Healthy Life Ad
Q & A

ဆီးချိုသမား ကျန်းမာရေးနဲ့အညီ မတည့်စာစားကြမယ် . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဆီးချိုသမားတွေက မတည့်တဲ့အစာတွေကို စားချင်ကြတယ်။ ဥပမာ-အသီးတွေမှာ ချိုတဲ့အသီးတွေကို စားချင်တဲ့အခါ ဘယ်လိုပုံစံမျိုး စားလို့ရပါသလဲ ဆရာ။

A. အသီးတွေကို နှစ်ပိုင်းပိုင်းလိုက်တယ်။ ချဉ်တဲ့အသီးရှိတယ်၊ ချိုတဲ့အသီးရှိတယ်၊ ချဉ်တဲ့အသီးတွေဆို အကုန်ကျွေးတယ်။ စပျစ်သီးချဉ်တယ်၊ လိမ္မော်သီးချဉ်တယ်၊ ကျွဲကောသီးချဉ်တယ် . . စားပါ။ ဖီးကြမ်းငှက်ပျောသီး စားလို့ရတယ်။ ချိုတဲ့သရက်သီး၊ ဒူးရင်းသီးတို့ စားလိုက်ရင် ဆီးချိုတက်သွားနိုင်တဲ့အတွက်ကြောင့် ဆီးချိုပမာဏကို အရင်ကြည့်ပါဦး။ မနက်အစောကြီးစစ်ရင် ၈၀ နဲ့ ၁၃၀ ထက် မကျော်ရဘူး။ ထမင်းစားပြီး နှစ်နာရီမှာစစ်ရင် ၁၈၀ မကျော်ရဘူး။ ဘယ်အချိန်ကောက်စစ်စစ် ၂၀၀ မကျော်ရဘူး။ အဲဒီလိုမကျော်တဲ့နေ့မှာစားပါ၊ ကျော်တဲ့နေ့မှာ မစားပါနဲ့လို့ ပြောပါတယ်။ သဘောကတော့ ဆီးချိုတက်တဲ့နေ့တွေမှာ မစားသင့်ပါဘူး။ မတက်တဲ့နေ့တွေမှာစားပါ။ သုတေသနစာတမ်းတွေကတော့ ပြောကြတယ်။ အသီးထဲမှာပါတဲ့ အချိုဓာတ်က ဖရက်တို့စ်လို့ခေါ်တယ်။ ဖရက်တို့စ်က အလွန်ချိုပေမယ့် ဆီးချိုတက်ကိန်းကနည်းတယ်။ ဆူးခရို့စ်လို့ခေါ်တဲ့ သကြားက နည်းနည်းပဲချိုတယ်၊ ဖရက်တို့စ်လောက် မချိုဘူး။ ဒါပေမဲ့ ဆီးချိုတက်တဲ့နှုန်းက သိပ်များတယ်။ ဒါကြောင့် အသီးတွေမှာ ဖရက်တို့စ်ပဲပါလို့ ကြိုက်သလောက်စားလို့ရတယ်ဆိုပြီး သုတေသနစာတမ်းတွေက ပြောပေမယ့် လက်တွေ့မှာ အဲဒီလိုမဟုတ်ဘူး။ လက်တွေ့အတွေ့အကြုံအရ ဆီးချိုသိပ်တက်နေတဲ့အချိန်မှာ စိန်တစ်လုံးသရက်သီးစားကြည့်၊ ပိုထောင်တက်သွားတာ တွေ့တဲ့အတွက်ကြောင့် ချိုတဲ့အသီး၊ ချိုတဲ့အရည်၊ ချိုတဲ့မုန့်တွေ စားတော့မယ်ဆိုရင် ဆီးချိုစစ်ကြည့်ပါဦး။ ဆီးချိုမတက်ရင် ထိုက်သင့်တဲ့ပမာဏ စားလို့ရပါတယ်။ ဆီးချိုသမား တစ်သက်လုံး မစားရဘူးဆိုတဲ့ အစားအသောက်ကတော့ မရှိပါဘူး။

Q. ဆီးချိုရှိသူက ဒံပေါက်၊ အုန်းထမင်း စတာတွေကို လုံးဝမစားသင့်ဘူးလို့ ဆိုကြတယ်။ အဲဒါတွေကို စားမယ်ဆိုရင်ကော ရောဂါမထိခိုက်အောင် ဘယ်လိုစားလို့ရနိုင်မလဲ ဆရာ။

A. ဆီးချိုရှိသူက ဒံပေါက်၊ အုန်းထမင်းစတာတွေ စားမယ်ဆိုရင် နှစ်ချက်သတိထားရပါမယ်။ တစ်ချက်ကတော့ ဒံပေါက်နဲ့ အုန်းထမင်းက အဆီအအိမ့်များတဲ့အတွက်ကြောင့် ဆီးချိုနဲ့ပတ်သက်လို့ ဒီလောက်သိပ်မတက်ပေမယ့် ဆီးချိုနဲ့နှီးနွှယ်နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို သတိထားရပါမယ်။ ဆီးချိုက သူတစ်ခုတည်း ဘယ်တော့မှမလာပါဘူး။ ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ သွေးထဲအဆီဓာတ်များ အ၀လွန်၊ သွေးတိုး . . ဒါတွေနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် အုန်းထမင်း၊ ဒံပေါက်တွေ ပုံမှန်စားနေရင် နှလုံးသွေးကြောကျဉ်းဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ သွေးတွင်းအဆီများဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် ရံဖန်ရံခါ တစ်လမှတစ်ခါလောက် စားတာက သိပ်ပြဿနာမရှိပါဘူး။ အဓိကက ပမာဏက အရေးကြီးပါတယ်။ ဆီးချိုဆန်စားတာ၊ လုံးတီးဆန်စားတာ၊ ရေခမ်းချက်တာ၊ ရေငှဲ့ချက်တာတို့ထက် စာရင်စားတဲ့ပမာဏက ပိုအရေးကြီးပါတယ်။ ဆီးချိုတက်တဲ့အချိန်မှာ ပမာဏကို လျှော့စားရပါမယ်။ ဒံပေါက်၊ အုန်းထမင်းတို့ကို နည်းနည်းပဲစားမယ်၊ ရံဖန်ရံခါပဲစားမယ်ဆိုရင် သိပ်ပြဿနာမရှိပါဘူး။ ဆီးချိုကောင်းနေရင် စားလို့ရပါတယ်။

“ ဆီးချိုဆန်စားတာ၊ လုံးတီးဆန်စားတာ၊ ရေခမ်းချက်တာ၊ ရေငှဲ့ချက်တာတို့ထက်စာရင် စားတဲ့ပမာဏက ပိုအရေးကြီးပါတယ်။ ဆီးချိုတက်တဲ့အချိန်မှာ ပမာဏကို လျှော့စားရပါမယ်။ ဒံပေါက်၊ အုန်းထမင်းတို့ကို နည်းနည်းပဲစားမယ်၊ ရံဖန်ရံခါပဲ စားမယ်ဆိုရင် သိပ်ပြဿနာမရှိပါဘူး။ ဆီးချိုကောင်းနေရင် စားလို့ရပါတယ်။”

Q. ဆီးချိုရှိသူတွေက ကော်ဖီ၊ လက်ဖက်ရည် သောက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်မထိခိုက်အောင် ဘယ်လိုအမျိုးအစားကို သောက်လို့ရပါသလဲ၊ ဘယ်လောက်အတိုင်းအတာ သောက်လို့ရပါသလဲဆရာ။

A. ဆီးချိုသိပ်တက်နေတဲ့အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာကို ရှောင်သင့်ပါတယ်။ အခုနောက်ပိုင်း Diet ကော်ဖီမစ်ဆိုပြီး ဆီးချိုသမား သောက်လို့ရတယ်လို့ ပြောကြတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ Diet ကော်ဖီမစ်ဆိုတာ ၀တဲ့သူ ပိန်အောင်သောက်ဖို့ ထုတ်ထားတာပါ။ ဆီးချိုသမားအတွက် Diabetes ကော်ဖီမစ်ဆိုတာ သပ်သပ်ရှိပါတယ်။ အဲဒါက ရှာရခက်ပါတယ်။ အကြမ်းအားဖြင့် သောက်ချင်ရင် ကော်ဖီအကျရည်ဖျော်၊ နွားနို့သုံးလို့ရတယ်/ နို့စိမ်းရတယ်၊ မီကိုကော်ဖီမိတ်ရတယ်၊ ဆီးချိုသကြားထည့်သုံးပါ။ သံပရာသီးညှစ်၊ ဆီးချိုသကြားထည့်သောက်၊ စတော်ဘယ်ရီရယ်၊ နွားနို့ရယ်၊ ဆီးချိုသကြားထည့်သောက် . .အကြမ်းအားဖြင့် တစ်နေ့နှစ်ထုပ်နဲ့ သုံးထုပ်ကြား သောက်လို့ရပါတယ်။

Q. ဆီးချိုရှိသူက ရေခဲမုန့်၊ ကိတ်မုန့်စတာတွေကို လုံးဝရှောင်ရမှာလား။ မရှောင်နိုင်ဘူးဆိုရင် ဘယ်လိုပုံစံမျိုး စားလို့ရပါသလဲ ဆရာ။

A. ဒါကလည်း ဆီးချိုကောင်းတဲ့နေ့မှာ စားပါ၊ မကောင်းရင် မစားပါနဲ့။ တစ်လလုံးမကောင်းရင်တော့ အဲဒီလမှာ ရှောင်သင့်ပါတယ်။ တစ်လလုံးဆီးချိုက ကောင်းနေတယ်ဆိုရင် ၂ ရက်-၃ ရက်လောက် ရေခဲမုန့်စားလိုက်လို့ နည်းနည်းပါးပါး တက်သွားတာက သိပ်ပြဿနာမရှိပါဘူး။ ဆီးချိုကောင်းနေတဲ့အချိန်မှာ ရံဖန်ရံခါစားလို့ရပါတယ်။

Q. ဆီးချိုရှိသူတွေက ငပိ၊ ငါးခြောက်၊ ငပိရည်၊ ငံပြာရည်၊ ပုဇွန်ခြောက်ကြော် စတဲ့ အခြောက်အခြမ်းစာတွေကို စားချင်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ စားလို့ရနိုင်ပါသလဲဆရာ။

A. ဆီးချိုသပ်သပ်နဲ့တော့ ငပိ၊ ငါးခြောက်က အန္တရာယ်မပေးပါဘူး။ ဆီးချိုနဲ့တွဲလျက်က ဘာတွေပါလာသလဲဆိုတော့ သွေးတိုး၊ နှလုံးတို့ ပါလာတဲ့အခါ သွေးတိုးသမားနဲ့ နှလုံးအားနည်းသူတွေက အငန်စားလို့မရဘူး။ အငန်စားလိုက်တဲ့အခါ မျက်နှာတွေ အမ်းလာမယ်၊ ခြေထောက်တွေရောင်လာမယ်။ အထူးသဖြင့် ကျောက်ကပ်ထိတဲ့သူတွေက အငန်မစားရဘူး။ ဆီးချိုနဲ့ သွေးတိုးတွဲတဲ့သူတွေကတော့ အငန်တွေကို မစားသင့်ပါဘူး။ နေ့စဉ်စားသုံးတာကို ဆင်ခြင်သင့်ပါတယ်။

Q. ဆီးချိုရှိသူက ဆီကြော်စာ၊ အပြင်စာတွေကို ကြိုက်လို့ စားချင်တယ်ဆိုရင်ကော ဘယ်လိုအချိန်မှာ စားလို့ရပါသလဲ။

A. အဆီတွေကို နှစ်မျိုးခွဲလိုက်တယ်၊ ပြည့်ဝဆီ (Saturated Fat) လို့ ခေါ်တယ်။ အဲဒါတွေက တိရစ္ဆာန်ဆီတွေ၊ တချို့သော စားအုံးဆီတွေမှာ ပါတာများတယ်။ တိရစ္ဆာန်အဆီမှာမှ အရေခွံမှာ အဆီတွေအများကြီးပါတယ်။ ဒါတွေကို ရှောင်သင့်ပါတယ်။ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီတို့ကတော့ စားလို့ရတယ်။ ဘယ်ဆီအကောင်းဆုံးလဲဆိုရင် သံလွင်ဆီက အကောင်းဆုံးပါ။ မြေပဲဆီ၊ နှမ်းဆီက စားလို့ရပါတယ်။ ဒါပေမဲ့ ဒီဆီတွေကို ထပ်ခါထပ်ခါ ကြော်လိုက်ရင် ပြန်ကြော်ဆီဖြစ်ပြီး မကောင်းတဲ့အဆီအဖြစ် ပြောင်းသွားပါတယ်။ ဒါက အန္တရာယ်ပေးတဲ့အဆီဖြစ်သွားလို့ သတိထားရပါမယ်။ အကြော်၊ အလှော်စားချင်ရင် ကိုယ့်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိတဲ့အခါ သတိထားရပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top