Healthy Life Ad
Q & A

သားဥပြွန် နှစ်ဖက်ပိတ်ရင် ကလေးရနိုင်လား . . .

# ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည် ၊

မေး – သားဥပြွန် နှစ်ဖက်ပိတ်နေတယ်ဆိုရင် ကလေးရနိုင်ပါလားရှင်။
သဉ္ဇာကျော်ဇာဇာ (Fb)

ဖြေ – သားဥပြွန် နှစ်ဖက်ပိတ်နေတယ် ဆိုတာကို ဘယ်လိုနည်းနဲ့ သိခဲ့သလဲ ဆိုတာ ပြန်မေးဖို့လိုပါတယ်။
သားဥပြွန်နှစ်ဖက် ပိတ်တယ်၊ မပိတ်ဘူးဆိုတာ စစ်တဲ့နည်းတွေက မြန်မာနိုင်ငံမှာ သုံးနည်းရှိပါတယ်။

ပထမနည်းကတော့ သားအိမ်ခြစ်တယ်၊ လေမှုတ်တယ်လို့ ခေါ်တဲ့ လေမှုတ်ပြီး အသံကို နားထောင်ရင်း သားဥပြွန်ပွင့်၊ မပွင့် စစ်တဲ့နည်းပါ။
ဒုတိယနည်းကတော့ သားအိမ်ထဲကို ဆေးတွေထည့်ပြီး အာထရာ ဆောင်းနဲ့ ရိုက်ကြည့်တဲ့နည်း၊ ဆေးဓာတ်မှန် ရိုက်ကြည့်တဲ့နည်း ဆိုပြီး ရှိပါတယ်။
တတိယနည်းကတော့ Laparoscope လို့ ခေါ်တဲ့ မှန်ပြောင်းနဲ့ ကြည့်ပြီး ဗိုက်ထဲကို လှမ်းပြီး ဗီဒီယို ကင်မရာနဲ့ ကြည့်တာပါ။

ဒါကြောင့် အခု မေးထားတဲ့သူကို မေးချင်တာက သားဥပြွန်နှစ်ဖက် ပိတ်နေတယ်ဆိုတာ ဘယ်လိုနည်းနဲ့ သိထားတာလဲဆိုတာကို မေးချင်ပါတယ်။ တစ်ခါတလေကျရင် သိထားတဲ့ နည်းက မှားနေတာ ဖြစ်တတ်ပါတယ်။ သားဥပြွန် ပိတ်နေတယ်လို့ ပြောပြီး ကလေးရသွားတာ တွေလည်း တွေ့ဖူးပါတယ်။ တကယ်က သူတို့သိတာ မှားနေတာပါ။တကယ် သားဥပြွန် ပိတ်နေပြီဆိုရင်တော့ ရိုးရိုးတန်းတန်း ကလေး မရနိုင်ပါဘူး။ ကလေးရအောင် လုပ်သင့်တဲ့နည်းက နှစ်နည်းရှိပါတယ်။ တစ်နည်းကတော့ ပိတ်နေတဲ့ သားဥပြွန်လေးကို ခွဲစိတ်ပြီး ပြန်ဖွင့်ပေးတဲ့ နည်းရှိတယ်။ ပြန်ပွင့်သွားရင် ကလေးရနိုင်ခြေရှိပါတယ်။

နောက်တစ်နည်းကတော့ သားဥပြွန်တွေ ပိတ်နေပေမယ့် ကလေးရနိုင်တဲ့ နည်းက ဖန်ပြွန်သန္ဓေသားနည်းပဲ ဖြစ်ပါတယ်။ အဲဒါကို Test Tube Babyလို့ ခေါ်ပါတယ်။ ဒါက သားဥကို ကြီးလာအောင် လုပ်ပြီး သားဥကို အပြင်မှာ သုက်ကောင်နဲ့ ကလေးဖြစ်အောင်လုပ်တယ်၊ ပြီးမှ သားအိမ်ထဲကို ပြန်ထည့် လိုက်တာဖြစ်ပါတယ်။ ဒီနည်းက သားဥပြွန်ပိတ်နေတဲ့ လူတွေအတွက် အကောင်းဆုံး ကလေးရစေမယ့် နည်းပဲဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top