Healthy Life Ad
Q & A

ပခုံးအရွတ် ပြတ်သွားခြင်း၊ ပခုံးအရွတ် ပြဲသွားခြင်းနှင့် ပခုံးအရွတ် ကျောက်တည်ခြင်း

—၊ ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ပခုံးအရွတ်ပြတ်တာ၊ ပြဲတာ (Rotator Cuff Disruption) ဖြစ်ရတဲ့ အကြောင်းကို သိပါရစေဆရာ။

A. ပခုံးထိပ်ကြွက်သားတွေက လက်မောင်းထိပ်ရင်း ကြွက်သားတွေနဲ့ လာတွယ်နေတယ်။ အစပိုင်းမှာ ဒီကြွက်သားတွေက ကပ်အောင်ထိန်းထားပေးရတယ်။ ပြီးတော့ Dentoid Muscle ကြီးက ဆက်ထိန်းထားတယ်။ တစ်ခါတလေကျရင် Rotator Cuff ဆိုတဲ့ အရွတ်ကြီးက ပြဲသွားတာ၊ ပြတ်သွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ နာတယ်။ ဒါပေမဲ့ ဒီအရွတ်ပြတ်တာ၊ ပြဲတာက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတာကြောင့် တစ်ချက်တော့ နည်းနည်းနာပေမယ့် သိပ်အနာကြီးတော့ မခံစားပါဘူး။ ဒါကြောင့် လူနာတွေက အများအားဖြင့် ဆရာတို့ဆီ ရောက်မလာကြဘူး။

Q. ပခုံးအရွတ်ပြဲသွားရင် လှုပ်ရှားမှုလုပ်လို့ ရပါသလား ဆရာ။

A. တကယ်လို့ ပခုံးအရွတ်က နည်းနည်းပြဲသွားရုံပဲဆိုရင်တော့ လှုပ်ရှားမှုလုပ်လို့ ရပါတယ်။ ပခုံးအရွတ်က လုံးဝပြတ်သွားရင်တော့ ပခုံးကိုမြှောက်ရတာ အခက်အခဲ ရှိလာပါတယ်။ ချိုင်းမြှောက်တိုင်းနာတယ်။ ဒါက အလေးအပင်မရင် ဖြစ်တတ်ပါတယ်။ ဖြစ်တာကြာလာရင်တော့ ဘေးနားကကြွက်သားတွေ သိမ်လာပြီး အရိုးတွေ ငေါလာပါတယ်။

“ ပခုံးအရွတ်ကျောက်တည်တာက အများအားဖြင့် လူကြီးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အသက် ၄၀ ၀န်းကျင်အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ပခုံးအရွတ်ကျောက်တည်တာက ရုတ်တရက် ဖြစ်တတ်တယ်။ နာတာက တဖြည်းဖြည်း ပိုဆိုးလာပြီး အိပ်လို့မရပါဘူး။ တချို့လူတွေမှာဆိုရင်” . . .

Q. အရွတ်ပြဲတာနဲ့ ပြတ်တာကို ဘယ်လိုစမ်းသပ် စစ်ဆေးနိုင်ပါသလဲ ဆရာ။

A. ဓာတ်မှန်ရိုက်ကြည့်လို့ရတယ်။ အာထရာဆောင်းရိုက်ကြည့်လို့ရတယ်။ MRI ရိုက်ကြည့်လို့ ရပါတယ်။

Q. အရွတ်ပြဲတာနဲ့ ပြတ်တာကို ဘယ်လို ကုသမှုပေးပါသလဲ ဆရာ။

A. ကုသမှုအနေနဲ့ကတော့ အနာသက်သာဆေးတွေ ပေးပါတယ်။ ဆေးထိုးပေးရတယ်။ အရွတ်က လုံးဝမပြတ်ဘူးဆိုရင် ပြန်ကောင်းနိုင်ပါတယ်။ လုံးဝပြတ်သွားပြီဆိုရင်တော့ ပြန်မကောင်းနိုင်တော့ပါဘူး။ အသက်သိပ်ကြီးတဲ့ လူနာတွေမှာဆိုရင် ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အသက်က ငယ်သေးရင် ဒါမှမဟုတ် အသက်ကြီးပေမယ့် သန်စွမ်းကျန်းမာနေဆဲဆိုရင်တော့ ခွဲစိတ်ပြီး အရွတ်ကို ပြန်ချုပ်ပေးပါတယ်။ ခွဲစိတ်တဲ့အခါမှာ ခွဲစိတ်နည်းနှစ်မျိုးရှိပါတယ်။ တစ်နည်းက လုပ်နေကျအတိုင်း အရိုးကိုဖွင့်ပြီး ပုံမှန်ခွဲစိတ်ကုသရင်း အရွတ်ပြင်တာနဲ့ နောက်တစ်နည်းက ခေတ်ပေါ် Arthroscopy နည်းနဲ့ ကုလို့ရပါတယ်။

Q. ပခုံးထိပ်အရွတ်ကျောက်တည်ပုံ(Acute Calcification) ကိုလည်း သိပါရစေ ဆရာ။

A. ပခုံးထိပ်အရွတ် (Supraspinatus Tendon) မှာ ကျောက်တည်တာကို ပခုံးအရွတ်ကျောက်တည်တယ်လို့ ခေါ်ပါတယ်။ ပခုံးအရွတ်ကျောက်တည်တဲ့အခါ ပခုံးက ရောင်ရမ်းလာတယ်၊ တင်းတောင့်နေတယ်၊ ပခုံးမှာ Tension များလာပြီး နာနေပါတယ်။ ဒီလို ပခုံးအရွတ်ကျောက်တည်တာက အများအားဖြင့် တဖြည်းဖြည်းနဲ့ ကျောက်က ပြန်ပြေသွားနိုင်ပါတယ်။

Q. ပခုံးအရွတ်မှာ ဘာကြောင့် ကျောက်တည်ရပါသလဲ ဆရာ။

A. ဘာကြောင့်ဖြစ်သလဲဆိုတာတော့ တိတိကျကျ မသိပါဘူး။ ဒါပေမဲ့ တချို့လူတွေ ထင်နေကြသလို ကယ်လ်စီယမ်ဖြည့်စွက်ဆေးတွေ စားတာကြောင့် ကျောက်တည်တာတော့ မဟုတ်ပါဘူး။

Q. ပခုံးအရွတ်ကျောက်တည်တာက ဘယ်လိုလူမျိုးတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

A. ပခုံးအရွတ်ကျောက်တည်တာက အများအားဖြင့် လူကြီးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အသက် ၄၀ ၀န်းကျင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ပခုံးအရွတ်ကျောက်တည်တာက ရုတ်တရက်ဖြစ်တတ်တယ်။ နာတာက တဖြည်းဖြည်း ပိုဆိုးလာပြီး အိပ်လို့မရပါဘူး။ တချို့လူတွေမှာဆိုရင် နာလွန်းလို့ မျက်ရည်တောင်ကျရပါတယ်။ အထိမခံနိုင်လောက်အောင် နာပါတယ်။ ပခုံးက လုံးဝမလှုပ်နိုင်တော့ပါဘူး။

Q. ပခုံးအရွတ်ကျောက်တည်ရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

A. ပခုံးအရွတ်ကျောက်တည်ရင် လူနာက နာလွန်းလို့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းရောက်လာပါတယ်။ ပခုံးအရွတ် ကျောက်တည်တဲ့အခါ ဓာတ်မှန် (X-ray) ရိုက်ကြည့်ရပါတယ်။ ပခုံးထိပ် ကျောက်တည်နေတာတွေ့ရင် ကုသမှုအနေနဲ့ သိုင်းကြိုးသိုင်းပေးရပါတယ်။ အနာသက်သာစေဖို့ အနာသက်သာဆေး ပေးရပါတယ်။ နာတာသိပ်ဆိုးရင် စတီးရွိုက်ဆေးထိုးပေးရပါတယ်။ ဒါဆိုရင် လူနာအများစုမှာ သိသိသာသာ သက်သာသွားပါတယ်။ တစ်ခါတလေ ဆေးထိုးတာနဲ့ ဆေးသောက်တာတွေ လုပ်ပေမယ့် ဘယ်လိုမှမသက်သာဘဲ နာနေရင်တော့ ခွဲစိတ်ကုသမှုလုပ်ပြီး ကျောက်ကို ခြစ်ထုတ်ပေးလိုက်ရင် ကောင်းသွားပါတယ်။

Most Popular

Healthy Life Ad
To Top