Healthy Life Ad
Life Style

ဆီးချိုရောဂါက သူဌေးရောဂါလား (၃)

ပါမောက္ခဒေါ်သန်းသန်းအေး
(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ဘယ်အရွယ်က စလုပ်ရမလဲ
မျိုးရိုးဗီဇဆိုတာ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေတည်စဉ်ကတည်းက ခန္ဓာကိုယ်ထဲမှာ ရှိနေပြီးသားဖြစ်လို့ ဒီမိဘကမွေးဖွားလာရင် ဒီမျိုးရိုးကိုဖျောက်ဖျက်ပစ်လို့ မရပါဘူး။

နို့စို့အရွယ်၊ လသားအရွယ်ကစတင်ပြီး သတိထားရမယ်။ ကလေးအဝမလွန်အောင် သင့်တင့်တဲ့အစာနဲ့ ကြီးထွားမှုအတွက်လိုအပ်တဲ့ ပမာဏခန့်သာ ကျွေးရမယ်။ စားစေချင်လို့၊ ဖွံ့ပြီးထွားစေချင်လို့ဆိုပြီး စားချင်တိုင်းပေးစားတတ်တဲ့ အလေ့အကျင့်ကို သတိထားပြီးရှောင်ကျင်ဖို့ လိုပါတယ်။ အဝလွန်တာက ငယ်ရွယ်စဉ်ကတည်းက အစပျိုးလာခဲ့ရင် ပြန်ပြင်ဖို့ပိုခက်ပါတယ်။ ကြီးကောင်ဝင်ဆယ်ကျော်သက်မှာ အဝလွန်တာ စဖြစ်တတ်ပါတယ်။ ဝတာ၊ များများစားတာ၊ အချိုရည်တွေ၊ သရေစာစာတွေစားတာက ခန္ဓာကိုယ်ထဲကို ကယ်လိုရီအပိုတွေ သွတ်သွင်းနေတာနဲ့တူပါတယ်။ ဒါတွေကို ကျောင်းသင်ခန်းစာတွေ၊ ကလေးကာတွန်းစာအုပ်တွေ၊ စာစောင်ဂျာနယ်တွေမှာထည့်ပြီး ပညာပေးဖို့လိုပါတယ်။ သိရှိပြီး၊ ယုံကြည်ပြီး၊ လိုက်နာကျင့်သုံးပြီး အလေ့အကျင့်သဖွယ် ဖြစ်သွားစေသင့်ပါတယ်။ (Knowledge Attiatude Practice)

စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကလည်း ဝလွန်းတဲ့ကလေးတွေကြီးလာရင် ဆီးချို၊ သွေးတိုးနဲ့နှလုံးရောဂါ စောစောဖြစ်လာနိုင်ဖွယ်ရှိမှန်း ဦးစွာသိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာ၊ ပြေးလွှားကစားတာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထဖြစ်တာကိုသိရှိစေဖို့ ကျောင်းသားတွေကို မသိမသာထည့်သွင်းပြောကြားနေပေးဖို့ လိုပါတယ်။ ခဏခဏပြောရင် ကလေးတွေနားထဲ၊ စိတ်ထဲမှာ စွဲသွားစေနိုင်ပါတယ်။ ကျောင်းမှာကစားချိန်နဲ့ လေ့ကျင့်ခန်းစုပေါင်းလုပ်ချိန်ကို သီးသန့်ချန်ထားပေးရပါမယ်။ ကလေးငယ်တွေ ကွန်ပျူတာဂိမ်းကစားတာ၊ ဖေ့စ်ဘုတ် (Facebook) ကြည့်တာတွေလျော့လာစေဖို့ လုပ်ဆောင်ပေးရပါမယ်။ ဒီလို ကာကွယ်တဲ့အဆင့်တွေက တစ်ဦးချင်းမဟုတ်ဘဲ နိုင်ငံတော်အဆင့် ဥပမာ-ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီးပြုလုပ်ပေးဖို့ လိုပါတယ်။ ငယ်စဉ်ကစပြီး သိရှိရမယ်၊ နားလည်ယုံကြည်ရမယ်၊ ဒါမှသာ စွဲစွဲမြဲမြဲလက်တွေ့လိုက်နာ ကျင့်သုံးလာကြမှာဖြစ်ပါတယ်။

ကလေးဘဝ၊ လူငယ်ဘဝကျော်လွန်ပြီးရင် အလုပ်တွေလုပ်ရတဲ့ လူလတ်ဘဝ၊ ကလေးမွေးတဲ့ အိမ်ရှင်မဘဝ၊ အသက် ၄၀ ကျော် ၅၀ ပိုပြီး ဝလာကြတဲ့အရာရှိဘဝတွေ၊ ဦးဆောင်ပြီးညွှန်ကြားခိုင်းစေရတဲ့ ဘဝ၊ ငယ်စဉ်ကလောက် လှုပ်ရှားမှုသိပ်မရှိတော့တဲ့ဘဝ၊ အသက် ၆၀ ကျော် ပင်စင်ယူတဲ့ဘဝ၊ ၇၀ ကျော် သက်ကြီးရွယ်အိုဘဝ . . ဒီဘဝအဆင့်ဆင့်တိုင်းမှာ ဆီးချိုရောဂါပိုပြီးဖြစ်ဖို့ အလားအလာတွေ ရှိနေကြပါတယ်။ ဒါကြောင့် အရွယ်မရွေးအားလုံး ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ပါတယ်။ လူတိုင်းသတိနဲ့ နေထိုင်စားသောက်ကြဖို့ လိုအပ်ပါတယ်။

ဆီးချိုရောဂါမဖြစ်အောင် အစောဆုံးကာကွယ်ထားနိုင်မယ်ဆိုရင် ဆီးချိုသွေးချို ထိန်းသိမ်းကုသစရိတ်သာမက နောက်ဆက်တွဲရောဂါတွေ ကုသရမယ့်စရိတ်တွေပါ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဒါကို တရုတ်ပြည်မှာပြုလုပ်ထားတဲ့ သုတေသနတစ်ခုက သက်သေပြထားပါတယ်။ ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသူတွေကို ကောင်းမွန်တဲ့စားသောက်နေထိုင်မှုပုံစံ (Lifestyle) တွေ ပြုပြင်ပေးထားတယ်၊ ကိုယ်အလေးချိန် လျော့စေတယ် . . ဒါတွေကို တာရှည်လုပ်ဖြစ်နေဖို့လည်း စဉ်ဆက်မပြတ် တွေ့ဆုံပညာပေးပါတယ်။ ၆ နှစ်ကြာတဲ့အခါ ဒီလိုပြုပြင်ပေးထားတဲ့ လူအုပ်စုတွေက ဒီအတိုင်းဘာမှမပြုပြင်ဘဲ လွှတ်ထားတဲ့လူတွေထက် ဆီးချိုသွေးချိုရောဂါမဖြစ်အောင် သုံးယောက်မှာနှစ်ယောက်ကို တားထားလို့ရခဲ့တာကို သက်သေသာဓကအဖြစ် ပြသနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ တော်ရုံနဲ့မလွယ်ပေမယ့် ကုန်ကျစရိတ်နည်းပြီး ထိရောက်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး ပြုလုပ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်နည်းပေမယ့်လည်း “အချိန်” နဲ့ “ပင်ပန်းမှု” ကိုတော့ အရင်းတည်ပေးဆပ်ထားရမှာ ဖြစ်ပါတယ်။ ဒါတွေ သီးသန့်မလုပ်နိုင်ရင်တောင် နေ့စဉ်အလုပ်လုပ်စဉ်မှာ လှုပ်ရှားမှုပိုလုပ်ဖြစ်အောင် ဖန်တီးပေးထားရပါမယ်။ ဥပမာ ဓာတ်လှေကားမသုံးဘဲ လှေကားကနေတက်မယ်၊ ထိုင်ခုံမှာထိုင်တဲ့အချိန်တွေ လျှော့မယ်၊

ခေတ်မီတဲ့ အလိုအလျောက်စနစ်(Automatic) တွေဟာ ဇိမ်ကျပေမယ့် တကယ်တမ်းမှာတော့ ကျန်းမာရေးနဲ့ သိပ်မညီညွတ်ပါဘူး။ ဥပမာ – အဝေးထိန်းခလုတ်၊ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက် စတာတွေဖြစ်ပါတယ်။

ဒီကာကွယ်နည်းဟာ စရိတ်အနည်းဆုံးနဲ့ ထိရောက်တဲ့အတွက် ဖွံ့ဖြိုးဆဲငွေကြေးဆင်းရဲတဲ့နိုင်ငံတွေမှာ အထူးသဖြင့် အသုံးပြုဖို့လိုအပ်ပါတယ်။

ဒီကာကွယ်နည်းစနစ်ဟာ ဆီးချိုသွေးချိုရောဂါသာမကဘဲ ကိုယ်အလေးချိန်ဝတာကို လျော့စေတယ်၊ နှလုံးရောဂါနဲ့ တချို့ကင်ဆာရောဂါတွေကိုလည်း လျော့ကျစေတဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကာကွယ်ခြင်း
(Secondary Prevention)

ဒီအဆင့်မှာ ဆီးချိုသွေးချိုရောဂါကို ဖြစ်ပြီးချိန်ကစပြီး ကာကွယ်တာဖြစ်ပါတယ်။

(၁) စောစောသိအောင်လုပ်ပြီး စောစောစတင်ကုသခြင်းနဲ့

(၂) ဆီးချိုသွေးချိုရောဂါကုသရာမှာလည်း (Diabetes Care) ဆီးချိုထိန်းသိမ်းရေးကို ပြည့်စုံအောင်ထိရောက်အောင် ပြုလုပ်ပေးခြင်းဖြင့် နောင်မှာငွေအကုန်အကျ အလွန်များမယ့်နောက်ဆက်တွဲရောဂါတွေ မဝင်ရောက်အောင် ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ အရည်အသွေးပြည့်ဝတဲ့ ဘဝ(Good quality of life) နဲ့ ရှင်သန်နေနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top