———၊ ကိုထက် ၊———
ကျန်းမာရေးထိခိုက်တဲ့အထိ၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ဖြစ်တဲ့အထိ လေ့ကျင့်နေထိုင် စားသောက်စရာမလိုဘဲ ကြွက်သားသန်စွမ်းအောင် တည်ဆောက်ပေးနိုင်မယ့် နည်းလမ်းတွေ ရှိနေပါတယ်။
(၁) အစားအသောက်
ကြွက်သားတည်ဆောက်ဖို့ ကြိုးစားမှုက မီးဖိုချောင်ထဲမှာ စပါတယ်။ ဘယ်လိုအစားအသောက်တွေစားတယ်၊ အစားအသောက်တွေကို ဘယ်လောက်ပမာဏ စားတယ်ဆိုတာတွေက ကြွက်သားတည်ဆောက်မှုကို အားကောင်းစေပါတယ်။ တစ်နေ့မှာ ကယ်လိုရီ ၂၀၀၀ ခန့် ပုံမှန်စားသုံးနေကျဆိုရင် ကယ်လိုရီ ၅၀၀ ခန့်တိုးပြီး မှီဝဲသင့်ပါ တယ်။ ကြွက်သားသန်စွမ်းစေဖို့ ပရိုတင်းများများ စားပေးရပါမယ်။ ဥအမျိုးမျိုး၊ ပဲနီလေး၊ အုတ်ဂျုံ၊ ဒိန်ချဉ်တို့ များများသောက်ပေးရပါမယ်။ တစ်နေ့မှာ ထမင်းကို ၂ -၃ ကြိမ်ခန့် စားမယ့်အစား တစ်နေ့မှာ အစာနည်းနည်းနဲ့ ၅-၆ ကြိမ်ခန့် စားပေးရပါမယ်။ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်ခင်မှာ အစာစားပေးသင့်ပါတယ်။ ထောပတ်သီး၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲ စတဲ့ မပြည့်ဝဆီတွေကို စားပေးတာက တစ်ကိုယ်လုံးအနှံ့ ဗီတာမင်တွေ ရရှိစေပါတယ်။ အသားရဲ့ အဆီများတဲ့ အပိုင်းနဲ့ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့ပြီး စားသောက်သင့်ပါတယ်။
(၂) အထွေထွေလေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်တာက အရေးကြီးပါတယ်။ ကြွက်သားတွေထိ ရောက်စေမယ့် လေ့ကျင့်ခန်းကို လုပ်ဖို့လိုအပ်ပါတယ်။ အခြေခံလေ့ကျင့်ခန်းအဖြစ် ပြေးတာ၊ အလေးတုံးသေးသေးလေးကို မတာတို့လို အကြောလျှော့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ ကြွက်သားထိရောက်စေမယ့် အိပ်မထတင်လေ့ကျင့်ခန်း၊ လက်ထောက်မှောက်လေ့ကျင့်ခန်းနဲ့ အလေးမလေ့ကျင့်ခန်းတို့ကို လုပ်ဆောင်ပေးပါ။ ပြေးတာ၊ ရေကူးတာ၊ ခပ်သွက်သွက်ပြေးတာ၊ ကြိုးခုန်တာတို့လို နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ ဒါဆိုရင် ကြွက်သားသန်စွမ်းစေပြီး အဆီတွေလောင်ကျွမ်းစေပါတယ်။
(၃) အထူးကြွက်သားတည်ဆောက်ခြင်း
ပြောထားတဲ့အတိုင်း အထူးကြွက်သားတွေကို အာရုံစိုက်ပေးမယ့် လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းကို နေ့စဉ်နှစ်ပိုင်းခွဲပြီး လုပ်ဆောင်ပေးရပါမယ်။ လက်မောင်းကို အာရုံစိုက်ပြီး ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ အလေးမလေ့ကျင့်ခန်းကို သေချာလုပ်ဆောင်ပေးရပါမယ်။ ပြီးရင် ခြေသလုံးတံကောက်ကြော တင်းရင်းစေမယ့် လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးရပါမယ်။
(၄) အထူးသတိပြုရမယ့် နည်းလမ်းများ
လေ့ကျင့်ခန်းလုပ်နေချိန်မှာ အလေးကို ဖြည်းဖြည်းချင်း ပိုကြီးတာသုံးသွားပါ။ တစ်နေ့မှာ ၁၀ မိ နစ်နဲ့ ၃ ကြိမ်လောက် လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။ အနားယူဖို့အရေးကြီးပါတယ်။ တစ်နေ့မှာ အချိန် ၇-၈ နာရီလောက် အနားယူပေးရင် ကြွက်သားတွေကို ပြန်လည်ပြုပြင် တည်ဆောက်ပေးပါတယ်။ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ နာတာရှည်နာကျင်ကိုက်ခဲတာ၊ နုံးချည့်ညောင်းညာတာ၊ သန်စွမ်းမှုခွန်အားမရှိတာ၊ အစာစားချင်စိတ် မရှိတာတို့ဖြစ်ရင် အနားယူဖို့လိုပါတယ်။
အကြံပြုချက်
(၁) တနင်္လာနေ့- ရင်ဘတ်နဲ့ လက်မောင်းကို လေ့ကျင့်ပါ။
(၂) အင်္ဂါနေ့-ခြေသလုံးနဲ့ ရင်ဘတ်ကို လေ့ကျင့်ပါ။
(၃) ဗုဒ္ဓဟူးနေ့-ခါးနောက်ကျောထိရောက်အောင် လေ့ကျင့်ပါ။
(၄) ကြာသာပတေးနေ့-၀မ်းဗိုက်သန်စွမ်းချပ်ရပ်အောင် လေ့ကျင့်ပါ။
(၅) သောကြာနေ့- ဒူး၊ ခြေဖမိုး၊ လက်တို့ကို လေ့ကျင့်ခန်းလုပ်ပါ။
(၆) စနေနေ့-အနားယူပါ။ ကြွက်သားအားကောင်းစေသော အစားအသောက်တွေစားပါ။
(၇) တနင်္ဂနွေနေ့-အနားယူပါ။