Healthy Life Ad
Q & A

ရာသီမလာသော်လည်း ဆီးစစ်ကြည့်ရာ မျဉ်းတစ်ကြောင်းသာပေါ် . .

# ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည် ၊၊

မေး – ဆရာရှင့် . . ကျွန်မက အိမ်ထောင်သည်ပါ။ ဘာတားဆေးမှလည်း မစားပါဘူးရှင့်။ အရင်က ရာသီလာချိန် မှန်ပါတယ်ရှင့်။ ဒီလပိုင်းမှာ ရာသီလုံးဝ မလာတော့ဘူးရှင့်။ ဒါနဲ့ဆီးစစ်ကြည့်တော့လည်း မျဉ်းက တစ်ကြောင်းပဲ ပေါ်ပါတယ်။ မနေ့ညက ဆေးခန်းပြကြည့်တော့လည်း ဆရာဝန်ကထပ်စစ်ခိုင်းပါတယ်။ ဆရာဝန်စမ်းကြည့်တော့လည်း နုနေ သေးတော့ စမ်းလို့မရသေးဘူးလို့ ပြောပါတယ်။ အဲဒါ ဘာဆက်လုပ်ရမလဲ ဆိုတာလေး ပြောပြပေးပါရှင့်။
သန္တာဦး Fb

ဖြေ – အိမ်ထောင်သည် တစ်ယောက်က တားဆေးလည်း မစား၊ တခြား တားတဲ့နည်းတွေလည်း မလုပ်ဘဲ ရာသီရက်ကျော်ပြီဆိုရင် ကိုယ်ဝန်ကို ထိပ်ဆုံးက စဉ်းစားရပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက ဆီးစစ်လို့ ရပါတယ်။ ဆီးစစ်တဲ့အခါ ကိုယ်ဝန်ရှိနေရင် ဆီးထဲမှာ HCG ဟော်မုန်းများနေတတ်လို့ မျဉ်းနှစ်ကြောင်း ပေါ်တတ်ပါတယ်။ ဘယ်အချိန်လောက်မှာ ပေါ်တတ်သလဲဆိုတော့ ရာသီရက်ကျော်ပြီး ကိုယ်ဝန်ရှိနေပြီဆိုရင် အဲဒီ HCG ဟော်မုန်းများတယ်ဆိုတာ ပေါ်တတ်ပါတယ်။ ဒီလို မပေါ်သေးဘူးဆိုရင် ကိုယ်ဝန်ရှိတာ ဟုတ်ချင်မှ ဟုတ်ပါ့လိမ့်မယ်။ ခြွင်းချက်အနေနဲ့ ဆီးစစ်တာက မှားတာတော့ ရှိတတ်ပါတယ်။ မနက်အစောဆုံး သွားတဲ့ ဆီးကိုစစ်ဖို့ လိုပါတယ်။

နောက်တစ်ချက်အနေနဲ့ သိထားသင့်တာက တခြားရာသီမလာရတဲ့ အကြောင်းရင်းတွေ မျိုးစုံရှိပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ရာသီက တစ်ခါတလေ စိတ်ကြောင့် ပြောင်းလဲတတ်တယ်၊ စိတ်ဖိစီးမှု များတာ၊ စိတ်ထဲမှာ တစ်ခုခုကို ပူပန်စိုးရိမ်တာတွေကြောင့် ရာသီပျောက်တတ်သလို ကလေးအရမ်း လိုချင်နေပြန်ရင်လည်း ရာသီပျောက်တာမျိုး ရှိနေပြန်ရော။ တစ်ခါတလေကျရင် ဘာအကြောင်းကြောင့် မှန်းမသိဘဲ ရာသီပျောက်နေတတ်ပြန်တယ်။
ကိုယ်ဝန်တကယ်ရှိ၊ မရှိဆိုတာ ပထမဆုံး ဆီးစစ်ရင် ပေါ်မယ်၊ ပြီးတော့ ကိုယ်ဝန်ခြောက်ပတ် ရောက်လို့ အာထရာဆောင်းရိုက်ရင် ပေါ်နိုင်ပါတယ်။ အဲဒီတော့ ခဏစောင့်ကြည့်ဖို့ပဲ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top