Healthy Life Ad
International

စိတ်မရှည်သည့် အမျိုးသမီးငယ်လေးများ မြန်မြန် အရွယ်ရင့်စေနိုင်

မိုးမင်းထွန်း

အသက်ရှည်ရှည်နေထိုင်ပြီး အစဉ်နုပျိုလိုကြတဲ့ အမျိုးသမီးလေးတွေအတွက် အနည်းငယ် စိတ်ရှည်တာက အကူအညီပေးနိုင်မယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)မှ သုတေသီတွေက စိတ်မရှည်တဲ့ တရုတ်အမျိုးသမီးငယ်တွေမှာ ဆဲလ်တွေလျှင်မြန်စွာ အိုမင်းနေတဲ့ လက္ခဏာတွေကိုတွေ့ရတယ်လို့ပြောပါတယ်။ စိတ်မရှည်တဲ့ အမျိုးသမီးတွေရဲ့ဆဲလ်တွေမှာ ပိုမိုတိုတောင်းတဲ့ သွေးဖြူဆဲလ်တယ်အိုးမီးယား(leukocyte telomeres) တွေကြောင့် တခြားအမျိုးသမီးတွေထက် မြန်မြန်အရွယ်ရင့်တာကို တွေ့ရှိခဲ့တာပါ။

ဒီလေ့လာမှုက စိတ်မရှည်တာလိုမျိုး လူရဲ့အပြုအမူက ဆဲလ်တွေအပေါ်သက်ရောက်ပုံကို ဆက်စပ်ပြတဲ့ ပထမဆုံးလေ့လာမှုလည်းဖြစ်ပါတယ်။ သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ တက္ကသိုလ်ကျောင်းသူ ၁,၁၅၈ ယောက်ကို စမ်းသပ်ခဲ့ကြတာပါ။

သူတို့ရဲ့စိတ်ရှည်မှုကို စမ်းသပ်ဖို့ နှေးကွေးတဲ့ ဈေးလျှော့နည်းအမည်ရတဲ့ အပြုအမူဆိုင်ရာစီးပွားရေး ဂိမ်းတစ်ခုအားကစားခိုင်းခဲ့ပါတယ်။

ကစားနည်းက ဂိမ်းကစားသူဟာ ချက်ချင်းပေးတဲ့ ဆုလာဘ်ကိုယူမလား ဒါမှမဟုတ် နောက်ပိုင်းမှာ ရရှိမယ့် ပိုမိုကောင်းမွန်တဲ့ ဆုလာဘ်ကို စောင့်မလားဆိုတာကို ရွေးချယ်ပေးရတဲ့နည်း ဖြစ်ပါတယ်။

ဆုလာဘ်တွေကို စောစောယူလေ့ရှိတဲ့ အမျိုးသမီးတွေကို စိတ်မရှည်တဲ့ အမျိုးအစားထဲမှာ ထည့်သွင်းတယ်လို့ သိရပါတယ်။ သုတေသီတွေက ပါဝင်သူတွေရဲ့ သွေးဖြူဆဲလ်တယ်အိုးမီးယား (leukocyte telomeres )အလျားကို တိုင်းတာခဲ့ကြပါတယ်။

စိတ်မရှည်တဲ့အမျိုးသမီးတွေမှာ သွေးဖြူဆဲလ် တယ်အိုးမီးယားတိုတောင်းတာကို တွေ့ရှိရတယ်လို့ သုတေသီတွေက ပြောပါတယ်။

သွေးဖြူဆဲလ်တယ်အိုးမီးယား (leukocyte telomeres) ဆိုတာ ခရိုမိုဆုမ်းကို ကာကွယ်ပေးပြီး DNA အမျှင်ရဲ့အစွပ်တွေ ဖြစ်ပါတယ်။ အစွပ်တွေရဲ့အလျားက ဆဲလ်ကွဲထွက်မှုပြုလုပ်တိုင်း တိုတောင်းလာပြီး ကန့်သတ်အလျားကို ရောက်ရှိတဲ့အချိန်မှာ ဆဲလ်တွေက နောက်ထပ်ကွဲထွက်မှုကို မပြုလုပ်နိုင်တော့ပါဘူး။ ဒီတယ်အိုးမီးယား အစွပ်တွေရဲ့အလျားဟာ ရောဂါဖြစ်ပွားမှုနဲ့ သေခြင်းတရားတို့ကို စောစောခန့်မှန်းပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးသူတွေမှာသာ အိုမင်းတဲ့ဆဲလ်တွေနဲ့ တိုတောင်းတဲ့ သွေးဖြူဆဲလ်အစွပ်တွေရှိကြတာပါ။

“စိတ်ရှည်မှုဟာ တကယ်တော့ အဖိုးတန်ပါတယ်။ စိတ်မရှည်တဲ့ အမျိုးသမီးတွေဟာ တခြားလူတွေထက် မြန်မြန်ဆန်ဆန် အရွယ်ရင့်နိုင်ခြေရှိနေပါတယ်”လို့ လေ့လာမှုပြုလုပ်ခဲ့သူ ရစ်ချက်အက်ဘ်စတိန်းကပြောပါတယ်။

(Ref; DNI)

Most Popular

Healthy Life Ad
To Top