Healthy Life Ad
Q & A

ဘာကြောင့် အရိုးပွ . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျွန်တော်က အသက်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ အရိုးပွတာ ဘာကြောင့်ဖြစ်ရပါသလဲ။ ဘာလက္ခဏာပြတတ်ပြီး ဘာတွေဖြစ်တတ်သလဲ။ ဖြစ်ပြီးတဲ့အခါ သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုဆင်ခြင် နေထိုင်ရမှာလဲ။ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. အရိုးပွ၊ အရိုးပါးရောဂါဆိုတာ အရိုးတွေ တဖြည်းဖြည်းပွလာပြီး အရိုးမှာ အခေါင်းပေါက်တွေဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်။ အရိုးရဲ့ သိပ်သည်းဆ ကြံ့ခိုင်မှုအားနည်းတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲအဖြစ်များဆုံး ပြဿနာက အရိုးကျိုးတာပါပဲ။ အဖြစ်များတဲ့နေရာတွေက ခါးရိုး၊ နံရိုး၊ ပေါင်၊ လက်ကောက်ဝတ်ရိုးတွေဖြစ်ပြီး အဖြစ်များဆုံးက ပေါင်ရိုးကျိုးတာပဲ ဖြစ်ပါတယ်။ အရိုးပွ၊ အရိုးပါးရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အရိုးကျိုးတာကြောင့် သွားလာလှုပ်ရှားမှုမပြုနိုင်တာနဲ့ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အရိုးကျိုးလွယ်တဲ့ ရောဂါရှိသူတွေ၊ မိသားစုမျိုးရိုးရှိရောဂါရှိသူတွေ၊ ပိန်ပါးသူတွေ၊ ကိုယ်အလေးချိန် နည်းသူတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေက အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်နိုင်ခြေများပါတယ်။

အရိုးကျိုးလွယ်သူတွေ၊ အသက် ၆၅ နှစ်ကျော် အမျိုးသမီးတွေ၊ အသက် ၆၅နှစ်အောက် ရောဂါဖြစ်နိုင်ခြေများသူတွေ၊ အသက် ၅၀ ကျော် ရောဂါဖြစ်နိုင်ခြေများတဲ့ အမျိုးသားတွေဟာ Bone Densitometry နဲ့ ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

အရိုးပါးရောဂါကို ကာကွယ်နိုင်တဲ့ အဆင့် ၅ ဆင့်ကတော့-

အဆင့် (၁) ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ(နွားနို့၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီစိမ်း)ကိုစားပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ်သောက်ပါ။

အဆင့် (၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လမ်းလျှောက်တာ၊ လှေကားတက်တာတွေကို လုပ်ရင်တောင် အရိုးတွေကို သန်မာစေပါတယ်။ ထိုက်ချိကစားတာကြောင့် လဲကျနှုန်းကို နည်းစေပါတယ်။

အဆင့် (၃) ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အကျွံ သောက်တာတို့ကို ရှောင်ကြဉ်ရပါမယ်။

အဆင့် (၄) ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါကို စစ်ဆေးရပါမယ်။

အဆင့် (၅) ရောဂါ ရှိ၊ မရှိ သေချာစစ်ဆေးပြီး လိုအပ်ရင်ကုသမှုခံယူပါ။

အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်စေနိုင်တဲ့ မျိုးဗီဇ၊ အရိုးဖွဲ့စည်းပုံ၊ ကျားမ၊ အသက်အရွယ် စတာတွေကို မပြောင်းလဲနိုင်တဲ့အတွက် ဒီနည်းတွေနဲ့ ကာကွယ်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top