မေး. ရွှေသွားအစွပ်စွပ်ထားတာပါ။ အဲဒီရွှေရောင်ကို မကြိုက်တော့လို့ဖယ်ချင်ပါတယ်။ ဘယ်လိုလုပ်လို့ရပါသလဲ။
ဦးသစ်လွင်၊ အလုံ။
ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးသည်။
ဖြေ. အရင်တုန်းကရွှေသွားကို လှတယ်ထင်ပြီးလုပ်ကြတယ်။ ဒီနေ့ခေတ်မှာကျတော့ရွှေသွားက သဘာဝသွားနဲ့မတူဘူး၊ ပြူးတူးပြဲတဲဖြစ်နေမယ်၊ အဲဒီတော့သွားရဲ့ သဘာဝအရောင်အတိုင်း သွားစွပ်ပေးကြပါတယ်။ လှအောင်စွပ်တာမျိုးမဟုတ်ပါဘူး၊ သွားပိုးစားနေတယ်၊ သွားကြားထဲမှာမည်းနေတယ်၊ သွားဖာရုံနဲ့ဆိုရင် ခဏခဏပြုတ်ထွက်တတ်တယ်ဆိုတဲ့အခါ သွားအစွပ်စွပ်ပေးရပါတယ်။ အဲဒီလိုစွပ်ရင် သွားအရောင်အတိုင်းစွပ်ပေးပါတယ်။
အဲဒီတော့ သွားရဲ့အလှမပျက်စီးတော့ပါဘူး။ အရင်စွပ်ထားတဲ့ရွှေသွားကို သဘာဝသွားအတိုင်း လုပ်လို့ရသလားဆိုတာသိချင်ရင် သွားဆရာဝန်နဲ့ တိုင်ပင်ပြသလိုက်ပါ၊ လုပ်လို့ရတယ်ဆိုရင် သွားအလှမပျက်ဘဲ အဆင်ပြေသွားမှာဖြစ်ပါတယ်။