Healthy Life Ad
Q & A

နှင်းခူကုသနည်း အမှန်

—၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊—

Q. နှင်းခူက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. နှင်းခူဆိုတာ အရေပြားရောင်ပြီး အရေပြားပြောင်းလဲမှု အမျိုးမျိုးဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ အတွေ့များတဲ့ အရေပြားရောဂါဖြစ်ပေမယ့် နှင်းခူက မကူးစက်တတ်ပါဘူး။ အရေပြားက ကြွလာမယ်၊ ဖုတက်လာမယ်၊ ရောင်မယ်၊ ခြောက်သွေ့မယ်၊ ယားလာမယ်၊ အကြေးခွံလေးတွေဖြစ်မယ်၊ နီရဲနေမယ်၊ တုန့်ပြန်လွယ်နေမယ်၊ ကုတ်လေ- ယားလေဖြစ်နေတတ်ပါတယ်။ အရည်ကြည်ဖုတွေ ထွက်လာတတ်ပါတယ်။

နှင်းခူကို ကြာကြာကုတ်ပါက သွေးထွက်မယ်၊ သားငံရည်ထွက်မယ်၊ ပြည်တည်၊ ပိုးဝင်မယ်၊ အရေပြားအရောင်ပြောင်းသွားမယ်၊ ထူလာမယ်၊ အမာရွတ်တွေ ဖြစ်လာတတ်ပါတယ်။

Q. နှင်းခူဖြစ်ရင် ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ ဆရာမ။

A. နှင်းခူကို စောစောသိ၊ စောစောကုသတာ အကောင်းဆုံးပါ။ မတည့်တာရှောင်နိုင်လေ နှင်းခူက သက်သာလေပါ။ လက်နှင်းခူ၊ ခြေနှင်းခူရှိရင် ရေ၊ ဆပ်ပြာ မကြာခဏ ကိုင်တွယ်တာကို ရှောင်ရပါမယ်။

နှင်းခူ စဖြစ်ပြီးရင်တောင် ပိုမဆိုးလာအောင် အရေပြားကို ထိန်းသိမ်းရပါမယ်။ သိပ်ဆိုးရင် အရေပြားခြောက်သွေ့တာကို ထိန်းရမယ်။ စတီးရွိုက်လိမ်းဆေးကို နေရာအလိုက် ခွဲခြားပေးရပါမယ်။ ညွှန်ကြားတာထက် ပိုမလိမ်းရဘူး။ ဆိုးကျိုးကို ချိန်ဆပြီး လိမ်းရမယ်။ အယားသက်သာစေတဲ့ လိမ်းဆေး၊ စားဆေးနဲ့ ကုသရမယ်။ ပြည်ရှိရင် ပိုးသေဆေး လိမ်းဆေး၊ စားဆေးနဲ့ ကုသရမယ်။

“ နှင်းခူကို စောစောသိ၊ စောစောကုသတာ အကောင်းဆုံးပါ။ မတည့်တာရှောင်နိုင်လေ နှင်းခူက သက်သာလေပါ။ လက်နှင်းခူ၊ ခြေနှင်းခူရှိရင် ရေ၊ ဆပ်ပြာ မကြာခဏ ကိုင်တွယ်တာကို ရှောင်ရပါမယ်။ နှင်းခူစဖြစ်ပြီးရင်တောင် ပိုမဆိုးလာအောင် အရေပြားကို ထိန်းသိမ်းရပါမယ်။ သိပ်ဆိုးရင် အရေပြားခြောက်သွေ့တာကို ထိန်းရမယ်။”

Q. နှင်းခူရှိတဲ့ အရေပြားကို ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။

A. နှင်းခူရှိတဲ့ အရေပြား ထိန်းသိမ်းနည်းကတော့

• နေထိုင်တဲ့ ပတ်ဝန်းကျင်က သန့်ရှင်းရမယ်။ ခြောက်သွေ့ရမယ်။ အရေပြားခြောက်သွေ့တာကို ကာကွယ်ရမယ်။ ရေကို ကြာရှည်မထိတွေ့ရပါဘူး။

• ရေငွေ့ပြန်ပြီး အရေပြား ပိုခြောက်သွေ့တတ်ပါတယ်။ ရေပူနဲ့လည်း မစိမ်ရဘူး။ အရေပြားခြောက်သွေ့စေပါတယ်။

• ရေချိုးပြီးတာနဲ့ ရေငွေ့ထိန်းအရေပြားလိမ်းဆေး လိမ်းရပါမယ်။

Q. နှင်းခူက ကုသရခက်တဲ့ အရေပြားရောဂါလား ဆရာမ။

A. ကုသရခက်တယ်လို့ မပြောနိုင်ပါဘူး။ စနစ်တကျနဲ့ ရှောင်သင့်တာရှောင်ပြီး လိုက်နာသင့်တာ လိုက်နာမယ်ဆိုရင် နှင်းခူရောဂါရှင်တွေက အရေပြားကို ရာသက်ပန် ထိန်းသိမ်းထားရမှာပေမယ့် အရေပြားကျန်းမာရေး ကောင်းနေမှာပါ။

Q. နှင်းခူရှိသူတွေအနေနဲ့ ဘယ်လိုနေထိုင်မှုပုံစံနဲ့ လိုက်နာသင့်ပါသလဲ ဆရာမ။

A. နှင်းခူရှိရင် လိုက်နာရမယ့်အချက်တွေကတော့-

• ရာသီဥတု အေးလွန်း၊ ပူလွန်းရင် သတိထားရပါမယ်။ အိပ်ရေးဝအောင် အိပ်ရပါမယ်၊ စိတ်သောကကို တတ်နိုင်သမျှ လျှော့တတ်ရပါမယ်၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်းကိုလည်း မမေ့ရဘူး။ တရားအားထုတ်သင့်ပါတယ်။

• ယားတာနဲ့ မကုတ်ဘဲ ရေအေးဖတ်လေး တင်ရမယ်။ နှင်းခူကို ညှစ်ပြီးရင်လည်း ရေအေးစိမ်ထားတဲ့ တဘက်ကို အသာလေး မိနစ်၂၀ လောက် ကပ်ပေးရပါမယ်။

• နှင်းခူကြွတဲ့အချိန်မှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။

• နှင်းခူဖြစ်တဲ့ နေရာကို မကုတ်မိအောင် ပတ်တီးနဲ့ဖြစ်ဖြစ် စည်းထားရပါမယ်။

• အစားအသောက်စားရင် ယားတတ်တဲ့ အစာတွေကို သတိထားပြီး ရှောင်ရမယ်။ ဆေးဆိုးထားတဲ့ အစာတွေကို ရှောင်ရပါမယ်။ ဆေးလိပ်သောက်တာနဲ့ ဆေးလိပ်ငွေ့ကို ရှောင်ရပါမယ်။ ရေလုံလောက်အောင် သောက်ရပါမယ်။ ပူလွန်း/ အေးလွန်းတဲ့ ရေနဲ့မချိုးရပါဘူး။

• ချွေးထွက်များတာ၊ ပူလွန်း၊ အေးလွန်းတာ မကောင်းပါဘူး။ အ၀တ်အစားကို ချည်သားပွပွချောင်ချောင် ၀တ်သင့်ပါတယ်။ ဆပ်ပြာပျော့ပျော့သာ သုံးသင့်ပါတယ်။ အိမ်မှာ ၀တ်မှုန်ပါတဲ့ ပန်းပင်တွေ မစိုက်သင့်ပါဘူး။ ထိန်းသိမ်းကုသထားရင် နှင်းခူဟာ အသက်အရွယ်ရလာတာနဲ့ ကောင်းလာတတ်ပါတယ်။ မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေကို သတိထားရပါမယ်။ အနံ့ပါတာနည်းတဲ့ အမျိုးအစားသုံးရပါမယ်။

• ဓာတုပစ္စည်းများတဲ့ ဆပ်ပြာ၊ သန့်စင်ပစ္စည်းနဲ့ အလှပြင်ပစ္စည်းတွေ ရှောင်ရပါမယ်။ ရာသီဥတုပြောင်းရင် သတိထားရပါမယ်။ အရေပြား အစိုဓာတ်ထိန်းရပါမယ်။ အရေပြားခြောက်သွေ့ရင် နှင်းခူပိုဖြစ်တတ်တာကြောင့် ရေချိုးပြီးပြီးချင်း အစိုဓာတ်ဖြည့်ခရင်မ်လိမ်းတာ ပိုကောင်းပါတယ်။

• လက်သည်းအရှည်မထားဘဲ ခပ်တိုတို ညှပ်ထားရပါမယ်။ လက်၊ ခြေထောက်မှာ နှင်းခူဖြစ်ရင် အရေပြားကို ရေနဲ့ဆပ်ပြာ တာရှည်စိမ်တာမျိုး ရှောင်ရပါမယ်။ အခန်းသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ ဖုန်ကို ရှောင်ရပါမယ်။

Q. နှင်းခူဖြစ်ရင် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

A. ဘက်တီးရီးယားပိုးဝင်တာ၊ မှိုပိုးဝင်တာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ ကုတ်ချင်စိတ် မရပ်နိုင်တာ၊ အရေပြားထူလာပြီး အရောင်ပြောင်းလဲတာ၊ ကြည့်ရဆိုးလာတာ၊ အမာရွတ်ဖြစ်တာတို့ ဖြစ်လာသလားဆိုတာ သတိထားရပါမယ်။ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေကို သတိထားရပါမယ်။ ညွှန်ကြားတဲ့အတိုင်း လိမ်းရမယ်။ မလိုဘဲ စတီးရွိုက်ဆေး မထိုးပါနဲ့လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top