Healthy Life Ad
Child

မေမေနဲ့သား . . ပြန်ဆုံပြီလေ . .

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ဒီနေ့အတွက် မတိုးဈေးရောင်းရပေမယ့် မရွှင်နိုင်၊ တကယ်ဆို တွေးကြည့်ရင် ဝမ်းသာစရာကိစ္စတွေချည်းပဲမဟုတ်လား . . ဈေးရောင်းကောင်းတယ်ဆိုတာ လာဘ်လာဘရွှင်တာ၊ ဗိုက်ထဲမှာ ရင်သွေးလေးရှိနေပြီဆိုတာ ရတနာ. . မတိုးသာ ငွေကြေးဥစ္စာ ချမ်းသာ ကြွယ်ဝသူဖြစ်ခဲ့ရင် . . သားရွှေအိုးထမ်းလာတဲ့ သဘောပဲ . . ဒါပေမဲ့ မတိုးတို့ဘဝမှာတော့ . . ဒီ ကိစ္စက ပျော်စရာမဟုတ်တော့ မပျော်နိုင် . . မပျော် တဲ့အပြင် မှိုင်တောင်မှိုင်နေတယ်။

” မတိုးရယ် . . ညည်းမလည်း တစ်နေ့တစ်နေ့ စိတ်ညစ်စရာပဲတွေးနေတယ်၊ ဈေးရောင်းကောင်းတဲ့ နေ့လေးတော့ ပျော်ပျော်နေမှပေါ့ . . ဘာလဲ ညည်းအမေ နေမကောင်းဖြစ်ပြန်ပြီလား . . ဒါမှမဟုတ် ရင်ထွေး ညက မူးလာပြီး ညည်းကို ရိုက်ပြန်သလား ”

ပဲပြုတ်သည် ဒေါ်မေလှမေးတော့ မတိုးစိတ်ပျက်လက်ပျက် ရယ်လိုက်မိတယ်။

” ဟုတ်ပါတယ် . . အဒေါ်ရယ် . . တကယ်ဆို ကျွန်မပျော်ရမယ့်အချိန်ပါ၊ အမေက ဒီနေ့တော့ နေကောင်းပါတယ်၊ ကိုရင်ထွေးကတော့ ထုံးစံအတိုင်း အသောက်မပျက်ပါဘူး၊ ကျွန်မကိုယ်ဝန်ရှိနေလို့ စိတ်ညစ်နေရတာ အဒေါ်ရဲ့ ”

” ဟဲ့ . . ဟုတ်လား . . ကလေးမရအောင် ညည်းကတားမထားဘူးလား၊ ညည်းမှာ အမေအိုကြီးက တစ်ဖက်၊ ကလေးနှစ်ယောက်ကတစ်ဖက်နဲ့ . . ဒီ ခေတ်ကြီးထဲ ကလေးတစ်ယောက်မွေးရတာထက် ကျွေးရတာလွယ်မှတ်လို့အေ . . ငါတို့ခေတ်တုန်းက နဲ့များကွာပ . .”

မတိုးသက်ပြင်းမောတစ်ချက်ပဲ ချလိုက်မိတယ်။

” ကလေးမရအောင် သုံးလခံဒက်ပိုဆိုလား၊ ဘာဆိုလား . . ထိုးတာပဲ . . အလုပ်က များလွန်းတော့ ရက်ကျော်သွားတာ ကျွန်မလည်း သတိမရလိုက်ဘူး . . စိတ်ညစ်ပါတယ် အဒေါ်ရယ် ”

ပန်းနာရင်ကျပ်ရောဂါရှိတဲ့ အမေအိုကြီးကတစ်ဖက်၊ လေးနှစ်အရွယ်နဲ့ နှစ်နှစ်အရွယ်ပဲ ရှိသေးတဲ့ လူမမည်ကလေးနှစ်ဦးက တစ်ဖက် . . ပြန်တွေးကြည့်လိုက်တော့ အရက်သမား ကိုရင်ထွေးက တစ် ဖက် . . ကဲ . . ရလာမှတော့လည်း မွေးရပေတော့မပေါ့၊ သားသမီးဆိုတာ ရလာမှတော့မွေးဖို့ပဲလေ. . ဒီလိုနဲ့ ဈေးရောင်းလိုက်၊ အမေအိုကြီးကို ပြုစုလိုက်၊ ကလေးတွေကို ထိန်းကျောင်းကျွေးမွေးလိုက်လုပ်ရင်း မတိုးကိုယ်ဝန်က မွေးခါနီး ရက်စေ့လစေ့ဖြစ် လာခဲ့တော့တယ်။

” ကျွန်မက ဗဟိုအမျိုးသမီးဆေးရုံမှာ သွားမွေးမှာ . . ကျွန်မ မရှိတုန်း အမေနဲ့ ကလေးတွေကို ခဏစောင့်ရှောက်ပေးပါဦး ” ဆိုပြီး အိမ်နီးနားချင်းတွေကို တဖွဖွမှာကာ အကြီးအကျယ် ဗိုက်နာတာနဲ့ ဗဟိုအမျိုးသမီး ဆေးရုံ (ရန်ကုန်)ကို မတိုး ရောက်လာခဲ့တယ်။ ဆေးရုံမှာ လိပ်စာဖြည့်ရတဲ့အခါ အခုနေတဲ့ အိမ်ကလည်း ငှားနေတာပဲဆိုတော့ အစ်မတစ်ဝမ်းကွဲ မမြင့်ဝေရဲ့ လိပ်စာကိုပဲ အလွယ်ပေးလိုက်တော့တယ်။ ဒီဆေးရုံမှာက မတိုးတို့လို သားဖွားမိခင်တွေ အတွက် အစစအရာရာ အခမဲ့ဖြစ်တဲ့အပြင် အိမ်က ထမင်းဟင်း မပို့နိုင်တဲ့ မတိုးလို လူနာတွေအတွက် ထမင်းဟင်း အလကား စားရတယ်လေ။

တစ်မနက်လောက် လူးလှိမ့်အော်ဟစ်ပြီး မတိုး သားလေး တစ်ယောက်ကို ချောချောမောမော မွေးဖွားနိုင်ခဲ့တော့တယ်။ မမွေးခင် ခံစားခဲ့ရတဲ့ မတိုးရဲ့ နာကျင်မှု ဝေဒနာအားလုံးဟာ သားလေးမွေးပြီးတာနဲ့ ယူပစ်လိုက်သလို ပျောက်သွားပေမယ့် သားလေးကိုတော့ အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ပြုစုရတယ်။

ဆရာဝန်ကြီးတွေ၊ သူနာပြုဆရာမကြီးတွေက သေချာရှင်းပြပေမယ့် မတိုး ဘာကိုမှ နားမလည်။ သားလေး နေမကောင်းလို့ ခဏတာ အထူးပြုစုဖို့ လိုတယ်ဆိုတာလောက်ပဲ မတိုး နားလည်တယ်လေ။ ခက်တာက ဒီသားကလေး နေကောင်းလာတဲ့အထိ ဆေးရုံမှာ မတိုးနေလို့မရ။ ဒေါ်မေလှက ဆေးရုံ လာတွေ့ပြီး ” ညည်းသားလေး ခဏထားခဲ့ပေါ့၊ သူနေကောင်းမှ လာပြန်ခေါ်လည်းရတာပဲ . . ဆရာမတွေ မတွေ့ခင်ပြန်ခဲ့ . . ညည်းအမေလည်း မမာဘူး၊ ကလေးနှစ်ယောက်ကလည်း ညည်းမရှိလို့မှ မဖြစ်တာ၊ ညည်းယောကျာ်းအကြောင်းလည်း သိသားနဲ့ ” လို့ပြောတော့ မတိုးမျက်ရည်တွေတွေကျရပြန်တယ်။ ဆေးရုံမှာ ကျန်ခဲ့ရှာမယ့် သားကလေးကို မထားရက်တဲ့ စိတ်က တစ်ဖက်၊ အိမ်ကို စိတ်မချတဲ့ စိတ်က တစ်ဖက် . . ဝေခွဲရခက်တဲ့ စိတ်တွေနဲ့ မတိုးဆေးရုံကနေ တိတ်တိတ်လေး ခိုးထွက်ခဲ့တော့တယ်။
– – –
” မိခင်တွေက သားသမီးတွေကို မွေးဖွားကြတယ်၊ မွေးဖွားပြီးချိန်မှာ ကလေးလေးတွေက နေမကောင်းတော့ ဆရာမတို့ ဆေးရုံက အဲဒီကလေးလေးကို ကလေးအထူးကြပ်မတ်ကုသဆောင်မှာ စနစ်တကျကုသပေးကြပါတယ်။ အဲဒီအချိန်မှာမိခင် တွေကလည်း သူတို့မှာရှိတဲ့ ပြဿနာတွေအလိုက် ဆေးရုံမှာ အကြာကြီး မနေနိုင်တော့ဘဲ ပြန်သွားရတဲ့ လူနာတွေရှိပါတယ်။ အဲဒီအခါ ကျန်ခဲ့တဲ့ ကလေးလေးတွေကျန်းမာလာအောင် ဆေးရုံက ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက ဝိုင်းဝန်းပြီး မွေးကင်းစ ကလေးကြပ်မတ်အထူးကုသဆောင်မှာ ပြုစုကုသပေးပါတယ်” လို့ ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)ရဲ့ ဆေးရုံအုပ်ကြီး ဖြစ်သူ ဒေါက်တာဒေါ်ပပက ပြောပြပါတယ်။

” ဒီကလေးတွေ နေကောင်းလာတဲ့အခါဆရာမတို့ ဆေးရုံက ဒီကလေးငယ်တွေကို သူတို့မိဘတွေ ပြန်ခေါ်နိုင်စေဖို့ သူတို့ဆေးရုံတက်စဉ်က ပေးထား တဲ့ လိပ်စာအတိုင်း ဆေးရုံကလူမှုဆက်ဆံရေး အရာရှိ (Social Officer)တွေက လိုက်ရှာရပါတယ်။ မိခင်ကထားခဲ့ခံရရှာတဲ့ ကလေးလေးတွေကို လူမှုဆက်ဆံရေးအရာရှိတွေက လိုက်ဆက်သွယ်ပြီးတွေ့တဲ့အခါ သူတို့ မိခင်တွေကပြန်ခေါ်နိုင်တဲ့ အခြေအနေဆိုရင်လည်း ပြန်ခေါ်သွားတာရှိပါတယ်။ ကလေးမွေးပြီးချိန်မှာ မိခင်က ကလေးကို ချစ်ပေမယ့်လည်း သူရဲ့ လူမှုရေးအခက်အခဲအရ ဆေးရုံမှာအကြာကြီး နေပြီး ကလေးကို မပြုစုနိုင်ဘူး။ အဲဒီအခါ ထားခဲ့ရ တယ်. .

တချို့ကျတော့လည်း ပေးထားတဲ့ လိပ်စာအတိုင်း ဘယ်လိုပဲ ဆက်သွယ်၊ ဆက်သွယ် မရတော့ ပါဘူး။ ဖြစ်တတ်တာက မိခင်က တစ်ယောက်တည်း နဲ့ ကလေးလာမွေးပြီး ဆက်ရှာလို့ မရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီအခါ ကလေးကို ကျန်းမာရေး ကောင်းအောင် အထူးစောင့်ရှောက်မှုတွေ ပေးလိုက်ပါတယ်။ နေကောင်းသွားတော့ မိခင်ကို ဘယ်လိုမှ ဆက်သွယ်လို့ မရတော့တဲ့အဆုံး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီကလေးငယ်တွေကို မွေးစားချင်တဲ့ သူတွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို သွားရပါတယ်။ မွေးစားချင်လို့ လာလျှောက်ထားတဲ့ လျှောက်လွှာတွေဆိုရင်လည်း ကလေး နေကောင်းလို့ အဲဒီကို လွှဲတဲ့အခါ လျှောက်လွှာတွေပါ ထည့်ပေးလိုက်ပါတယ်” လို့ ဒေါက်တာ ဒေါ်ပပက ဆိုပါတယ်။
– – –
မတိုးလည်း အိမ်ပြန်ပြီး ဈေးရောင်းလိုက်၊ အမေအိုကြီးကိုပြုစုလိုက်၊ သမီးတွေကိုစောင့်ရှောက် လိုက်လုပ်နေရင်းမှာပဲ တင်းလာတဲ့ နို့ရည်ကို ညှစ်ထုတ်ပြီး မျက်ရည်တွေကျရတာ အခါခါ၊။

” သားလေး နေမှကောင်းရဲ့လား၊ ဖြူဖြူဖွေး ဖွေးနဲ့ ချစ်စရာကောင်းလှတဲ့ သားလေး . . အမေ တွေ့ချင်လှပါတယ် သားရယ် ” တိတ်တိတ်ကလေး ဆုတောင်းရင်း မတိုးရင်ထဲ မချိတင်ကဲစိတ်နဲ့ နာကျင်စွာ ရှိုက်ငိုမိတော့တယ်။ ဒီဘဝ သားလေးနဲ့ပြန်မှ ဆုံနိုင်ပါဦးမလား . . မတိုး စိုးရိမ်နေခဲ့ပေမယ့် ဒီတစ်ခါမှာတော့ မတိုး ဆုတောင်းပြည့်ခဲ့ပါတယ်။

တစ်နေ့ကျတော့ မမြင့်ဝေက ရေးကြီးသုတ်ပြာနဲ့ မတိုးဆီ ရောက်လာခဲ့တယ်။

” နင် ဆေးရုံတက်တုန်းက ငါ့အိမ် လိပ်စာပေးခဲ့တာလား၊ ဆေးရုံက နင့်ကလေးလေး နေကောင်းပြီ ဆိုပြီး ဆက်သွယ်လာတယ် . . ငါနင့်လိပ်စာပေးလိုက် တယ် ”

ဆေးရုံက လူမှုဆက်ဆံရေး အရာရှိနှစ်ဦးက မမြင့်ဝေဆီက တစ်ဆင့် မတိုးရဲ့ လိပ်စာအတိုင်း ဆက်သွယ်ပြီး ” ကလေး နေကောင်းလို့ ခေါ်လို့ ရပါ ပြီ “ဆိုတာ အကြောင်း ကြားလာခဲ့တယ်လေ။ ကိုရင် ထွေးကလည်း နဂိုကတည်းက သားရူးရူးနေတဲ့သူ ဆိုတော့ ဝမ်းပမ်းတသာ ဖြစ်နေခဲ့တယ်။

ဒါနဲ့ ကိုရင်ထွေးနဲ့ မတိုးလည်း သာမန်ကလေးတွေလို ကျန်းမာနေပြီဖြစ်တဲ့ သားလေးကို ရင်မှာ ပိုက်ထွေးရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဗဟိုအမျိုးသမီး ဆေးရုံကနေပြန်ခေါ်နိုင်ခဲ့ပါတော့တယ်။ မတိုးရဲ့ ရင် ထဲမှာတော့ လက်ထဲ ပိုက်ဆံမရှိပေမယ့် မွေးဖွားရချိန်မှာ စရိတ်စက အခမဲ့နဲ့ ကုသပေးခဲ့တဲ့အတွက်ရယ်၊ သားလေးကို ကျန်းမာလာအောင် အပြည့်အဝ စောင့်ရှောက်ပေးခဲ့တဲ့ အတွက်ရယ် . . ပြီးတော့လေ နေကောင်းလာတဲ့ သားလေးနဲ့အတူ မိသားစုစုံစုံလင် လင် ပြန်ဆုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးတဲ့ အတွက်ရယ် . . ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) ကို အထူးပဲ ကျေးဇူးတင်နေမိပါတယ်ရှင် . . ။

Most Popular

Healthy Life Ad
To Top