Healthy Life Ad
Life Style

အိပ်သည့်အခါ သွားရည် (အာပုပ်ရည်) ကျရသည်မှာ ရောဂါမဟုတ်ပါ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ညအိပ်ရာမဝင်မီသွားတိုက်ပြီး အိပ်သော်လည်း အချို့လူများ သွားရည်(အာပုပ်ရည်)ကျရသည်မှာ ရောဂါမဟုတ်ဘဲ ပုံမှန်ဖြစ်စဉ်သာဖြစ်ကြောင်း မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကို မောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“တချို့လူတွေက မေးကြတယ် . . ညအိပ်ရင် သွားရည်ကျတယ်၊ သွားရည်မကျအောင် ညညသွားတိုက်ပြီးလည်း အိပ်ပါတယ်။ ဒါပေမဲ့ မရဘူးဆိုပြီး မေးကြပါတယ်။ တကယ်တော့ သွားရည်ကျတာက များသောအားဖြင့် ရောဂါမဟုတ်ပါဘူး။

လူက အိပ်မောကျသွားရင် တချို့က ပါးစပ်ကိုဟပြီး အိပ်တတ်တဲ့ လူတွေရှိပါတယ်။ အိပ်နေတုန်း တံတွေးတွေက ပါးစပ်ထဲများလာတဲ့အခါ မျိုမချတော့တဲ့အတွက် အလိုလိုနေရင်း ဘေးကို စီးကျလာပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါပဲ။ ရောဂါရယ်လို့ ယူဆလို့ မရပါဘူး“ဟု ပါမောက္ခဦးကိုကိုမောင်က ပြောသည်။

သို့ရာတွင် အိပ်သည့်အခါ ကျသည့် သွားရည်တွင် သွေးစွန်းပါနေပါက သွားဆရာဝန်နှင့် ပြသစစ်ဆေးရန်လိုအပ်ကြောင်း သိရသည်။

“ခေါင်းအုံးမှာ တံတွေးတွေကျတယ်၊ သွားရည်တွေကျတယ် . .အဲဒီအခါ သွေးတွေပါ စွန်းစွန်းနေတယ်ဆိုရင်တော့ သွားဖုံးမကောင်းဘူးလားဆိုပြီး သွားဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။ ဘယ်လိုလူတွေက သွားဖုံးကနေ သွေးထွက်များသလဲဆိုတော့ သွားဖုံးတွေရောင်နေတယ်၊ သွားချေးကျောက် တွေရှိနေတယ်ဆိုတဲ့ လူတွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။

အလိုလိုနေရင်း ပါးစပ်ထဲသွေးတွေ ထွက်ထွက်လာတယ်ဆိုရင်တော့ သွားဖုံးရောဂါရယ်လို့ချည်း ပြောလို့မရပါဘူး။ သွေးရောဂါတွေရှိလို့လည်း ဖြစ်နိုင်ပါတယ်၊ ကျောက်ကပ်ရောဂါတွေဖြစ်ပြီး ယူရီယား၊ ခရစ်ယာတနင်းတွေ ထွက်လို့လည်း ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် သွေးမတိတ်တဲ့ ရောဂါတွေ၊ သွေးဥမွှားနည်းတဲ့ ရောဂါတွေ ဖြစ်ရင်လည်း အလိုလိုနေရင်း သွေးထွက်တတ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်နဲ့ ပြသပြီး သွားမကောင်းလို့ ဖြစ်တာလား၊ သွားဖုံးမကောင်းလို့ ဖြစ်တာလား ဆိုတာ စစ်ဆေးရပါမယ်။ မဟုတ်ဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်ကို လွှဲပေးပါလိမ့်မယ်။ အဲဒီအခါ စနစ်တကျကုသမှု ခံယူသင့်ပါတယ်” ဟု ပါမောက္ခ ဦးကိုကိုမောင်က ပြောသည်။

Most Popular

Healthy Life Ad
To Top