———၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊———
ကိုဗစ်သံသယလူနာတွေကို Home Quarantine ထားရှိမယ်ဆိုရင် လိုက်နာရမယ့် နည်းလမ်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
(၁) သံသယရှိသူက နေအိမ်အတွင်း (ဒါမှမဟုတ်) ခြံဝန်းအတွင်းသာ နေရပါမယ်။ အပြင်သို့ လုံးဝမထွက်ရပါ။
(၂) အိမ်မှာ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားရပါမယ်။
(၃) တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေ (ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပုဝါ၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသည်တွေ)ကို သီးသန့်ထားရှိ အသုံးပြုရပါမယ်။
(၄) အိမ်သားတွေနဲ့အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ မိမိတစ်ဦးတည်း သီးသန့်ခြောက်ပေအကွာမှာ နေထိုင်ရပါမယ်။
(၅) အတူတကွ စားသောက်ခြင်း မပြုရ။ အိမ်မှာ ဧည့်သည်လက်ခံခြင်း လုံးဝမပြုလုပ်ရပါ။
(၆) မိမိမိသားစုများ၊ တခြားသူတွေနဲ့ အနီးကပ်နေထိုင်ပြောဆိုခြင်း လုံးဝရှောင်ကြဉ်ပါ။ မဖြစ်မနေပြောဆိုရပါက surgical mask တပ်ပြီး ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ပြီး ခြောက်ပေအကွာမှ ပြောဆိုပါ။
(၇) အိမ်ရှိ အများသုံးပစ္စည်းတွေကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ အကယ်၍ ဆပ်ပြာနဲ့ရေ မရနိုင်ပါက အယ်ကိုဟောအနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုရပါမယ်။
(၈) နှာချေချောင်းဆိုးတဲ့အခါတိုင်း တစ်ခါသုံးတစ်ရှူးကို အသုံးပြုရပါမယ်။ အသုံးပြုပြီးတဲ့ တစ်ရှူး၊ နှာခေါင်းစည်း(Mask)တို့ကို အဖုံးပါတဲ့ အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ရပါမယ်။ ပြီးရင် စနစ်တကျ လက်ဆေးရပါမယ်။
အထက်ပါအချက်တွေကို လိုက်နာပါက သံသယရှိသူနဲ့ တစ်အိမ်တည်းနေထိုင်ရင်လည်း ရောဂါပိုးကူးစက်မှုမဖြစ်အောင်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။