၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)
ဒီနေ့ ကျွန်မတို့ဂျာနယ်တိုက်ကိုလာတဲ့ စာတွေထဲမှာ ထူးခြားတဲ့ စာလေးတစ်စောင်ပါလာပါတယ်။ ကျန်းမာရေး၊ အလှအပတွေနဲ့ပတ်သက်ပြီး သိလိုရာမေးမြန်းကြတဲ့အထဲမှာ အဲဒါတွေနဲ့ လုံးဝမသက်ဆိုင်တဲ့ ဒီစာလေးက တစ်မျိုးတစ်ဖုံများ ဆန်းနေသလားလို့ပါ။
စာလေးအကြောင်း ကျွန်မ အတိုချုပ်ပြောပြပါ့မယ်။
“သမီးက – – – ကုမ္ပဏီမှာ အလုပ်လုပ်နေသူတစ်ဦးပါ။ သမီးဟာ လုပ်သက် နှစ်နှစ်အထိ တာဝန်ကျေအောင်လုပ်ခဲ့ပါတယ်။ သမီးအလုပ်က အပြင်သွားလာပြီး ငွေကောက်ခံရသူဖြစ်လို့ လက်ထဲမှာ ကုမ္ပဏီငွေတွေ မကြာခဏရှိနေတတ်ပါတယ်။ တစ်ခါ သမီးအမေနေမကောင်းတော့ ဆေးဖိုးလိုတာနဲ့ အဲဒီကုမ္ပဏီငွေထဲကနေ သမီးနည်းနည်းယူပြီး ပေးလိုက်မိပါတယ်။ လကုန်လို့ လစာထုတ်ရင် ပြန်ဆပ်မယ်ပေါ့ . .
ဒါပေမဲ့ သမီးအဲဒီလိုနည်းနဲ့ အ၀တ်အစားလေးဝယ်လိုက်၊ ဆံပင်အရောင်ဆိုးလိုက်နဲ့ ကုမ္ပဏီငွေအတော်များများ သုံးမိသွားပါတယ်။ အထက်မန်နေဂျာကမေးတဲ့အခါ ဟိုဘက်က မရသေးလို့ပါဆိုပြီး သမီးလိမ်ပြောမိပါတယ်။ ဒီလိုနဲ့ လနည်းနည်းကြာလာတော့ သမီးသုံးတဲ့ ငွေတော်တော်များသွားပါတယ်။ သမီးအထက်မန်နေဂျာလည်း သိသွားတော့ သူဌေးကိုတိုင်ပါတယ်။ သူဌေးက သမီးကိုဆူပါတယ်။ သမီးလည်းတောင်းပန်ပြီး လစာထဲကနေ တစ်ဝက်စီ ဖဲ့ဆပ်ပါ့မယ်၊ နောင်မဖြစ်စေရပါဘူးလို့ ပြောလိုက်ပါတယ်”
သူ့မေးခွန်းက ဒီမှာ စပါတယ်။
“သမီးကအဆင်ပြေသွားပြီထင်ပေမယ့် သမီးအထက်မန်နေဂျာရဲ့စကားဖွမှုကြောင့် တစ်ရုံးလုံးက သမီးကို မတူမတန်ဆက်ဆံကြပါတယ်။ သမီးသူဌေးက “သမီးဟာ အလုပ်ကြိုးစားတဲ့သူဖြစ်လို့ တစ်ကြိမ်မှားတာကို ခွင့်လွှတ်တယ်၊ နောင်မဖြစ်စေနဲ့” ဆိုပြီး ပြီးလိုက်ပေမယ့် အရင်က ပေါင်းဖော်ခင်မင်ခဲ့ကြသူတွေက သမီးကို နေ့တိုင်း ခပ်ရှောင်ရှောင်နေကြပါတယ်။ အပြစ်ရှိသူလို၊ သူခိုးလိုကြည့်ကြပါတယ်။ သမီးကွယ်ရာမှာစုဝေးပြီး အတင်းပြောကြပါတယ်။ တကယ်တော့ သမီးသာဒီပိုက်ဆံတွေ မဆပ်ချင်ရင် ဒီအလုပ်ကထွက်ပြေးသွားမှာပဲ မဟုတ်လား. . .
အခုတော့ အလုပ်ထဲမှာလည်း သမီးက သင်းကွဲငှက်ဖြစ်နေရပါတယ်။ သမီး အဲဒီအကြည့်တွေ၊ အတင်းအဖျင်းတွေကို ရင်မဆိုင်ရဲလို့ အလုပ်သွားရမှာကို သေမလောက် ကြောက်နေပါတယ်။ အလုပ်မသွားရင်လည်း ဆပ်စရာ အကြွေးကျန်သေးတဲ့အတွက် မဖြစ်မနေသွားရပါမယ်။ သမီး ပြေးစရာ မြေမရှိပါဘူး၊ သမီးအခက်အခဲကို ဘယ်လိုလုပ်သင့်ပါသလဲတဲ့”
သူ့မေးခွန်းလေးက ဒီမှာတင်ဆုံးသွားပါပြီ။ ဒါပေမဲ့ သူ့စာကိုဖတ်ပြီး ကျွန်မကိုယ့်ကိုယ်ကိုယ် မေးကြည့်နေမိပါတယ်။
– အမှားကို အမှားမှန်းသိပြီး ပြင်ဆင်မယ်ဆိုတဲ့ လူတစ်ယောက်ကို အကြည့်တစ်ချက်၊ အပြောတစ်ချက်နဲ့ နာလန်မထူရဲအောင် လုပ်ခဲ့ဖူးပြီလား . . .
– နောင်တရလို့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်မယ့် သူတစ်ယောက်ကို အမှောင်ထဲကနေ ရုန်းမထရဲအောင် ၀ါးကူထိုးခဲ့ဖူးသလား . . .
– ဘ၀ကို တစ်ကပြန်စမယ်လို့ စိတ်သစ်လူသစ်နဲ့ အားအင်အသစ်မွေးနေသူကို နစ်မွန်းအောင် ထေ့ခဲ့ဖူးပါသလား . . .
ဒါမျိုး မရည်ရွယ်ဘဲနဲ့ လုပ်ခဲ့၊ ပြောခဲ့၊ ကြည့်ခဲ့ဖူးတယ်ဆိုရင် အဲဒီအရာတွေအတွက် အခုကစပြီး ပြင်ဆင်သွားပါတော့မယ်လို့ ဆုံးဖြတ်ချက်ချမှတ်ရင်း . . . . .
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)