Healthy Life Ad
Life Style

နိုးနေသော်လည်း အသိမရှိသူ . . . (Vegetative State Or Unresponsive Wakefulness Syndrome)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဒီနေ့ လူနာတွေကို Ward Round လှည့်ပတ်ကြည့်စဉ် ဆေးရုံတက်တာ ခြောက်လခန့်ကြာနေပြီဖြစ်တဲ့ လူနာဦးယုစွန်ကို ကြည့်မိရင်း အတွေးပေါင်းစုံတွေးမိ၊ ခံစားမိတာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ဘာကြောင့် ဘယ်လိုအတွေးတွေ တွေးမိလာရသလဲဆိုတာကို မပြောခင် ဦးယုစွန်ရဲ့အကြောင်းလေးတွေကို ဦးစွာမိတ်ဆက်ပေးပါရစေ။

ဦးယုစွန်က အသက် ၉၀ ကျော် ပိန်ပိန်ပါးပါး အရိုးပေါ်အရေတင်ပြီး အိပ်ရာထဲမှာလဲနေတဲ့ လူနာ တစ်ယောက်ပါ။ သားသမီးခြောက်ယောက်ရှိပေမယ့် အားလုံးနိုင်ငံခြားမှာ အခြေချနေထိုင်ကြပြီး အဆင် ပြေနေကြပါတယ်။ ဇနီးကလည်း ကျန်းမာပေမယ့် အသက်ကြီးနေလို့ ခင်ပွန်းလူမမာကိုမပြုစုနိုင်ပါဘူး။

ဒါကြောင့် ဦးယုစွန်ကိုအိမ်မှာအကူသူနာပြု(Nurse-Aid)နှစ်ဦးနဲ့ နေ့ရောညပါ ပြုစုထားရပါတယ်။ ဒီတစ်ခါ ဆေးရုံ ပြန်တက်လာရတာကလည်း အစာသီးလို့ အဆုတ်ရောင်ပြီး အမောဆို့တာအပြင် ဆီးပိုးဝင်လို့ဖျားတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်ပဲဖြစ်ပါတယ်။

ဦးယုစွန်က လေဖြတ်ထားတာ နှစ်ခါရှိပြီး ဒီပြဿနာမျိုး ခဏခဏဖြစ်ဖူးနေတာ တစ်နှစ်လောက်ရှိနေပါပြီ။ တစ်ခါတစ်ရံလည်း ဝက်ရူးပြန်သလို တက်တတ်ပါသေးတယ်။ အခုတော့ ဆေးရုံမှာကုသပြီး သက်သာလို့ ဆေးရုံဆင်းလို့ ရနေပါပြီ။ ဒါပေမဲ့ အဝေးမှာနေတဲ့ သားသမီးတွေရဲ့ဆန္ဒအရ ဆေးရုံကို ခဏခဏပြန်တက် နေရတဲ့ ပြဿနာအေးသွားအောင် ဆေးရုံမှာလနဲ့ချီပြီး တင်ထားလိုက်ရတာပဲဖြစ်ပါတယ်။

ဦးယုစွန်ရဲ့ သားသမီးတွေက ဖခင်အနားမလာနိုင်တော့ (သားသမီးတာဝန်မကျေတဲ့ ခံစားချက်မဖြစ်ရလေအောင်) ငွေအင်အားတွေ ပိုပြည့်စုံအောင် ဖြည့်ဆည်းထားကြလို့ ဦးယုစွန်တစ်ယောက် အဆင့်မြင့်မြင့် အကောင်းဆုံးကုထုံးတွေ ရရှိနေပြီး အသည်းအသန်ဖြစ်တိုင်း အသက်လုပြီး ကယ်နိုင်လို့ ဆက်လက်ရှင်သန်ခွင့် ရနေသူ တစ်ဦးပင်ဖြစ်ပါတယ်။ ဒါဟာ ဦးယုစွန်ကံကောင်းတာလား၊ ကံမကောင်းတာလား မပြောတတ်တော့ ပါဘူး။

သူ အိပ်ချိန်တန်ရင် အိပ်တယ်၊ နိုးချိန်တန်ရင် မျက်စိပွင့်နေတယ်။ ဒါပေမဲ့ သူ့မျက်စိက တစ်နေရာထဲစိုက်ပြီး ကြည့်နေတတ်ပါတယ်။ ဘယ်သူ့ကိုမှ လိုက်မကြည့်ဘူး၊ တစ်ခါတစ်ရံ သူ့မျက်စိရွေ့လျားတာ ရှိပေမယ့် ရည်ရွယ်ချက် မရှိပါဘူး . . .

ဦးယုစွန်ရဲ့ အခြေအနေကို ပြောရရင်တော့ သူဟာ အိပ်ရာထဲမှာလဲလျောင်းနေတယ်၊ ထားတဲ့ အနေအထား မှာပဲ နေတယ်၊ တစ်ကိုယ်လုံး တုတ်တုတ်မျှမလှုပ်နိုင်ပါဘူး၊ တောင့်တင်းနေတဲ့ အနေအထားမှာ အမြဲ ရှိနေပါတယ်။ ဒါပေမဲ့ သူအိပ်ချိန်တန်ရင် အိပ်တယ်၊ နိုးချိန်တန်ရင် မျက်စိပွင့်နေတယ်။

ဒါပေမဲ့ သူ့မျက်စိက တစ်နေရာထဲ စိုက်ပြီး ကြည့်နေတတ်ပါတယ်။ ဘယ်သူ့ကိုမှ လိုက်မကြည့်ဘူး၊ တစ်ခါတစ်ရံ သူ့မျက်စိ ရွေ့လျားတာ ရှိပေမယ့် ရည်ရွယ်ချက်မရှိပါဘူး၊ လိုက်ကြည့်နေတာလည်း မဟုတ်ပါဘူး။ သူကရော သူ့ပတ်ဝန်းကျင်ကို သိနေသလား၊ မသိနေဘူးလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

သူအသက်မှန်မှန် ရှူတယ်၊ ချောင်းဆိုးတာလည်း ရှိတတ်တယ်၊ ဝမ်းသွားတယ်၊ ဆီးပေါက်တယ်၊ အစာကို ပါးစပ်က ကျွေးတာသီးလို့ အစာတွေ အဆုတ်ထဲရောက်သွားလို့ အချွဲထ၊ မောကျပ်ပြီး ဖျားတာ မကြာခဏ ဖြစ်နေလို့ အခုတော့ Nasogastric Tube လို့ခေါ်တဲ့ နှာခေါင်းကနေ အစာအိမ်ထဲအထိ သွင်းထားတဲ့ အစာပိုက်နဲ့ အရည်ပြစ်ပြစ်တွေပဲ ကျွေးနေရပါတယ်။

တစ်ခါတစ်ရံသွင်းတာ သိပ်မြန်ရင်၊ များသွားရင် အန်ထုတ်ပစ် တတ်တယ်။ စားချင်တယ်၊ မစားချင်ဘူး၊ အန်ချင်နေပြီလို့လည်း မပြောတတ်တော့ အချိန်တန်ရင် တွက်ချက်ပေးထားတဲ့အတိုင်း သူနာပြုတွေက ထည့်ပေးနေတော့ အန်ထွက်တာလည်း ရှိတာပေါ့။

ဆီးကလည်း ဆီးပိုက်မရှိရင် ပေါက်ချမယ်၊ ဆီးတွေ ဆီးအိမ်မှာ ကျန်ကျန်နေပြီး ဆီးဟောင်းတွေ အိုင်နေလို့ ပိုးခဏခဏဝင်ပြီးဖျားလို့ ဆီးပိုက်ကို အမြဲတပ်ထားလိုက်ရပါတယ်။ ဆီးပိုက်ကို ၂-၃ပတ် မှာ တစ်ခါ အသစ်လဲပေးနေရပါတယ်။ ဒါတွေအားလုံး ပိုးသန့်အောင်လည်း ဂရုစိုက်နေရပါတယ်။ ဒီကြားထဲ တစ်ခါတစ်ရံ အဖျားတက်တတ်ပါသေးတယ်။ သိပ်တော့ ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ပိုးသတ်ဆေးအကောင်းစားတွေ သုံးလိုက်ရင် သိပ်မကြာခင် ပြန်ကောင်းသွားတာပါပဲ။

သူ့ကို ဆေးထိုးအပ်နဲ့ ထိုးနေရင်လည်း မနာတတ်ပါဘူး၊ မျက်နှာရှုံ့တာ၊ လက်ဖယ်ပစ်တာတွေ မရှိပါဘူး။ သူကော မနာတတ်ဖူးလား၊ ဒါမှမဟုတ် နာပေမယ့် မတုံ့ပြန်နိုင်တာလား . . ဘယ်သူမှမသိနိုင်ပါဘူး။

တကယ်တော့ ဦးယုစွန်တစ်ယောက်ဟာ နိုးနေသော်လည်း အသိမရှိ တုံ့ပြန်မှုဘာမှမရှိတဲ့ (Wakeful Without Awareness or without Responsiveness) “Vegetative State (VS)” ဖြစ်နေတဲ့ လူသားတစ်ယောက်ပဲ ဖြစ်နေပါတယ်။  ဒီလို VS လူနာတွေကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မယ်၊ အာဟာရပြည့်စုံအောင် ကျွေးနေမယ်ဆိုရင် သက်တမ်းအရှည်ကြီး ဆက်လက်နေနိုင်ကြပါတယ်။

ဒီနေရာမှာ “Vegetative State (VS)” ဆိုတဲ့ နိုးကြားနေသော်လည်း အသိမရှိ၊ တုံ့ပြန်မှုမရှိတဲ့ အခြေအနေကို ပိုပြီးသိမြင်နားလည်နိုင်အောင် အနည်း ငယ်ရှင်းပြချင်ပါတယ်။ ဒါပြီးမှ ဦးယုစွန်ရဲ့အကြောင်းလေးကို ဆက်ပြီးဖော်ပြသွားပါမယ်။

သတိရှိခြင်း (Consciousness)ကို နိုးကြားခြင်း (Wakefulness)နဲ့ သိခြင်း (Awareness) ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ အပြည့်အဝ သတိရရှိခြင်းအတွက် နိုးကြားခြင်းကော သိခြင်းပါ နှစ်မျိုးစလုံး ပြည့်စုံဖို့ လိုအပ်ပါတယ်။

နိုးကြားခြင်း (Wakefulness)ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ကလာပ်စည်း (Neurone)နဲ့ ဆက်သွယ်မှုကွန်ရက် (Circuit)တွေဟာ ဦးနှောက်ရဲ့ သီးခြား အပိုင်းတစ်နေရာမှာ တည်ရှိနေပြီး သိခြင်း (Awareness)ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ကလာပ်စည်း (Neurone)နဲ့ ဆက်သွယ်မှုကွန်ရက် (Circuit)တွေဟာ ဦးနှောက်ရဲ့ တခြားတစ်နေရာမှာတည်ရှိပါတယ်။ တစ်နေရာစီမှာရှိပြီး ဒီနှစ်ခု ဆက်သွယ်မှုရှိမှ အပြည့်အဝ သတိရရှိမှုရှိနေမှာ ဖြစ်ပါတယ်။

အသိရှိခြင်းနှင့် နိုးကြားခြင်း

နိုးကြားခြင်းကို အဓိကတာဝန်ယူနေတဲ့ ဦးနှောက်အစိတ်အပိုင်းကတော့ Reticularactivating System (RAS)လို့ ခေါ်တဲ့ အပိုင်း (ပုံ)ဖြစ်ပြီး ဦးနှောက်ရဲ့ အညှာတိုင် (Brain Stem)မှာ တည်ရှိပါတယ်။ အဲဒီနေရာကနေ လှုံ့ဆော်မှု (Stimulus)တွေကို ဦးနှောက်ရဲ့ တခြားနေရာအနှံ့ဆီကိုဖြန့်ပြီး ပို့လွှတ်လိုက်မှ Awareness ဆိုတဲ့ သိရှိခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဥပမာ RAS က နိုးလာပြီဆိုရင် လှုံ့ဆော်မှုကို တခြားဦးနှောက်နေရာတွေကို ပို့ပေးလိုက်ရင် မျက်စိပွင့်လာပါတယ်။ ဒါကြောင့် သူ့ဘာသာသူ မျက်စိဖွင့်တာ ဒါမှမဟုတ် လှုံ့ဆော်မှု တစ်ခုပေးလိုက်တာနဲ့ မျက်စိပွင့်တာဟာ RAS အလုပ် လုပ်နေတယ်၊ ကောင်းနေတယ်လို့ ယူဆရတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

“Coma” သတိလစ်သူတွေရဲ့ သတိရှိခြင်း၊ မရှိခြင်းကို တိုင်းတာရင် မျက်စိဖွင့်၊ မဖွင့် လှုံ့ဆော်မှုကိုကြည့်ပြီး တိုင်းတာပါတယ်။ ဒါပေမဲ့ “နိုးကြား”ပြီး မျက်စိပွင့်နေတာ တစ်ခုတည်းနဲ့ လူနာသတိရှိနေတယ် (Conscious  ဖြစ်နေတယ်) လို့လည်း ပြောလို့မရပြန်ပါဘူး။ Awareness ဆိုတဲ့ အသိရှိခြင်းပါ ပါမှသာ သတိရှိတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။

ဦးနှောက်ကနိုးကြားခြင်း အရင်ဆုံးရှိရပါမယ်၊ နိုးရင်လည်း အသိရှိရပါမယ်၊ ဥပမာ ခေါ်ရင် ကြားတာ၊ ကြည့်ရင် မြင်တာ၊ အပ်နဲ့ ထိုးရင် နာတာ၊ နာတဲ့ လက်ကိုဖယ်ရှားပစ်တာ ရှိရပါမယ်။ ဒီလို တုံ့ပြန်မှု ရှိ၊ မရှိကြည့်ပြီး သတိရှိခြင်း (Awareness) ကို တိုင်းရပါတယ်။ တုံ့ပြန်မှုမှာ ခံစားချက်၊ ကျွမ်းကျင်မှု၊ မှတ်ဉာဏ်တွေ စသဖြင့် ရှိမှ အရည်အချင်း ပြည့်ဝတဲ့ တုံ့ပြန်မှုရှိတယ်၊ အပြည့်အဝ သတိရတယ်လို့ ဆိုနိုင်ပါတယ်။ သူငယ်ပြန်သူ (Dementia ဖြစ်သူ) တွေမှာ အဆင့်မြင့်တဲ့ သိခြင်းတွေလျော့သွားပါတယ်။

Most Popular

Healthy Life Ad
To Top