Healthy Life Ad
Local

အသည်းရောင်အသားဝါ ဘီပိုးကို လုံးဝပျောက်အောင် ကုနိုင်ပြီ

လူအများကြားတွင် အသည်းရောင်အသားဝါ ဘီပိုးကို ကုသ၍မရဟူသော အယူအဆမှား ရှိနေသဖြင့် ယခုခေတ်တွင် အသည်းရောင်အသားဝါ ဘီပိုးကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ဆေးများပေါ်နေပြီဖြစ်ကြောင်း ၁၀-၁၀-၂၀၁၅ ရက်နေ့က ပြုလုပ်သည့် ဘီပိုး၊ စီပိုးနောက်ဆုံးပေါ် ကုထုံးများအကြောင်း ဟောပြောပွဲတွင် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

“ဘီပိုးဆိုရင် ကုလို့မရဘူး၊ ဘီပိုးရှိရင် တစ်သက်လုံး ကုမရတော့ဘူးလို့ ပြောကြတယ်။ အခုခေတ်မှာ ဘီပိုးကို လုံးဝပျောက်အောင် သေစေတဲ့၊ ကုတဲ့ဆေးတွေ အများကြီးပေါ်နေပါပြီ၊ ဒါကြောင့် ဘီပိုးဆိုတာကို လုံးဝပျောက်အောင် ကုလို့ရနေပါပြီ”ဟု ပါမောက္ခဦးခင်မောင်ဝင်းက ဆိုသည်။

အသည်းရောင်အသားဝါ ဘီပိုးသည် ဘီပိုးရှိသည့် မိခင်မှ ကလေးသို့ကူးစက်ခြင်း၊ ဘီပိုးရှိသူမှ အခြားသူများသို့ ကူးစက်ခြင်း၊ ဘီပိုးရှိသူနှင့် လိင်ဆက်ဆံရာမှ ကူးစက်ခြင်း စသည့် ရောဂါကူးစက်ပုံများအနက် မြန်မာနိုင်ငံတွင် မိခင်မှ ကလေးသို့ ကူးစက်သောနည်းလမ်းကသာ အဓိကကူးစက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးဖို့ နည်းသုံးနည်းနဲ့ တားဆီးရပါမယ်။ မိခင်ကို ကိုယ်ဝန် ၃၂ ပတ်ရောက်ရင် တင်နိုဖိုဗီယာ (Tenofovir) ဘီပိုးသေဆေးတိုက်ပါ၊ မွေးလာတဲ့ ကလေးကို ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေး ထိုးပေးပါ၊ ပြီးရင် ဘီပိုးသေဆေး Hepatitis B Immune Globulin (HBIG) ကိုလည်း ထိုးပေးရပါမယ်”ဟု ပါမောက္ခဦးခင်မောင်ဝင်းက ပြောသည်။

ဘီပိုးမဝင်စေရန် ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံသင့်ပြီး သွေးရည်ကြည်ကထုတ်သော ကာကွယ်ဆေးကို လုံးဝမသုံးသင့်ကြောင်းနှင့် စက်မှုဝန်ကြီးဌာနက ထုတ်သော LEVOVAX B ဆိုသည့် ဘီပိုးကာကွယ်ဆေးကို ယုံကြည်စွာ ထိုးသင့်ကြောင်း သိရသည်။

“ဘီပိုးရှိပေမယ့် အများစုက ဘာရောဂါလက္ခဏာမှ မပြပါဘူး။ ဘီပိုးကို တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားနည်းမယ်ဆိုရင် ဘီပိုးက ထွက်မသွားတော့ဘဲ နာတာရှည် ပိုးသယ်ဆောင်သူ ဖြစ်သွားပါတယ်။ ဘီပိုးစစ်လိုက်လို့ တွေ့တယ်ဆိုတာနဲ့ ၆ လကြာရင် တစ်ခါထပ်စစ်ပါ။ အဲဒီလို ဘီပိုးတွေ့ပြီး ၆ လကြာ ထပ်စစ်လို့တွေ့မှသာ ဘီပိုးနာတာရှည် သယ်ဆောင်သူလို့ ပြောနိုင်မှာပါ”ဟု ပါမောက္ခ ဦးခင်မောင်ဝင်းက ဆိုသည်။

ကမ္ဘာပေါ်တွင် လူဦးရေသန်း ၂၄၀ နီးပါးသည် နာတာရှည် ဘီပိုးသယ်ဆောင်သူများဖြစ်သွားပြီး ထိုနာတာရှည် ဘီပိုးသယ်ဆောင်ထားသူတို့၏ ၂၀-၃၀ ရာခိုင်နှုန်းခန့်သည် အသည်းခြောက်၊ အသည်း ကင်ဆာရောဂါများ ဖြစ်သွားကြကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top