—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–
စာရေးသူရဲ့ မိတ်ဆွေ ကိုတာနဲ့ ထွေရာလေးပါး စကားလက်ဆုံကျနေပါတယ်။ ကိုတာက သူ့မိုဘိုင်းဖုန်းကို ကောက်ကိုင်ပြီး တစ်ခုခုသတိရမိသလို ပြောပါတယ်။
“ အခုတလော ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့နေရတဲ့ သတင်းတစ်ခုရှိတယ်”
“ ဘာများလဲ”
“ မြန်မာနိုင်ငံက DVB TV သတင်းထဲမှာ သက်ငယ်မုဒိမ်းကျင့်မှုနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာပါ။ နောက်ဆုံးသတင်းကတော့ ကလေးသူငယ် ညီအစ်ကိုနှစ်ယောက်ကိုလည်း ဒီအမှုနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။ နေပါဦးဗျ . .” ကလေးသူငယ်အချင်းချင်း လိင်အဓမ္မ ကျူးလွန်တယ်” ဆိုတာ ရှိလို့လား”
“ သိပ်ရှိတာပေါ့ ကိုတာ။ လေ့လာထားတဲ့ ကိန်းဂဏန်းတွေရှိပါတယ်။ ကလေးသူငယ် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းက အရွယ်မရောက်ခင် လိင်အဓမ္မပြုကျင့်တာကို ခံရတယ်။ သက်ငယ်လိင်အဓမ္မ ပြုကျင့်သူတွေကို လေ့လာကြည့်ရင် ၂၃ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ဖြစ်ပါတယ်”
“ သက်ငယ်က သက်ငယ်ကို လိင်အဓမ္မကျူးလွန်တာပေါ့”
“ ဟုတ်ပါတယ်။ လိင်အဓမ္မကျူးလွန်ခံရတဲ့ ကလေး (Victim) ထဲမှာ ၈၄ ရာခိုင်နှုန်းက အသက် ၆ နှစ်မှ ၁၁ နှစ်အတွင်း ဖြစ်တယ်။ လိင်အဓမ္မကျူးလွန်သူကလေး(Perpetrator)ထဲမှာ ၂၃ ရာခိုင်နှုန်းက အသက် ၁၀ နှစ်မှ ၁၂ နှစ်အတွင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်းက အသက် ၁၅ နှစ်ပတ်ဝန်းကျင် ကလေးကြီးတွေဖြစ်တယ်”
ကိုတာက လက်ဖက်ရည်တကျိုက်သောက်လိုက်ပြီး မေးခွန်းထုတ်ပါတယ်။
လိင်စူးစမ်းလေ့လာသော အပြုအမူ
“ ကလေးသူငယ်တွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လိင်ကိစ္စစူးစမ်းလေ့လာတဲ့ အပြုအမူ (Sexual Exploration)ရှိတတ်တယ် မဟုတ်ဘူးလား။ အသက်အရွယ်အလိုက် ဖြစ်ပေါ်လာတဲ့ လိင်ကိစ္စကို သိချင်စိတ်(Sexual Curiosity)က သဘာဝပဲပေါ့။ ဒီတော့ သက်ငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ထိတွေ့စူးစမ်းတာနဲ့ လိင်အဓမ္မကျူးလွန်တဲ့ အပြုအမူကို ဘယ်လိုခွဲခြားသိနိုင်မလဲ”
စာရေးသူက အနည်းငယ်စဉ်းစားပြီး ပြန်လှန်မေးခွန်းထုတ်တယ်။
“ ကလေးအချင်းချင်း “ လင်မယားလုပ်တမ်းကစားတာ” ၊ “ ဆရာဝန်လုပ်တမ်းကစားတာ” မျိုးလား”
“ ဟုတ်ပါတယ်”
“ ကလေးသူငယ် လိင်အဓမ္မကျူးလွန်မှုနဲ့ ပတ်သက်ရင် တိုးတိုးတိတ်တိတ် လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်ပေးရတယ်။ ကျူးလွန်ခံရသူနဲ့ ကျူးလွန်သူ ကလေးသူငယ်တွေရဲ့  ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် (Privacy)ကို လေးစားရမယ်။ အကာအကွယ်ပေးရမယ်။ ဆိုရှယ်မီဒီယာမှာ တင်ပြဆွေးနွေး အမှုစစ်ဆေးနေတာမျိုးတော့ မဖြစ်သင့်ဘူး” . . .
“ ကလေးအချင်းချင်း လိင်ကိစ္စစူးစမ်းချင်စိတ်နဲ့ ကစားကြတာက သက်တူရွယ်တူအချင်းချင်း ဖြစ်တယ်။ ကျေကျေနပ်နပ် နှစ်ဦးသဘောတူ ကစားကြတာ ဖြစ်တယ်။ တစ်ယောက်က တစ်ယောက်ကို အနိုင်ကျင့်ချင်စိတ်၊ အနာတရဖြစ်စေချင်စိတ်မရှိဘူး။ နောက်ပြီး လိင်ဆန္ဒနိုးကြွစေတဲ့ သဘော၊ လိင်ကျေနပ်မှုရယူလိုတဲ့ သဘောလည်း မပါဘူး။ ဒါပေမဲ့ ဒီလိုကစားနည်းတွေကို အားပေးအားမြှောက်ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ မတော်တဆ ထိခိုက်ဒဏ်ရာရတာ ရှိနိုင်တယ်။ အကျင့်ပါသွားရင်လည်း မကောင်းဘူးပေါ့။ ဒါကြောင့် အသက်အရွယ်အလိုက် သိသင့်သိထိုက်တဲ့ ဖိုမသဘာဝဗဟုသုတကို ပညာပေးဖို့ လိုအပ်တာပါ”
သက်ငယ်အချင်းချင်း လိင်အဓမ္မပြုကျင့်ခြင်းဆိုတာ . .
“ ခင်ဗျားမေးခွန်းကို ဆက်ပြီး အဖြေပေးမယ်။ သက်ငယ်အချင်းချင်း လိင်အဓမ္မပြုကျင့်ခြင်းလို့ သတ်မှတ်နိုင်တဲ့ အချက်အလက်တွေ၊ လက္ခဏာတွေ ရှိပါတယ်”
“ ရှင်းပြပါ”
“ (က) လိင်အဓမ္မကျူးလွန်တဲ့ ကလေး (Perpetrator) ရဲ့  အသက်က ၁၆ နှစ်အောက်သာဖြစ်မယ်။ (တချို့ကတော့ ၁၈ နှစ်အောက်လို့ သတ်မှတ်ပါတယ်)။
(ခ) လိင်အဓမ္မကျူးလွန်တဲ့ကလေး (Perpetrator) အသက်က အဓမ္မပြုကျင့်ခံရတဲ့ ကလေး (Victim) အသက်ထက် ၂နှစ် ဒါမှမဟုတ် ၂ နှစ်အထက် ရှိရမယ်။ အဲဒီလို အသက်ကွာခြားချက် ရှိရမယ်။ သက်တူရွယ်တူ (Equality) မဟုတ်ဘူး။
(ဂ) ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အဓမ္မပြုကျင့်ခြင်းခံရတဲ့ ကလေးရဲ့  သဘောတူခွင့်ပြုချက် (Consent) ရှိရမယ်။ ခုနက ကျွန်တော်ပြောခဲ့သလို သက်တူရွယ်တူအချင်းချင်း နှစ်ဦးသဘောတူ စူးစမ်းလေ့လာတဲ့ အပြုအမူမဟုတ်ဘူး။
(ဃ) လိင်အဓမ္မကျုးလွန်တဲ့ ကလေးက အဓမ္မပြုကျင့်ခံရတဲ့ ကလေးကို အတင်းအကျပ်ပြုလုပ်ခိုင်းခြင်း (Coercion) ရှိတယ်။ ဥပမာ-လိမ်ညာ လှည့်စားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ ခွန်အားသုံးခြင်း စတဲ့ အပြုအမူတွေ ဖြစ်ပါတယ်”
ကိုတာက စုံစမ်းမေးမြန်းတယ်။
“ လိင်အဓမ္မ ကျူးလွန်တတ်တဲ့ ကလေးသူငယ်တွေမှာ ထူးခြားတဲ့ အပြုအမူရှိသလား”
သတိထားသင့်တဲ့ အပြုအမူများ
“ ရှိပါတယ်။ (က) လိင်အဓမ္မကျူးလွန်တဲ့ ကလေးသူငယ်က သူတို့ထက် အသက်ငယ်တဲ့ ကလေးတွေကို ရွေးချယ်ပေါင်းသင်း ကစားချင်တယ်။(ခ) ကလေးအချင်းချင်း ကစားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ကိုင်တွယ်တဲ့ အပြုအမူတွေများတယ်။ တခြားကလေးက မလိုလားပေမယ့် ဆက်ပြီးလုပ်တတ်တယ်။ (ဂ) တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်မှုကိုပြတဲ့အခါ လိင်သဘောပါရှိတဲ့ အပြုအမူနဲ့ အပြောအဆိုတွေ အသုံးပြုတယ်။ တခြားကလေးရဲ့  ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းကို နောက်ပြောင်ပြောခြင်း။ လက်ဆွဲနှုတ်ဆက်ရမယ့်အစား တခြားကလေးရဲ့ လက်ကို နမ်းခြင်း စသဖြင့်ပေါ့။ (ဃ) တခြားကလေးက မနှစ်ခြိုက်တာကို အသိအမှတ်ပြုခြင်း၊ လက်ခံခြင်းမရှိဘူး။ ဆင်ခြေတက်မယ်။ “ ဒါဘာအရေးလဲ၊ ပေါ့ပေါ့လေးပါ” စသဖြင့် ဖုံးကွယ်ပြောမယ်။ (င) လိင်သဘာဝကို စူးစမ်းလေ့လာရင် အရွယ်ချင်းကွာခြားတဲ့ မိမိထက် အသက်ငယ်တဲ့ကလေးကို အသုံးပြုတယ်။ (စ) မိမိပစ်မှတ်ထားတဲ့ ကလေးကို သီးခြားလျှို့ ဝှက်နေရာမှာခေါ်ပြီး တစ်ဦးချင်း ကစားလေ့ရှိမယ်။ (ဆ) ပစ်မှတ်ထားခံရတဲ့ ကလေးကလည်း လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးနဲ့ တစ်ယောက်တည်း ကျန်မနေချင်တဲ့ အမူအရာပြတယ်။ (ဇ) လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးသူငယ်တွေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေ့  ရှိရတယ်”
ကိုတာက မှတ်ချက်ချပါတယ်။
“ မိဘအုပ်ထိန်းသူတွေ သိရှိထားသင့်တဲ့ အချက်အလက်တွေလို့ ပြောရမှာပေါ့။ သက်ငယ်အချင်းချင်း လိင်အဓမ္မကျူးလွန်တဲ့ ကလေးက စိတ်ရောဂါရှိသလား”
“ စိတ်ရောဂါလို့ပြောရင် ကျယ်ပြန်ပါတယ်။ စိတ္တဇရောဂါရှိသလား၊ ရူးသွပ်နေသလားလို့ မေးရင်တော့ “ မရှိဘူး” လို့ ဖြေရမယ်။ ဒါပေမဲ့ ကလေးအချင်းချင်း လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးတွေထဲမှာ စိတ်ကျန်းမာရေးအားနည်းချက် ရှိပါတယ်”
လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးသူငယ်ရဲ့  စိတ်ကျန်းမာရေး
(က) တခြားကလေးကို လိင်အဓမ္မကျူးလွန်တဲ့ ကလေးသူငယ်တွေထဲမှာ ၅၀ ရာခိုင်နှုန်းက သူတို့ကိုယ်တိုင် လိင်အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပါတယ်။ ၁၉ ရာခိုင်နှုန်းကတော့ ငယ်စဉ်က ရိုက်နှက်ညှင်းဆဲခြင်း ခံခဲ့ရတဲ့ အတွေ့အကြုံရှိပါတယ်။ ဒါကြောင့် လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးတွေထဲမှာ “ အန္တရာယ်ကြုံတွေ့ပြီးဖြစ် စိတ်ဖိစီးမှုရောဂါ” ( PTSD) ခံစားနေရသူ ရှိနိုင်တယ်။
(ခ) လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးတွေက မိသားစုဝင်အချင်းချင်း အကြမ်းဖက်မှု (Domestic Violence)ရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးထွားလာရတဲ့ အတွေ့အကြုံလည်း ရှိနိုင်တယ်။
(ဂ) လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးတွေထဲမှာ လူကြီးမိဘအချင်းချင်း လိင်ဆက်ဆံနေတာကို မြင်တွေ့ရတဲ့ အတွေ့အကြုံနဲ့ အပြာဓာတ်ပုံ၊ အပြာဗီဒီယိုတွေကို ကြည့်ရှုဖူးတဲ့ အတွေ့အကြုံလည်း ရှိတတ်ပါတယ်။
(ဃ) လိင်အဓမ္မကျူးလွန်တတ်တဲ့ တချို့ က လေးတွေထဲမှာ “ ကလေးသူငယ်အပြုအမူ ချို့ယွင်းရောဂါ” ( Conduct Disorder)လက္ခဏာရှိတာလည်း များတယ်။ ဥပမာ-လိမ်ညာတတ်ခြင်း၊ ခိုးယူတတ်ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ တိရစ္ဆာန်တွေကို ညှင်းဆဲတတ်ခြင်း၊ ကျောင်းပြေးခြင်း၊ အသက်ငယ်ငယ်နဲ့ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း စသဖြင့်ပေါ့။
(င) ကလေးအချင်းချင်း လိင်အဓမ္မကျူးလွန်တတ်တဲ့ ကလေးတချို့ မှာတော့ ဉာဏ်ထိုင်းခြင်း၊ အသိဉာဏ်မသန်စွမ်းခြင်းရောဂါ (Intellectual Disability) ရှိတာ တွေ့ရှိရပါတယ်”
ကိုတာက သူမရှင်းလင်းတဲ့ အချက်တစ်ခုကို မေးပါတယ်။
“ ခင်ဗျားပြောသလိုဆိုရင် လိင်အဓမ္မပြုကျင့်ခံရတဲ့ ကလေးတွေက Victim ကနေပြီး Perpetrator ဖြစ်သွားတာ များတာပေါ့”
“ အဲဒီလိုလည်း မဟုတ်ပါဘူး။ လိင်အဓမ္မပြုကျင့်ခံရတဲ့ ကလေးတွေထဲမှာတော့ ၅ ရာခိုင်နှုန်းသာ လိင်အဓမ္မကျူးလွန်တဲ့ အပြုအမူရှိတာပါ။
လိင်အဓမ္မကျူးလွန်တဲ့ ကလေးသူငယ်တွေထဲမှာ ကျွန်တော်ပြောခဲ့တဲ့ အချက်အလက်တွေ တော်တော်များများတွေ့ရှိရပေမယ့် ကျူးလွန်တဲ့ ကလေးတိုင်းနဲ့ အကျူံးမ၀င်ပါဘူး”
“ သက်ငယ်အချင်းချင်း လိင်အဓမ္မကျူးလွန်မှုဖြစ်ရင် ဘာလုပ်သင့်သလဲ”
“ လိင်အဓမ္မကျူးလွန်ခြင်းခံရတဲ့ ကလေး (Victim)ရဲ့  စိတ်ကျန်းမာရေးကို ဦးစားပေးရမယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ လိင်အဓမ္မပြုကျင့်တာခံရတဲ့ ကလေးက ကလေးဘ၀မှာသာမက အရွယ်ရောက်လာတဲ့အထိ စိတ်ကျန်းမာရေး ချို့ယွင်းမှုအမျိုးမျိုး ရရှိခံစားရတယ်။ ဒါကြောင့် အဘက်ဘက်က ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်”
“ လိင်အဓမ္မကျူးလွန်တဲ့ကလေး (Perpetrator) ကိုကော”
“ လိုအပ်သလို စစ်ဆေးအရေးယူပါတယ်။ အသက်အရွယ်အလိုက် သင့်တော်တဲ့ အပြစ်ဒဏ်ပေးတာရှိတယ်။ ပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်တာပါ။ ကလေးလိင်အဓမ္မကျူးလွန်တဲ့ ဘ၀ကနေပြီး လူကြီး “ သက်ငယ်မုဒိမ်းကောင်” ဖြစ်မလာအောင် တားဆီးပေးရမှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမယ့် အချက်တော့ ရှိတယ်ဗျ”
“ ဘာများလဲ”
“ ကလေးသူငယ် လိင်အဓမ္မ ကျူးလွန်မှုနဲ့ပတ်သက်ရင် တိုးတိုးတိတ်တိတ် လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်ပေးရတယ်။ ကျူးလွန်ခံရသူနဲ့ ကျူးလွန်သူကလေးသူငယ်တွေရဲ့  ကိုယ်ရေးကိုယ်တာ လျှို့ ဝှက်ချက်(Privacy)ကို လေးစားရမယ်။ အကာအကွယ်ပေးရမယ်။ ဆိုရှယ်မီဒီယာမှာ တင်ပြဆွေးနွေး အမှုစစ်ဆေးနေတာမျိုးတော့ မဖြစ်သင့်ဘူး”