Healthy Life Ad
Q & A

ကွမ်းစားခြင်းနှင့် သွားကျန်းမာရေး

—–၊ သွားနှင့် ခံတွင်းဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတစ်ဦး ပြောကြားသည်။ ၊—–

Q. ကွမ်းစားရင် သွားမှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ အရင်ဆုံး ဖြစ်တတ်ပါသလဲ ဆရာ။

A. ကွမ်းစားတာကြောင့် အရင်ဆုံးဖြစ်တဲ့ ပြောင်းလဲမှုက သွားတွေမှာ ကွမ်းဂျိုးတက်တာပါပဲ။ သွားတွေ အရောင်ပြောင်းလဲပါတယ်။ ကွမ်းစားတာများတဲ့သူတွေမှာဆိုရင် သွားတွေပေါ်မှာ မည်းနေတဲ့အလွှာတွေကို တွေ့ရတတ်ပါတယ်။ သွားအခြေမှာ ကွမ်းဂျိုးတွေ၊ ကျောက်တွေ ဖြစ်ပေါ်စေပါတယ်။ ကွမ်းစားတာကြောင့် သွားတွေပဲ့တာ၊ ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သွားမျက်နှာပြင်ပေါ်က ကြွေသွားလွှာ ပါးတဲ့ အခြေအနေ(Attrition)ကို ဖြစ်ပေါ်စေပါတယ်။ ကွမ်းဝါးတာကြောင့် သွားတွေ ပုံစံပြောင်းသွားတဲ့အတွက် စောင်းသွားတာ၊ မညီမညာဖြစ်တာ၊ သွားတွေက ချွန်ထက်ပြီး စူးရှတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီချွန်ထက်နေတဲ့ သွားတွေက လျှာ၊ ပါးစောင် စတာတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို ထိခိုက်စေရာကနေ တဖြည်းဖြည်းနဲ့ လျှာကင်ဆာ၊ ခံတွင်းကင်ဆာ စတာတွေကို ဖြစ်စေပါတယ်။

Q. ကွမ်းစားတဲ့အခါမှာ ဘာကြောင့် ထိခိုက်မှုဖြစ်ရတာလဲဆရာ။

A. ကွမ်းစားတဲ့အခါမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေး စတာတွေကို ထည့်စားပြီး ကွမ်းယာကို ၀ါးလိုက်တဲ့အခါမှာ ကွမ်းတံတွေးထွက်လာပြီး အဲဒီကွမ်းတံတွေးထဲမှာ Aerocolene ဆိုတဲ့ ဓာတ်ပါလာပါတယ်။ အဲဒီဓာတ်က သွားဖုံးနဲ့ ပါးစောင်မှာရှိတဲ့ အသားနုတွေကို စားသွားပြီး SMF(Sub-Mucous Fibrosis) ကိုဖြစ်စေပါတယ်။ SMF ဆိုတာက ကင်ဆာဖြစ်စေနိုင်တဲ့ အနာ(Precancerous Lesion)လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာဆိုရင် နာကျင်တာ၊ ခံတွင်းကို အပြည့်အ၀နဲ့ ကောင်းကောင်းမဟနိုင်တာ၊ တံတွေးမျိုရင် နာကျင်တာ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာဆိုရင်တော့ သွားနဲ့ခံတွင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အချိန်မီကုသမှုခံယူရင် ရောဂါပျောက်နိုင်ပါတယ်။ ကုသမှုခံယူနေတဲ့ အချိန်အတောအတွင်းမှာပဲ ကွမ်းကိုလည်း ဖြတ်ရပါမယ်။ တကယ်လို့ ဆေးမကုသဘဲ ပေါ့ပေါ့ဆဆ သဘောထားမယ်ဆိုရင်တော့ ခံတွင်းကင်ဆာအဖြစ် ပြောင်းသွားနိုင်ပါတယ်။

“ ကွမ်းစားတဲ့အခါမှာ ၀ါးပြီးထွေးထုတ်ပစ်တတ်တဲ့ သူတွေက ပါးစပ်ထဲမှာ ကွမ်းကိုကြာကြာ မထားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ ကွမ်းစားတဲ့အခါမှာ ပါးစောင်နေရာမှာ ဒါမှမဟုတ် လျှာအောက်မှာ ငုံထားတတ်တဲ့ အကျင့်ရှိရင်တော့ ကွမ်းကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ များပါတယ်။”

Q. ကွမ်းစားတဲ့သူတိုင်း သွားနဲ့ခံတွင်းဝေဒနာတွေကို ခံစားရနိုင်ပါသလားဆရာ။

A. ကွမ်းစားတဲ့သူတိုင်းတော့ ခံတွင်းကင်ဆာ မဖြစ်ကြပါဘူး။ ကွမ်းစားတဲ့အခါမှာ ၀ါးပြီးထွေးထုတ်ပစ်တတ်တဲ့ သူတွေက ပါးစပ်ထဲမှာ ကွမ်းကို ကြာကြာမထားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ နည်းပါတယ်။ ကွမ်းစားတဲ့အခါမှာ ပါးစောင်နေရာမှာ ဒါမှမဟုတ် လျှာအောက်မှာ ငုံထားတတ်တဲ့ အကျင့်ရှိရင်တော့ ကွမ်းကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

Q. ကွမ်းစားတာနဲ့အတူ အရက်၊ ဆေးလိပ် စတာတွေကိုပါ တွဲမှီဝဲရင် သွားနဲ့ခံတွင်းဝေဒနာကို ခံစားရနိုင်ခြေ ပိုများပါသလားဆရာ။

A. အရက်၊ ဆေးလိပ်နဲ့ ကွမ်းကိုတွဲပြီး မှီဝဲရင် ခံတွင်းအတွင်းသားနေရာတွေဖြစ်တဲ့ ပါးစောင်၊ လျှာ စတဲ့ နေရာတွေမှာ အသားနုရောဂါအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါတွေကို Mucosal Diseases လို့ခေါ်ပါတယ်။ ပါးစောင်အတွင်းပိုင်းနေရာတွေမှာ မလိုင်ဖတ်ကပ်သလို၊ ပင့်ကူအိမ်တွယ်သလိုဖြစ်တဲ့ ရောဂါတွေပါ။ ဆေးလိပ်ကိုပါ သောက်တာကြောင့် နှုတ်ခမ်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်း၊ လျှာ၊ ပါးစောင်၊ အာခေါင် စတဲ့ နေရာတွေမှာ အနာအမျိုးမျိုး ဖြစ်တတ်ပါတယ်။

Q. ကွမ်းဂျိုးကို ခြစ်တဲ့အခါမှာကော တစ်ကြိမ်တည်းခြစ်ရုံနဲ့ ပုံမှန်သွားတွေလို ဖြူစင်သန့်ရှင်းသွားနိုင်ပါသလား ဆရာ။

A. ကွမ်းဂျိုးအနည်းအများအလိုက် သွားခြစ်၊ ကျောက်ခြစ်ရတဲ့ အကြိမ်ရေက ကွာခြားနိုင်ပါတယ်။ သွားကျောက်တည်တာများရင် တစ်ကြိမ်ထက်ပိုပြီး ကျောက်ခြစ်ကုသရတတ်ပါတယ်။ ကျောက်ခြစ်ကုသမှု ခံယူပြီးရင်တော့ သွားတွေက နဂိုမူလအရောင်အတိုင်း ဖြူစင်သန့်ရှင်းသွားမှာပါ။ ကျောက်ခြစ်ပြီးတဲ့ အချိန်မှာလည်း ကွမ်းစားတာကို ရပ်လိုက်မှ ဒါမှမဟုတ် လျှော့လိုက်မှသာ အရင်လို ကျောက်ထူတာတွေ၊ သွားအရောင်ပြောင်းတာတွေကို မဖြစ်စေတော့မှာပါ။

Q. ကွမ်းစားတဲ့သူတွေက သွားပိုးမစားဘူးလို့ ကြားဖူးပါတယ်။ မှန်ပါသလား ဆရာ။

A. သွားတွေပေါ်မှာ ကွမ်းဂျိုးအုပ်နေရင် သွားပိုးစားရောဂါ မဖြစ်နိုင်ပါဘူး။ ကလေးတွေမှာ Fissure Sealent ဆိုတဲ့ဆေးကို သွားမျက်နှာပြင်ပေါ်က အမြှောင်းတွေမှာ ထည့်ပေးရင် သွားပိုးစားတာကို ကာကွယ်ပေးပါတယ်။ ကွမ်းစားထားရင်တော့ ကွမ်းဂျိုးတွေက အမြှောင်းနေရာတွေကို ပိတ်သွားစေတဲ့အတွက် သွားပိုးမစားတာပါ။ ဒါပေမဲ့ ကောင်းတော့မကောင်းပါဘူး။ သွားပိုးမစားပေမယ့် သွားပိုးရည်တွေကြောင့် သွားကိုဖုံးအုပ်ထားတဲ့ ကြွေသွားလွှာတွေကို ပွန်းပဲ့စေတဲ့အတွက် သွားကျဉ်တာ၊ အစာစားရင်နာတာ၊ သွားအခြေက သွားဖုံးနဲ့ ထိတဲ့နေရာမှာ သွားဂျိုးနဲ့ သွားကျောက်တွေရှိတာကြောင့် ရေစီးကမ်းပြိုရောဂါ ဖြစ်နိုင်တာ စတာတွေကို ဖြစ်စေနိုင်လို့ပါ။ ရေစီးကမ်းပြိုရောဂါ(Chronic Periodontitis) ဖြစ်ရင် နှစ်ရှည်လများဝေဒနာ ခံစားရတတ်ပြီး သွားဖုံးနဲ့ သွားမြစ်ဝှမ်းအင်္ဂါအစိတ်အပိုင်းတွေကို ဖြည်းဖြည်းချင်း ပျက်စီးစေတာကြောင့် သွားလှုပ်တာ၊ သွားတွေ အချောင်းလိုက်ကျွတ်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။

Q. ကွမ်းစားတာကြောင့် သွားနဲ့ ခံတွင်းရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. ကွမ်းမစားဖို့ပဲ ပြောရမှာပါ။ ကွမ်းစားတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလည်း မကောင်းပါဘူး။ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေပါတယ်။ ဟိုးအရင်တုန်းက ကွမ်းစားခဲ့ကြပေမယ့် ခံတွင်းကင်ဆာ မဖြစ်တာကတော့ ရှားစေးထည့်စားတာကြောင့်ပါ။ ကွမ်း၊ ကွမ်းသီး၊ ထုံး စတာတွေဓာတ်ပြုပြီး ထွက်လာတဲ့အရည်က Aerocolene ဆိုတဲ့ဓာတ်ထွက်လာပါတယ်။ ရှားစေးထည့်လိုက်တဲ့အခါကျတော့ ဖြေဆေးအနေနဲ့ ဓာတ်ပြယ်စေတာကြောင့် ရှေးတုန်းကလူတွေက ခံတွင်းကင်ဆာဖြစ်နှုန်းနည်းတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top