Healthy Life Ad
Q & A

“စကားပြောနောက်ကျတဲ့ ကလေး”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံ၊ တူစမ်းဘားမြို့ စိတ်ကျန်းမာရေးဌာနမှာ တွဲဖက်ထားတဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေနဲ့ ပညာပေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကလေးလူငယ် စိတ်ကျန်းမာရေး ဝန်ဆောင်အဖွဲ့မှာ စာရေးသူ ခေတ္တတာဝန်ယူပေးနေရတဲ့ အချိန်ဖြစ်တယ်။

ဆေးကျောင်းသူကေသီက မေးမြန်းပါတယ်။

“ဒေါက်တာအုန်းတို့ဌာနမှာ ကလေးစိတ်ရောဂါ လူနာကိုကုသဖို့ အတွင်းလူနာကုတင် မရှိဘူးလား”

“မရှိပါဘူး။ ကလေးလူငယ် စိတ်ရောဂါရှင်ကို မိသားစုနဲ့အတူ အိမ်မှာပဲထားပြီး ကုသမှုပေးတာကများတယ်။ အလွန်လိုအပ်ရင်တော့ ဘရစ်ဘိန်းမြို့တော် ဆေးရုံကြီးတွေမှာရှိတဲ့ ကလေးလူငယ် စိတ်ကျန်းမာရေး အတွင်းလူနာဌာနကို ပို့ပေးရတယ်”

“ကလေးလူငယ်တွေမှာ လူကြီးတွေလို စိတ်ရောဂါမျိုး မဖြစ်ပွားနိုင်ဘူးလို့ ကျွန်မဖတ်ဖူးတယ်။ အဲဒါမှန်ပါသလား”

“အတိအကျမှန်ကန်တယ်လို့ မပြောနိုင်ပါဘူး။ ကလေးတွေမှာ လူကြီးတွေဖြစ်ပွားတတ်တဲ့ စိတ်ရောဂါအားလုံးလိုလို ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာဖော်ပြပုံက ကွဲပြားတတ်ပါတယ်။ နောက်ပြီး လူကြီးတွေမှာ မတွေ့ရှိရတဲ့ စိတ်ရောဂါတွေကလည်း ကလေးလူငယ်တွေမှာ ဖြစ်ပွားနိုင်ပါတယ်”

ဆေးကျောင်းသားဖိလစ်က မေးမြန်းပါတယ်။

“ကျွန်တော်ရဲ့ တူတစ်ယောက်က စကားပြောနောက်ကျနေတယ်။ အဲဒါစိတ်ရောဂါကြောင့်လား”

“ကလေးစကားပြောနောက်ကျရင် မူလအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ အသိဉာဏ်ချို့တဲ့ရောဂါ(ဉာဏ်ထိုင်းခြင်း)။ တခြား ကလေးစိတ်ရောဂါရှိခြင်း၊ မွေးရာပါနားလေးနားထိုင်းရောဂါနဲ့ ဦးနှောက်ရောဂါရှိခြင်း စတာတွေဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင် လှုံ့ဆော်မှုခေါင်းပါးရင်လည်း ကလေးစကားပြော နောက်ကျနိုင်ပါတယ်။ အဲဒီလို မူလအကြောင်းရင်းတွေကို ရှာဖွေမတွေ့ရှိပေမယ့် စကားပြောနောက်ကျတဲ့ ကလေးလူငယ်တွေ ရှိနိုင်ပါတယ်”

“ဘယ်လိုရောဂါလဲ”

“ဆက်သွယ်ပြောဆိုမှုချို့ယွင်းရောဂါ” များ (Communication Disorders)ဆိုတာ ရှိပါတယ်။ အဲဒီရောဂါအုပ်စုထဲမှာ ပါဝင်တဲ့ ရောဂါလေးမျိုးရှိတယ်။ (၁) ဘာသာစကားချို့ယွင်းရောဂါ (Language Disorder)၊ (၂) စကားပြောမပီသခြင်းရောဂါ (Speech Sound Disorder)၊ (၃) စကားပြောထစ်ခြင်းရောဂါ (Stuttering)နဲ့ ပြောဆိုဆက်ဆံပုံညံ့ဖျင်းရောဂါ (Social Pragmatic Communication Disorder) တို့ ဖြစ်ပါတယ်”

“ကျွန်တော့်တူ စကားပြောနောက်ကျတာ ဘယ်အမျိုးအစားထဲမှာပါသလဲ”

“ဘာသာစကားချို့ယွင်းရောဂါလို့ ဆိုရမယ်။ ဘာသာစကားချို့ယွင်းရောဂါ နှစ်မျိုးရှိတယ်။

“သုတေသီတွေ လေ့လာထားတာရှိတယ်။ ၂ နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ ၃၀ဝလောက် သိရှိတယ်။ ၃နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ တစ်ထောင်။ ၅ နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ ၂၃၀ဝ ကျော်အထိ သိရှိပြောဆိုနိုင်ပါတယ်။ ၃ နှစ်သားအရွယ်မှာ စကားလုံး ၃-၄ လုံးပါတဲ့ စာကြောင်းတိုလေးတွေကို ပြောနိုင်တယ်။ ၄ နှစ်သားအရွယ်မှာ” . . .

“ပြောဆိုနိုင်မှုချို့တဲ့ခြင်းရောဂါ”( Expressive Language Deficit)နဲ့ “ပြောစကားကို နားလည်နိုင်မှု ချို့တဲ့ခြင်းရောဂါ”( Receptive Language Deficit) တို့ ဖြစ်တယ်။ မိရိုးဖလာဘာသာစကား သင်ယူတတ်မြောက်ကျွမ်းကျင်မှုက အသက်အရွယ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ နောက်ကျကျန်နေတာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ စကားစတင်ပြောတာ နောက်ကျခြင်း၊ အသက်အရွယ်အလိုက် စကားလုံးဝေါဟာရကြွယ်ဝမှု ချို့တဲ့ခြင်း၊ စကားပြောရင် သဒ္ဒါအသုံးအနှုန်း မမှန်ကန်ခြင်း၊ စကားပြောလေးခြင်း၊ သူတို့ပြောစကားကို အတိအကျနားလည်ဖို့ ခက်ခဲခြင်း စတာတွေဖြစ်ပါတယ်”

နောက်တန်းမှာထိုင်နေတဲ့ ဆေးကျောင်းသားတစ်ယောက်က မကြားတကြားတိုးတိုးလေးပြောတယ်။

“ဒီနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံခြားသားတချို့ အင်္ဂလိပ်စကားပြောသလိုပေါ့”

စာရေးသူက အမူအရာမပျက် ဆက်လက်ပြောပါတယ်။

“အဲဒီသဘောမျိုးပါပဲ။ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသားတွေ မြန်မာစကားပြောရင် ကျွန်တော်တို့က ပြုံးစိစိအမူအရာနဲ့ ချီးကျူးတတ်ပါတယ်”

ဆေးကျောင်းသူကေသီက ပြန်ပြီးစကားကောက်ပါတယ်။

“ကလေးလူငယ်က အရွယ်နဲ့အလိုက် စကားလုံးဝေါဟာရကြွယ်ဝမှုရှိ၊ မရှိ ဘယ်လိုသိနိုင်ပါသလဲ”

“ကလေးကြီးရှိတဲ့ မိဘကတော့ အလွယ်တကူ သိရှိနိုင်ပါတယ်။ ဥပမာ ၂ နှစ်သားအရွယ်ကလေးက တွေ့နေကျပစ္စည်းတွေရဲ့အမည်ကို ခေါ်ဆိုနိုင်တယ်။ သုတေသီတွေ လေ့လာထားတာရှိတယ်။ ၂ နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ ၃၀ဝလောက်သိရှိတယ်။ ၃နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ တစ်ထောင်။ ၅ နှစ်သားအရွယ်မှာ စကားလုံးဝေါဟာရ ၂၃၀ဝ ကျော်အထိ သိရှိပြောဆိုနိုင်ပါတယ်။ ၃ နှစ်သားအရွယ်မှာ စကားလုံး ၃-၄ လုံးပါတဲ့ စာကြောင်းတိုလေးတွေကို ပြောနိုင်တယ်။ ၄ နှစ်သားအရွယ်မှာ ဖြစ်ပြီးစကိစ္စကို ပြန်ပြီးပြောဆိုနိုင်တယ်။ ၅ နှစ်သားအရွယ်မှာ ကလေးက သူရဲ့စိတ်ခံစားမှုကို ပြောပြနိုင်တယ်။ အဲဒါအကြမ်းဖျင်းစံထိုးကြည့်နိုင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုမှတ်တိုင်တချို့ပါ”

ဆေးကျောင်းသားဖိလစ်က သိချင်ပါတယ်။

“ကျွန်တော့်တူလို စကားပြောနောက်ကျတဲ့ ကလေးတွေ အများအပြားရှိသလား”

“ကျောင်းမတက်ခင်အရွယ် ကလေးတွေထဲမှာ “ဘာသာစကားချို့ယွင်းရောဂါ” ဖြစ်နှုန်းက ၅ ရာခိုင်နှုန်းရှိပါတယ်။ တချို့ကလေးတွေက အသက်ရလာတာနဲ့အမျှ အဲဒီရောဂါ အလိုအလောက် ပျောက်ကင်းသွားတာ တွေ့ရှိရတယ်။ ဒါကြောင့် မူလတန်းကျောင်းသားအရွယ် ကလေးတွေထဲမှာ ဒီရောဂါဖြစ်နှုန်းက ၃ ရာခိုင်နှုန်းပဲရှိပါတယ်”

ဆေးကျောင်းသူကေသီက လက်ထောင်ပြပြီး စောဒကတက်တယ်။

“ဘာသာစကားပြောဆိုနားလည်နိုင်မှု ချို့တဲ့တာကို ရောဂါလို့သတ်မှတ်နိုင်သလား ဆရာ။ စကားပြောနိုင်တဲ့ အရည်အချင်း ကွဲပြားတာလို့ မပြောနိုင်ဘူးလား”
“အတိုင်းအတာရှိပါတယ်။ တချို့ကလေးတွေမှာ အသက်ရလာပေမယ့် ဘာသာစကားပြော ချို့တဲ့မှုက သိသိသာသာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလိုချို့ယွင်းမှုကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်း၊ အပေါင်းအသင်းမဆံ့ခြင်း၊ နောက်ပြောင်ကျီစယ်တာခံရခြင်း၊ စိတ်ဖိစီးမှုဝေဒနာခံစားရခြင်း၊ စိတ်ကျရောဂါရရှိခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတယ်။ ကလေးလူငယ်ရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးတွေကို ထိခိုက်နစ်နာစေပါတယ်။ ဒါကြောင့် အဲဒီလိုအခြေအနေအထိ ရောက်ရှိလာရင် ရောဂါလို့ သတ်မှတ်တာပါ”

“အဲဒီလိုဆိုတော့ ကုသပေးဖို့ လိုအပ်တာပေါ့”

“ကျောင်းမတက်ခင်အရွယ်မှာ ဖြစ်ပွားလာတဲ့ ပြောဆိုနိုင်မှု ချို့တဲ့ခြင်းလက္ခဏာက ကလေးအသက်ကြီးလာရင် အလိုအလျောက် ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် အသက် ၂ နှစ်-၃ နှစ်အရွယ် ကလေးတွေကို ကုသပေးဖို့ စိတ်မလောသင့်ပါဘူး။ ကျောင်းသားအရွယ်မှာ ပြောဆိုနိုင်မှုချို့ယွင်းရောဂါ သိသိသာသာရှိနေသေးရင် ကုသပေးသင့်တယ်”

“ဘယ်လိုကုသပေးမလဲ ဆရာ”

“စကားပြောလေ့ကျင့်ပေးတဲ့ ကုထုံးကို အသုံးပြုပါတယ်။ “မိဘ-ကလေး အပြန်အလှန် ဆက်ဆံပြောဆိုကုထုံး”( Parent-Child Interaction Therapy)လို့ ခေါ်ပါတယ်။ အတန်းပိုင်ဆရာ/ ဆရာမနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ကလေးလူငယ်ရဲ့ဘာသာစကားကျွမ်းကျင်မှု ပြောဆိုနားလည်နိုင်မှု စတဲ့အချက်အလက်တွေကို အသေးစိတ် စစ်ဆေးပါတယ်။ တွေ့ရှိရတဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ပြုစုပျိုးထောင်ပေးတဲ့ နည်းပရိယာယ်တွေကို အသုံးချပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့“ဘာသာစကားရောဂါပညာရှင်”(Speech Pathologist)ရဲ့ အကူအညီ လိုအပ်ပါတယ်”

ဆေးကျောင်းသားတွမ်က စကားလမ်းကြောင်းပြောင်းပြီး သူ့အကြောင်းကို ဖွင့်ဟပြောပါတယ်။

“ကျွန်တော်ငယ်ငယ်တုန်းက စကားမပီဘူးဆရာ။ ကျွန်တော့်အမေကပြောတယ်။ နင်ငယ်ငယ်တုန်းက “Blue”ကို ”bwu”လို့ ပြောတယ်။ ”Cup” ကို”Tup”လို့ ပြောတယ်။ ”drink”ကို ”drin”လို့ ပြောတယ်။ နင်ပြောတာကို ငါတို့နားမလည်ကြဘူးတဲ့”

ဆေးကျောင်းသူတစ်ယောက်က ပြက်လုံးထုတ်ပါတယ်။

“တွမ်က အခုတော့ စကားပြောလည်လိုက်တာ၊ ပြိုင်ကားဘီးကျနေတာပဲ”

“ဖြစ်တတ်ပါတယ်။ မြန်မာဘာသာစကားမှာတော့ ‘တ’သံနဲ့ ‘သ’သံ မသဲကွဲတာ။ ‘ခ’သံနဲ့’က’ သံ၊ ‘စ’သံနဲ့ ‘ခ’သံ မသဲကွဲတာရှိပါတယ်။ “စကား ပြောမပီသခြင်းရောဂါ”( Speech Sound Disorder)လို့ခေါ်တယ်။ ကျောင်းမတက်ခင်အရွယ် ကလေးတွေထဲမှာ ၃ ရာခိုင်နှုန်းဖြစ်ပွားတာ တွေ့ရှိရတယ်။ အသက်ကြီးလာရင် အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် အသက် ၆ နှစ်-၇ နှစ်သားအရွယ် ကလေးတွေထဲမှာ ၂ ရာခိုင်နှုန်းပဲ တွေ့ရှိရတယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်တွေထဲမှာတော့ သုညဒသမ ၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ အသက် ၈ နှစ်ကျော်အထိ စကားပြောမပီသခြင်းရောဂါ ကျန်နေသေးရင် ကလေးလူငယ်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top