ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
သင့်မှာ သားလေးတစ်ယောက်ရှိလာတဲ့အခါ သားကိုပြောသင့်တဲ့ စကားလေးတွေရှိလာပါပြီ။ အဲဒီထဲမှာမပါမဖြစ် ပြောသင့်တဲ့ စကားလေး ၁၀ ခွန်း ရှိပါတယ်။
(၁) အားကစားလုပ်ပါ
အားကစားက သားကို ရိုးသားစွာ အနိုင်ယူဖို့၊ ဂုဏ်သရေရှိရှိ အရှုံးပေးတတ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစားတတ်ဖို့၊ အခက်အခဲကို ကျော်လွှားနိုင်ဖို့၊ အချိန်တွေကို စီမံခန့်ခွဲတတ်ဖို့ ကောင်းကောင်းသင်ပေးမှာပါ။
(၂) ပျော်ပျော်နေပါ
သင့်တော်တဲ့အချိန်မှာ ဟာသလေးတွေ ပြောတာ၊ ဟာသအမြင်နဲ့ ကြည့်ရှုသုံးသပ်တာတွေက အနာကျက်ဖြစ်စဉ်ကို အားကောင်းစေလို့ လောကဓံအဆိုးတွေကို သားကျော်လွှားနိုင်မှာပါ။
(၃) ရိုးသားပါ
ဘယ်တော့မဆို တိမ်ကောမသွားမယ့်အရာက ရိုးသားမှုပါ။ ကိုယ့်ဘက်က ရှုံးနေရင်လည်း သားရဲ့ ရိုးသားတဲ့ဂုဏ်ကို မေမေ တန်ဖိုးထားလေးစားနေမှာပါ။ သားနိုင်ခဲ့ရင် တစ်ပါးသူအပေါ် ကြင်နာတတ်တဲ့ သားအပြုအမူအတွက် မေမေဂုဏ်ယူနေမှာပါ။
(၄) ငွေစုပါ
ငယ်ရွယ်ချိန်မှာ ငွေစုဆောင်းပါသား။ တစ်နေ့နေ့မှာ အဲဒီငွေကို သုံးဖို့လိုအပ်လာပါလိမ့်မယ်။
(၅) အိမ်အလုပ်များ သင်ယူထားပါ
သားယောကျာ်းလေးဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စတွေဖြစ်တဲ့ ပန်းကန်ဆေးတာ၊ မီးပူတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ အဝတ်လျှော်တာ စတဲ့ အခြေခံအလုပ်တွေကို တတ်မြောက်အောင် သင်ယူထားပါ။
(၆) အပြစ်မတင်ပါနဲ့
သားရေ . .သူတစ်ပါးကို ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ တိုက်ပွဲတစ်ခုကို ဘယ်တော့မှ ကိုယ်က မစတင်ပါနဲ့။ တချို့လူဆိုးတွေက သားကို ရန်စလာခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ခွန်အားရှိနေပါစေ။
(၇) ပညာရှာမှီးပါ
သားရဲ့ ဗဟုသုတနဲ့ ပညာက ဘယ်သူမှ ခိုးယူလို့ မရနိုင်တဲ့အတွက် ပညာကို ရနိုင်သမျှ ရအောင် ရှာမှီးဆည်းပူးထားပါ။
(၈) အမျိုးသမီးများကို ကြင်နာပါ
သားဘဝမှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတိုင်းကို ကြင်နာပါ၊ လေးစားပါ၊ တန်ဖိုးထားပါ။ ဒါက သားကို ယောကျာ်းကောင်း ပီသတဲ့ အသွင်ဖြစ်စေမှာပါ။
(၉) လိင်အင်္ဂါကို တန်ဖိုးထားပါ
လိင်တံ၊ တင်ပါး စတဲ့ ကိုယ်ရဲ့ သီးခြားနေရာတွေကို ဖုံးအုပ်ထားပါ။ အများကြားမှာ ကုတ်တာမျိုးတောင် မလုပ်ပါနဲ့။ သူများလာထိတွေ့တာကိုလည်း လက်မခံပါနဲ့။
(၁၀) ဇနီးမယားကို ဉာဏ်ရှိရှိ ရွေးချယ်ပါ
သားရဲ့ ဇနီးဟာ မေမေ့ချွေးမလေးဖြစ်ပြီး သား၊ မြေးတွေနဲ့အတူ အချိန်အတော်များများ ကုန်ဆုံးမယ့် သူဖြစ်တယ်။ ဒါကြောင့် ကလေးတွေအတွက် အကောင်းဆုံးမိခင်ဖြစ်လာနိုင်သူကို နှလုံးသားနဲ့သာမက ဦးနှောက်နဲ့လည်း ရွေးချယ်သင့်တာပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)