၊ ကိုထက် ၊
ရေရှည် ညဆိုင်းအလုပ်လုပ်ရတဲ့ အမျိုးသမီးတွေက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု၊ အထူးသဖြင့် ကင်ဆာစစ်ဆေးမှုကို ခံယူသင့်ကြောင်း လေ့လာသူတွေက သတိပေးလိုက်ပါတယ်။ လေ့လာမှုအမျိုးမျိုးအရ အဆိုင်းခွဲပြီး အလုပ်လုပ်ရသူတွေ၊ အထူးသဖြင့် ညဆိုင်းအလုပ်လုပ်ရသူတွေက ကိုယ်တွင်းစနစ် ဟန်ချက်မညီမျှတာကို ဖြစ်စေပြီး ကျန်းမာရေးပြဿနာတွေကို ဦးတည်နေတယ်လို့ သိရပါတယ်။
တချို့က ညဆိုင်းအလုပ်လုပ်ရတာကို သက်သောင့်သက်သာရှိတယ်လို့ ခံစားရပေမယ့် ကိုယ်တွင်းဇီဝနရီပြောင်းလဲပြီး ဘဝနေထိုင်မှုပုံစံ ဟန်ချက်မညီဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ညဆိုင်းအလုပ်လုပ်ရသူတွေက အဝလွန်တာ၊ ကိုယ်ခန္ဓာရဲ့ ဒီအင်န်အေထိခိုက်မှုကို ပြန်လည်ပြုပြင်နိုင်စွမ်းချို့ယွင်းတာ၊ အသည်းထိခိုက်တာနဲ့ ဆီးချိုသွေးချိုရောဂါဖြစ်တာတွေ ခံစားရနှုန်းများတာဖြစ်တယ်လို့ သိရပါတယ်။
အခုလေ့လာမှုအသစ်အရ ညဆိုင်းအလုပ်လုပ်တာက အမျိုးသမီးတွေမှာကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ ရင်သားကင်ဆာဖြစ်သူ အမျိုးသမီးတွေကို လေ့လာမှုအရ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေနဲ့ ရင်သားကင်ဆာဖြစ်မှုအကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ လေ့လာသူမာနဲ့ အဖွဲ့က ဆိုပါတယ်။
အဆိုပါ လေ့လာမှုကို အတည်ပြုနိုင်ဖို့ မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ အာရှက ကင်ဆာဖြစ်သူ ၁၁၄၆၂၈ ဦးရဲ့ ဖြစ်ရပ်တွေကို လေ့လာခဲ့ရာ ညဆိုင်းအလုပ်လုပ်တာနဲ့ ကင်ဆာ ၁၁ မျိုးအကြား ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ ရေရှည်ညဆိုင်းအလုပ်လုပ်တဲ့ အမျိုးသမီးတွေက ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြေ (၄၁ ရာခိုင်နှုန်း)၊ ရင်သားကင်ဆာဖြစ်နိုင်ခြေ (၃၂ ရာခိုင်နှုန်း)နဲ့ အစာအိမ်အူ လမ်းကြောင်းကင်ဆာ ဖြစ်နိုင်ခြေ(၁၈ ရာခိုင်နှုန်း) မြင့်တက်မှုရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ဒီလေ့လာမှုကို အခြေခံပြီး ရေရှည်ညဆိုင်းအလုပ်လုပ်ရတဲ့ အမျိုးသမီးတွေက ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနဲ့ ကင်ဆာစစ်ဆေးမှုတွေကို ခံယူသင့်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။ ဒီလေ့လာမှုကို အမေရိကန်ကင်ဆာလေ့လာမှုအဖွဲ့ အစည်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)