဖြစ်ပါတယ်။

(၅) အယ်လ်ကိုဟော
အီသနော ဒါမှမဟုတ် အယ်လ်ကိုဟောကြောင့်လည်း အစာအဆိပ်သင့်စေနိုင်ပါတယ်။ အိမ်မွေး တိရစ္ဆာန်တွေဟာ အယ်လ်ကိုဟောပါဝင်တဲ့ အစားအသောက်တွေကို စားမိတယ်ဆိုရင် လူတွေလို အစာခြေလမ်းကြောင်းကတဆင့် စုပ်ယူပြီး ဦးနှောက်ဆီရောက်ရှိပါတယ်။ စိတ်ကျတာ၊ မလှုပ်နိုင်/မရှားနိုင်တာ၊ အားအင်ကုန်ခမ်းတာ၊ သွေးတိုးတာတို့ကို ဖြစ်စေတတ်ပါတယ်။ ပိုဆိုးခဲ့ရင် ကြာရှည်သတိမေ့တာနဲ့ အသက်ရှူနှုန်း အလွန်အမင်း နိမ့်ကျတာတို့ကို ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top