ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။
Q. အမေက အသည်းကြီးတယ်လို့ ပြောပါတယ်။ အသည်းဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမပြတ်တမ်းကို တိုက်နေပါတယ် ဒေါက်တာ။ တစ်လတစ်ခါချိန်းပြီး အမြဲပြန်စစ်ရပါတယ်။ စိုးရိမ်တာက အသည်းကင်ဆာ ဖြစ်သွားတတ်ပါလားရှင့်။
Hazelyu(FB)
A. ဒါနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် နှစ်ပိုင်းရှိပါတယ်။ (၁) အသည်းကင်ဆာနဲ့ (၂) အသည်းကြီးခြင်း အကြောင်းတွေပါ။ အသည်းက ရှိသင့်ရှိထိုက်တာထက် ကြီးနေတဲ့အခြေအနေမှာ အသည်းက ရိုးရိုးကြီးတာလား၊ အသည်းအဆီဖုံးပြီး ကြီးတာလာဆိုတာကို ဆန်းစစ်ရပါမယ်။ အသည်းအဆီဖုံးကြောင့် အသည်းကြီးတာ ဖြစ်နိုင်သလို အသည်းပဲကြီးပြီးတော့ ကျန်တဲ့အသည်းကို ထိခိုက်နိုင်တဲ့ အခြေအနေတွေ မရှိဘူးဆိုရင် သိပ်အရေးမကြီးတဲ့အထဲမှာ ထည့်ထားပါတယ်။ ဥပမာ-ငယ်ငယ်တုန်းက ငှက်ဖျားဖြစ်ဖူးတဲ့သူတွေ ကြီးလာလို့ အာထရာဆောင်းရိုက်ကြည့်လိုက်ရင် အသည်းကြီးတယ်လို့ တွေ့ရတတ်ပါတယ်။ အရေးကြီးတာကတော့ အသည်းကြီးတဲ့အခါ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုရှာဖို့ လိုပါတယ်။
အသည်းကင်ဆာဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အရက်သောက်ခြင်းနဲ့ အသည်းအဆီဖုံးခြင်းတို့ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကုသမှုမခံယူရင် နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး အသည်းကင်ဆာ ဖြစ်တတ်ပါတယ်။ အသည်းကင်ဆာ ကူးသွားမှာလားဆိုရင် အရေးကြီးတာက ဘီပိုးရှိသလား၊ စီပိုးရှိသလား၊ အသည်းအဆီဖုံးရှိသလား စတာတွေကို ဆန်းစစ်ဖို့လိုပါတယ်။ ဒါတွေတစ်ခုမှမရှိဘဲနဲ့ အသည်းကြီးတာဆိုရင် အသည်းကင်ဆာကို ပြောင်းလဲသွားစရာ မရှိပါဘူး။ အသည်းကြီးစေတဲ့ အကြောင်းရင်းကို ရှာဖွေဖို့တော့ လိုအပ်ပါတယ်။