Healthy Life Ad
Health Tips

ကင်ဆာလူနာ သက်ရှည်ကျန်းမာခြင်းအပေါ် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၏ အမြင်

ဒေါက်တာဦးအုန်းကျော်
စိတ်ကျန်းမာရေးဆရာဝန်ကြီး (အငြိမ်းစား) မှဖြေကြားသည်

ကင်ဆာရောဂါရှင်ဟာ ကုသမှုကိုလက်မခံငြင်းဆန်တဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။

(၁) ရောဂါနှင့်ကုသမှုအကြောင်းကို ရှင်းရှင်းလင်းလင်း နားမလည်ခြင်း

ကင်ဆာရောဂါကုထုံးကြောင့် ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို မခံစားလိုတာ၊ ရောဂါကုထုံးတွေရဲ့ ကုသနိုင်မှုစွမ်းရည်ကို သံသယရှိတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဆရာဝန်၊ သူနာပြုတွေက လူနာနဲ့တစ်ဦးချင်း တွေ့ဆုံပညာပေးဖို့ လိုပါတယ်။

(၂) မိသားစုအတွင်း ပြဿနာရှိခြင်း၊ မိသားစုဆွေမျိုးများနှင့် နားလည်မှုမရှိခြင်း

မိသားစုဝင်တွေက မိမိကိုမလိုလားဘူးလို့ ယူဆနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးရှိရင် မိသားစုကူညီပံ့ပိုးညွှန်ပြပေးတဲ့ ကုထုံး (Family Counselling) နဲ့ ကူညီနိုင်ပါတယ်။

(၃) စိတ်အားငယ်ခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးသကဲ့သို့ ခံစားရခြင်း

တချို့လူနာတွေက စိတ်အားငယ်တာ၊ မျှော်လင့်ချက်ကုန်ဆုံးသလို ခံစားရတာ၊ ကင်ဆာရောဂါရှိနေတာကို ငြင်းဆန်တာတို့ ရှိတတ်ပါတယ်။ ပညာပေးဖျောင်းဖျခြင်း၊ တွေးတောဆင်ခြင်စဉ်းစားပုံကို ပြုပြင်ခြင်းစတဲ့ စိတ်ကုထုံးကုနည်းကို အသုံးပြုကူညီနိုင်ပါတယ်။

(၄) စိတ်ကျန်းမာရေး ပြဿနာရှိခြင်း

တချို့လူနာတွေမှာ ပြင်းထန်တဲ့စိတ်ကျရောဂါ၊ ကယောင်ကတမ်းရောဂါ၊ သူငယ်ပြန် ဉာဏ်ရည်ကျဆင်းရောဂါ (Dementia) ဒါမှမဟုတ် စိတ္တဇရောဂါ (Psychosis) ရှိနေနိုင်ပါတယ်။ အဲဒီလိုပြင်းထန်တဲ့ စိတ်ရောဂါတစ်ခုခုကြောင့် ငြင်းဆန်နေရင် သက်ဆိုင်ရာရောဂါကို ကုသပေးဖို့လိုအပ်ပါတယ်။

(၅) ယုံကြည်မှုပေါ်အခြေခံပြီး ကုသမှုငြင်းဆန်ခြင်း

တချို့လူနာတွေကတော့ ကင်ဆာရောဂါရဲ့ ကုသမှုတွေကိုလည်း နားလည်တယ်၊ မိသားစုဝင်တွေနဲ့လည်း ပြဿနာမရှိဘူး၊ စိတ်ရောဂါလည်း မရှိဘူး၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ စိတ်အခြေအနေလည်း ရှိတယ်၊ ဒါပေမဲ့ မိမိယုံကြည်မှု၊ တန်ဖိုးထားမှုနဲ့ လောကအမြင်ပေါ်မူတည်ပြီး ကုသမှုကိုငြင်းဆန်တာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ကျန်းမာရေး ဆေးပညာရှုထောင့်က ကြည့်ရင်တော့ ဆေးကုသမှုကိုငြင်းဆန်သူဟာ အဲဒီအချိန်မှာ ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိနိုင်ခြင်း ရှိ၊ မရှိနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ စိတ်အခြေအနေ ရှိ၊ မရှိကို စစ်ဆေးရပါမယ်။ စိတ်ရောဂါတစ်ခုခုကြောင့် သိရှိနားလည်ဆုံးဖြတ်နိုင်စွမ်းရည် ချို့တဲ့နေရင် မိသားစုဝင်တွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်ပါတယ်။

နံပါတ်စဉ် (၅) အမျိုးအစားမှာပါဝင်နေတဲ့ လူနာတွေအတွက်တော့ သူတိုရဲ့ဆုံးဖြတ်ချက်ကို ပတ်ဝန်းကျင်က လေးစားရမှာဖြစ်ပါတယ်။ ကာယကံရှင်ဟာ ကျန်ရှိနေသေးတဲ့ သက်တမ်းကလေးမှာ အရည်အသွေးရှိတဲ့ဘဝမျိုးနဲ့ နေသွားချင်ပါတယ်။ ဒီဘဝမှာအတတ်နိုင်ဆုံး အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ချင်ပါတယ်။ နောင်တမလွန်ဘဝအတွက် ကုသိုလ်ကောင်းမှုကိုလည်း ပြုလုပ်ချင်ပါတယ်။ ပတ်ဝန်းကျင်က သူတိုရဲ့ဆန္ဒအတိုင်း ကူညီပံ့ပိုးပေးနိုင်ပါတယ်။

ကင်ဆာရောဂါရှင်တချို့ဟာ ဆရာဝန်တွေထင်မှတ်ထားတာထက် သက်တမ်းရှည်ရှည် နေထိုင်သွားရပါတယ်။ လူနာတစ်သိန်းမှာ တစ်ယောက်နှုန်းက ကင်ဆာရောဂါအလိုအလျောက် ပျောက်ကင်းသွားတယ်လို့ ဖတ်လိုက်ရပါတယ်။ ‘ကိုယ်ခံအားအင်္ဂါစု’ (Body Immune System) ရဲ့စွမ်းအင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို လေ့လာနေကြပါတယ်။

Most Popular

Healthy Life Ad
To Top