Healthy Life Ad
Q & A

ဆံပင်တွေကွက်ပြီး ကျွတ်နေတယ်

ဒေါက်တာမြတ်စန္ဒာကျော်
(ပါမောက္ခ၊ အရေပြားကုဌာန၊
မြောက်ဥက္ကလာပဆေးရုံကြီး။

မေး။ ကျွန်မ နားထင်ဘေးမှာ ဆံပင်တွေကွက်ပြီး ကျွတ်နေလို့ပါရှင့်။ ဆံပင်ကျွတ်တဲ့ ဦးရေပြားမှာ ဘာဒဏ်ရာမှလည်းမရှိပါဘူး၊ အရေပြားအရောင်ကလည်း မနီဘဲ ပုံမှန်ပါပဲ။ ဗောက်ထတာလည်း မရှိဘူး၊ ဆံပင်ကိုတော့ သပ်ရပ်နေအောင် အမြဲထုံးပြီး ကလစ်နဲ့ညှပ်ထားဖြစ်ပါတယ်။ ဒါကြောင့်များလား၊ ဒီ့ထက်ပိုပြီး ဆံပင်တွေ ပိုကျွတ်လာမှာစိုးလို့ပါ။ ဒေါ်ဝေဝေ၊ ပြည်။

ဖြေ။ ဒေါ်ဝေဝေရဲ့ စာအရ ဆံပင်ကျွတ်တဲ့ ဦးရေပြားမှာ ဘာဒဏ်ရာမှလည်းမရှိဘူး၊ အရေပြားအရောင်ကလည်း မနီဘူး၊ ဗောက်လည်း မထဘူးဆိုပေမယ့် ဒက်(မှို) ရောဂါ ရှိ၊ မရှိကိုတော့ စစ်ရပါမယ်။ ပြီးတော့ ဆံပင်ကို အမြဲထုံးဖွဲ့ပြီး ကလစ်နဲ့ ညှပ်ထားတတ်တယ်လို့ ပြောထားတဲ့အတွက် ဆံပင်ကို ဆွဲစည်းတာ၊ ဆွဲထုံးတာ တင်းလွန်းလို့ ဆံပင်ကျွတ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာ ဆံပင်ကို နောက်ထပ် တင်း တင်းချည်တာ၊ ထုံးဖွဲ့တာတွေမလုပ်ရပါဘူး၊ ခေါင်းဘီးနဲ့ဖြီးရင်တောင် အကြမ်းပတမ်းမဖြီးရပါဘူး၊ ဆံပင်ခွဲ ကြောင်းကို မကြာခဏပြောင်းပေးရပါမယ်၊ ညဘက်ဆိုရင် ဆံပင်ကိုဖြန့်ပေးထားပြီး ဆံပင်မစည်းဘဲ အိပ် ရပါမယ်၊ ဆံပင်ကို အတင်းဆွဲပြီး မဖြီးရပါဘူး၊ ဘီးစိပ်နဲ့လည်း မဖြီးရပါဘူး။ အခုခေတ်မှာ ဆံပင်ဆက် တာတွေလုပ်ကြပါတယ်။ အဲဒီအခါ ဆံပင်ဆက်ထားတော့ အလေးချိန်ဆွဲအားများပြီး ဦးရေပြားက ဆံပင် မွေးညင်းပေါက်တွေ ထိခိုက်သွားတတ်တယ်။ တကယ်လို့ ဆံပင်ကို ဓာတုပစ္စည်းတွေ သုံးပြီး ကောက်တာ၊ ဖြောင့်တာတွေလုပ်ရင်လည်း ဆံပင်သားထိခိုက် တတ်ပါတယ်။ တကယ်တမ်းကတော့ဆံပင်ကို အုန်းဆီကလွဲပြီး ဘာဓာတုပစ္စည်းနဲ့မှ မထိတွေ့စေသင့်ပါဘူး၊ ဖြစ်နိုင်ရင် သဘာဝခေါင်းလျှော်ရည် တရော်ကင်ပွန်းနဲ့ပဲ လျှော်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top