Healthy Life Ad
Life Style

သင်အကြိုက်ဆုံးတူရိယာက သင့်အကြောင်း ပြောပြနေပါတယ်

ကိုထက်

သင်က ပုလွေကို အကြိုက်ဆုံးဆိုရင်
ပုလွေကို သဘောကျတဲ့သူတွေဟာ စိတ်ရင်းသဘောထားကောင်းကြပါတယ်။ ဒါပေမဲ့ အပြင်ပန်းမှာတော့ အေးတိအေးစက် ထင်ရတတ်ပါတယ်။ သင်ရဲ့ အနီးဆုံး သူငယ်ချင်းတွေကသာ သင်ဟာ ဘယ်အလုပ်ကိုမဆို စိတ်နှစ်ပြီး ကြိုးကြိုးစားစား လုပ်တတ်တယ်၊ ဘယ်လိုစိတ်သဘောကောင်းတယ် ဆိုတာကို နားလည်ကြပါတယ်။ သင်ရဲ့ ခံစားချက်တွေကို တခြားသူတွေသိအောင် မပြတတ်တဲ့ သင်ရဲ့ပုံစံကိုပဲ သင့်မိတ်ဆွေအပေါင်းအသင်းတွေက သဘောကျနေကြတာဖြစ်ပါတယ်။

Drum_2

သင်က စန္ဒရားကို အကြိုက်ဆုံးဆိုရင်
စန္ဒရားကို သဘောကျသူတွေဟာ အလုပ်အရမ်းကြိုးစားကြသူတွေ ဖြစ်ပါတယ်။ စည်းကမ်းရှိတာကို သဘောကျပြီး ကိုယ်တိုင်လည်း စည်းစနစ်ကျသူတွေ ဖြစ်တတ်ပါတယ်။ အတူတကွ ပူးပေါင်းလုပ်ကိုင်ရတာကို သဘောကျကြပါတယ်။ အခါအားလျော်စွာ အားလပ်ချိန်တွေမှာ သင်နဲ့ အကြိုက်ချင်းတူတဲ့ သူတွေကို ရှာဖွေပြီး အချိန်တွေအတူတူ ကုန်ဆုံးနေရတာကို အလွန်နှစ်သက်ပါတယ်။

သင်က ဂီတာကို အကြိုက်ဆုံးဆိုရင်
သင်အနှစ်သက်ဆုံး တူရိယာက ဂီတာတစ်လက်ဖြစ်တယ်ဆိုရင် သင့်ရဲ့ စိတ်နေသဘောထားကတော့ အများအားဖြင့် ဆန်းသစ်တီထွင်လိုတဲ့ စိတ်မျိုးရှိပါတယ်။ စွန့်စားရတာကိုလည်း သဘောကျသူဖြစ်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်ထက် ပိုပြီး သိချင်စိတ်တွေများနေတတ်တဲ့ သူတွေလည်း ဖြစ်တတ်ပါတယ်။ လောကကြီးက ကျယ်ပြောပြီး သင်ယူစရာတွေ အရမ်းများတယ်လို့ သင်လက်ခံထားပြီး တိုတောင်းလှတဲ့ ဘဝမှာ အချိန်တွေကို ဖြုန်းပစ်မနေ သင့်ဘူးဆိုတဲ့ အတွေးရှိသူတွေပါ။

သင်က ဒရမ်ကို အကြိုက်ဆုံးဆိုရင်
ဒရမ်တီးရတာကို အလွန်ခုံမင်တဲ့သူတွေ၊ ဒရမ်ကို သဘောကျသူတွေဟာ အပြင်ပန်းမှာတော့ လူပေလူတေလေးတွေနဲ့ တူနေတတ်ကြပါတယ်။ အမှန်မှာတော့ သူတို့တွေဟာ မျှမျှတတအလွန်ရှိကြသူတွေ ဖြစ်တာများပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ် သေသေချာချာအာရုံစိုက်ပြီး လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒရမ်တီးတာ သဘောကျသူတွေဟာ တစ်ယောက်တည်းမဟုတ်ဘဲ အသင်းအဖွဲ့လိုက် စည်းလုံးပြီး အောင်မြင်တာကို ပိုပြီးလိုလားသူလည်း ဖြစ်ကြပါတယ်။

သင်က စောင်းကို အကြိုက်ဆုံးဆိုရင်
စောင်းကို ချစ်ခင်နှစ်သက်သူတွေကတော့ ဂန္တဝင်ဆန်တဲ့ အနုပညာလက်ရာတွေကို နှစ်သက်သူတွေ ဖြစ်ကြပါတယ်။ စောင်းကို သဘောကျသူတွေကို နတ်သမီးလေးတွေလို့တောင် တင်စားခေါ်ဝေါ်လို့ရအောင် သူတို့တွေက မိမိကိုယ်တိုင် ပြဿနာတွေကို တည်ငြိမ်စွာဖြေရှင်းကိုင်တွယ်နိုင် ရုံသာမက တခြားသူတွေကိုရဲ့ စိတ်ပူပင်မှုတွေကိုပါ လျော့ကျသွားအောင် ကူညီပေးနိုင်သူတွေဖြစ်ကြပါတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

သင်က တယောကို အကြိုက်ဆုံးဆိုရင်
တယောကို သဘောကျနှစ်သက်သူတွေဟာ အများအားဖြင့် တွေဝေတဲ့စိတ်မျိုးလုံးဝမရှိဘဲ ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တာကို တိတိကျကျ သိတဲ့သူတွေပါ။ ရအောင်လည်း အားထုတ်ကြိုးစားကြသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲဆန်းစစ်နေလေ့ရှိပြီး သူများတွေရဲ့ ဝေဖန်မှုတွေကိုလည်း နားစွင့်နေလေ့ရှိတတ်ပါတယ်။ မထင်မှတ်ဘဲဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တုန်လှုပ်မှုသိပ်မရှိဘဲ တည်တည်ငြိမ်စဉ်းစားပြီးမှ ဖြေရှင်းတတ်သူတွေ ဖြစ်ကြပါတယ်။

သင်က ပတ္တလားကို အကြိုက်ဆုံးဆိုရင်
ပတ္တလားကို နှစ်သက်မြတ်နိုးသူတွေက ခေတ်ဆန်တာထက် ရှေးကျတာကို ပိုပြီးသဘောကျ သူတွေဆိုတာ သိလွယ်ပါတယ်။ ဒါပေမဲ့လည်း ခေတ်ဆန်တဲ့ အရာတွေကို ရံဖန်ရံခါ ရွေးချယ်လေ့ရှိပါတယ်။ သင်နှစ်သက်တဲ့အရာတွေကို လုပ်ဖို့ဆိုရင် သူများတွေဘယ်လိုဝေဖန်နေပါစေ၊ ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်တတ်သူတွေပါ။ ဘယ်လိုပဲ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေပါစေ၊ စိတ်ကိုပျော်အောင် နေတတ်သူတွေလည်း ဖြစ်ကြပါတယ်။

သင်က ဘင်ဂျိုကို အကြိုက်ဆုံးဆိုရင်
ဘင်ဂျိုတူရိယာကို ကြိုက်နှစ်သက်သူတွေရဲ့ စိတ်နေသဘောထားက အနည်းငယ်ဆန်းကြယ်တယ်လို့ ဆိုရပါမယ်။ စိတ်ကူးယဉ်ဆန်တတ်ပါတယ်။  နေထိုင်သွားလာပုံတွေက စတိုင်ကျကျဖြစ်တတ်ပြီး လူတွေက သဘောကျ အားကျနေလေ့ရှိပါတယ်။ သူများတွေအတွက် အားတက်စေမယ့် အကြံဉာဏ် တွေပေးနိုင်စွမ်းရှိပါတယ်။ အရာအများကြီးကို သိပ်ပြီး စိတ်မဝင်စားတတ်ပေမယ့် စိတ်ဝင်စားတဲ့ ပညာရပ်တွေကိုတော့ ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ် လေ့လာလိုက်စားတတ်ကြသူတွေ ဖြစ်ပါတယ်။

သင်က နှဲကို အကြိုက်ဆုံးဆိုရင်
နှဲကို ကြိုက်သူဖြစ်နေမယ်ဆိုရင် သင့်စိတ်နေသဘောထားက သင်လုပ်နေတဲ့ အရာကို လူတွေရှေ့မှာ ချပြနေရတာထက် ကိုယ့်ဘာသာ ပြန်လည်ခံစားနေရရုံနဲ့ ကျေနပ်နိုင်စွမ်းရှိသူပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေကြသူတွေ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲကြည့်ပြီး အားပေးသူတွေ၊ ထောက်ခံပေး သူတွေရှိနေဖို့မလိုပါဘူး။ အောင်မြင်ဖို့၊ ချမ်းသာဖို့ ကျော်ကြားဖို့ထက် အေးချမ်းသာယာတဲ့ ဘဝကို ပိုပြီး မက်မောကြသူတွေဖြစ်ပြီး သူများတွေ အားကျလောက်အောင် ဘဝကို အေးအေးချမ်းချမ်း နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

သင်က ထရမ်းပက်ကို အကြိုက်ဆုံးဆိုရင်
ထရမ်းပက် မှုတ်ရတာ၊ နားထောင်ရတာကြိုက်တဲ့သူတွေက အများအားဖြင့် စကားများတတ်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ပျော်ပျော်နေတတ်သူတွေလည်းဖြစ်ပြီး တခြားသူတွေရဲ့ ခံစားချက်တွေကို အလွယ်တကူ ကိုယ်ချင်းစာပေးနိုင်သူတွေပါ။ နည်းနည်းတော့ ရှက်တတ်ကြတယ်လို့ဆိုပါတယ်။ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ အခက်အခဲတွေကို ချက်ချင်းဖြေရှင်းနိုင် စွမ်းအားနည်းတတ်တဲ့အတွက် စလုပ်ကတည်းက ဖြစ်နိုင်တဲ့ပြဿနာတွေကို ကြိုတင်မှန်းဆထားပြီး အစီအစဉ်တွေချထားကာ အခက်အခဲတွေကို ကျော်လွှားနိုင်သူတွေဖြစ်ကြပါတယ်။

သင်က ဘေ့စ်ဂီတာကို အကြိုက်ဆုံးဆိုရင်
သင်က ဘေ့စ်ဂီတာတီးရတာ၊ ဘေ့စ်ဂီတာတီးတာကိုနားထောင်ရတာကို အလွန်အမင်းခုံမင်နေသူတွေဆိုရင် သင်ကပေါ့ပေါ့ပါးပါးနေရတာကို သဘောကျသူပါပဲ။ အခက်အခဲတွေနောက်ကိုလိုက်ပြီး ဖြေရှင်းနေမယ့် အစားရှောင်သွားလိုက်တာက ပိုအေးချမ်းတယ်လို့ လက်ခံထားတတ်ကြပါတယ်။ ဒါကြောင့် အခက်အခဲတွေကြုံတွေ့လာခဲ့ရင်လည်း စိတ်ပူပင်မှု၊ စိတ်လှုပ်ရှားမှုတွေနဲ့ ကြောက်ရွံ့မနေဘဲ စိတ်အေးချမ်းသာစွာ ကျော်လွှားနိုင်သူတွေပါ။ ဒီလိုတည်ငြိမ်တဲ့ စိတ်ထားတွေကြောင့် မိမိမှာရှိနေတဲ့ လိုအပ်ချက်တွေကို အလွယ်တကူတွေ့ရှိနိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top