Healthy Life Ad
Health Tips

တစ်နေ့ အချိန် ၁၅မိနစ် ပေးပြီး လုပ်သင့်သော ကျန်းမာရေး အကျင့်ကောင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)

ဆရာကတော့ လေ့ကျင့်ခန်း လုပ်ဖို့ပဲ ပြောချင်ပါတယ်။ လေ့ကျင့်ခန်းကို မြန်မာ လူမျိုးတွေ သိပ်မလုပ်ဖြစ်ကြဘူး။ တခြား နိုင်ငံသားတွေနဲ့ စာရင် လေ့ကျင့်ခန်းလုပ်တာ အတော်နည်းသေးတယ်။

အထူးသဖြင့် လူငယ်၊ လူရွယ်တွေက ကျန်းမာအောင်နေထိုင်တဲ့ အလေ့အကျင့် သိပ်မရှိသေးဘူး။ ၇ တန်း-၈ တန်း ကျောင်းသား၊ ကျောင်းသူတွေဆိုရင် ကျောင်းစာ ကျက်လိုက်၊ စာသင်လိုက်နဲ့ အချိန်ကုန် နေတာများတယ်။

ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အကျင့်က အတော်နည်းတာကို တွေ့ရတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အချိန်မပေးနိုင်လို့ လေ့ကျင့်ခန်း မလုပ်ဖြစ်တာလည်း ပါပေမယ့် တစ်နေ့ မှာ အချိန် ၁၅ မိနစ်လောက်ပေးပြီး အိမ်မှာ လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

ဖြစ်နိုင်ရင် မိနစ် ၃၀ လောက် လုပ်သင့်ပါတယ်။ အဲဒီလို လေ့ကျင့်ခန်း လုပ်ပေးတာက လူတစ်ယောက်ရဲ့ ဘဝ နေထိုင်မှုဆိုင်ရာ အရည်အသွေး (Quality of Life)ကို ကောင်းစေပါတယ်၊

ဘဝတစ်လျှောက်လုံး လူကောင်းတစ်ယောက်လို သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တဲ့ အခြေအနေကို ပိုပြီး ဖြစ်စေပါတယ်၊ လူတစ်ယောက်ရဲ့ ဘဝနေထိုင် မှုဆိုင်ရာ အရည်အသွေးဆိုတာ ငယ်တာ၊ ကြီးတာ နဲ့ မဆိုင်ဘဲ ဘယ်အရွယ်မှာမဆို ကျန်းကျန်းမာမာ နေထိုင်သွားလာနိုင်တာနဲ့ ဆိုင်ပါတယ်။

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရင် မလုပ်သူတွေထက်အသက် ပိုရှည်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူ (ဥပမာ- အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ဂိမ်းကစားတာ) စတာတွေကို ရှောင်ဖြစ်သွားပါတယ်။

Most Popular

Healthy Life Ad
To Top