Healthy Life Ad
Life Style

အသားအရေ၊ ဆံပင်နှင့် ကျန်းမာရေးအတွက် ကြက်ဆူဆီအစွမ်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကြက်ဆူဆီ(Castor Oil)ဆိုတာ ရှေးကတည်းကသုံးခဲ့တဲ့ ဆီတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်ဂုဏ်သတ္တိတွေ ရှိတာကြောင့် ရေပန်းစားပါတယ်။ ရောင်ရမ်းမှုနဲ့ ဘက်တီးရီးယားတွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိပြီး ဗီတာမင်အီး၊ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဆူဆီကို အရေပြား၊ ဆံပင်အစရှိတဲ့ အလှအပရေးရာတွေမှာ သုံးလေ့ရှိတာကြောင့် အလှကုန်ပစ္စည်းအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

အဆစ်ရောင်နာကို သက်သာစေခြင်း

ကြက်ဆူဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့်အဆစ်ရောင်နာကို သက်သာစေပါတယ်။ အဆစ်၊ အာရုံကြောနဲ့ ကြွက်သားတွေပေါ် ကြက်ဆူဆီလိမ်းပြီး နှိပ်နယ်ပေးရင် နာကျင်ရောင်ရမ်းမှု ဝေဒနာကို လျော့ပါးစေပါတယ်။ အဆစ်တွေကို ကြက်ဆူဆီနဲ့နှိပ်ပြီး ပတ်တီးစည်းထားပေးရင် နာကျင်မှုကို ချက်ချင်းသက်သာစေပါတယ်။

ဝမ်းချုပ်ခြင်းအား ကုသမှု

လေ့လာမှုတွေအရ ကြက်ဆူဆီမှာ ၀မ်းပျော့ပျော့သွားစေတဲ့ အစွမ်းရှိတာကြောင့် ၀မ်းချုပ်ဝေဒနာကို သက်သာစေတယ်လို့ သိရပါတယ်။ နံနက်ခင်းမှာ လိမ္မော်ရည်တစ်ခွက်ထဲ ကြက်ဆူဆီ လက်ဖက်စားဇွန်း တစ်ဇွန်းရောထည့်ပြီး သောက်တာကြောင့် ၀မ်းပျော့ပျော့သွားစေပါတယ်။

အသားအရေပြဿနာ

ကြက်ဆူဆီက နေလောင်ဒဏ်ရာရတာ၊ ၀က်ခြံပေါက်တာ၊ အရေပြားခြောက်သွေ့တာ၊ အကြောပြတ်ရာထင်တာ အစရှိတဲ့ ပြဿနာအမျိုးမျိုးကို လျော့ပါးစေပါတယ်။ ကြွက်နို့၊ အနာစိမ်း၊ ခြေသည်းဝဲစွဲတာနဲ့ နာတာရှည်ရောင်ရမ်းတာ အစရှိတဲ့ အရေပြားပိုးဝင်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ပြုလုပ်ရမယ့်နည်းမှာဖြစ်တဲ့ အရေပြားနေရာပေါ်မှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကြက်ဆူဆီ သုတ်လိမ်းပေးဖို့ ဖြစ်ပါတယ်။ ပိုကြီးမားတဲ့ အရေပြားဝေဒနာအတွက် ကြက်ဆူဆီထဲမှာ ပိတ်စနှစ်ပြီး ဖြစ်တဲ့အရေပြားပေါ်မှာ စည်းပေးရမှာဖြစ်ပါတယ်။

အရေးကြောင်းထင်ခြင်းနှင့် ပါးရေတွန့်ခြင်း

အရေပြားပေါ်မှာ ကြက်ဆူဆီကို သုတ်လိမ်းပေးတာကြောင့် ကော်လာဂျင်နဲ့ အီလက်စတင်ထွက်နှုန်း တိုးစေပြီး အသားအရေစိုပြည်နူးညံ့စေပါတယ်။ ကြက်ဆူဆီက အရေးကြောင်းထင်နှုန်းကိုလည်း လျော့ပါးစေပြီး အသားအရေကို နူးညံ့ချောမွေ့နုပျိုအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်ဝန်းတစ်ဝိုက် လိမ်းပေးရင်လည်း အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ အိပ်ရာမ၀င်ခင် ကြက်ဆူဆီလိမ်းတာကြောင့် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။

အသားအရေ စိုပြည်စေခြင်း

ကြက်ဆူဆီမှာ ဖက်တီးအက်စစ် ပါဝင်မှုများတာကြောင့် အရေပြားထဲ အလွယ်တကူ စိမ့်ဝင်နိုင်ပြီး အရေပြားပေါ်က ခြောက်သွေ့တဲ့ အသားပပ်ရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဆူဆီကို အနည်းငယ်သုတ်လိမ်းတာကြောင့် အသားအရေကို စိုပြည်စေပါတယ်။ ညဘက်မှာ ကြက်ဆူဆီလိမ်းပြီး အိပ်တာကြောင့် နံနက်ခင်းမှာ အသားအရေက စိုပြည်နူးညံ့ လန်းဆန်းနေပါလိမ့်မယ်။

ဝက်ခြံပျောက်စေခြင်း

ကြက်ဆူဆီမှာ Ricinoleic Acid ပါဝင်မှုများတာကြောင့် ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးပါတယ်။ ကြက်ဆူဆီက အရေပြားအလွှာထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် ၀က်ခြံကို အကောင်းဆုံးကုသမှု ပေးနိုင်ပါတယ်။ အရင်ဆုံး မျက်နှာကို ကြက်သီးနွေးရေနဲ့ သန့်စင်ပြီး ချွေးပေါက်ပွင့်အောင်လုပ်ပါ။ ပြီးရင် ကြက်ဆူဆီသုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီး နံနက်ခင်းကျမှ ဆေးကြောပါ။

အမာရွတ် မှိန်ဖျော့စေခြင်း

ကြက်ဆူဆီကို အဆက်မပြတ်သုံးရင် အမာရွတ်တွေကို မှိန်ဖျော့သွားစေပါတယ်။ ကြက်ဆူဆီမှာပါတဲ့ ဖက်တီးအက်စစ်ဟာ အမာရွတ်တစ်သျှူးထဲ စိမ့်ဝင်ရာက်ရှိပြီး အမာရွတ်ဝန်းကျင်က ကောင်းတဲ့တစ်သျှူး ကြီးထွားမှုကို အားပေးပါတယ်။

ဆံပင်ကျွတ်နည်းပြီး ဆံပင်အသစ်ပေါက်စေခြင်း

ကြက်ဆူဆီကို ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပေးတာကြောင့် ဆံပင်ကျွတ်နှုန်းနည်းပြီး ဆံပင်အသစ်ကို ထွက်စေပါတယ်။ ဒါ့အပြင် အိုမီဂါ ၉ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်သားကို အားဖြည့်ပေးပြီး ဆံပင်ကြီးထွားစေပါတယ်။ ဆံချည်မျှင်အိတ်ထဲ သွေးလှည့်ပတ်မှုကောင်းစေတဲ့အတွက် ဆံပင်သားကို ကျန်းမာစေပါတယ်။ အမိုင်နိုအက်စစ်၊ အိုမီဂါ ၆ ဖက်တီးအက်စစ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တဲ့အတွက် ဦးရေပြားကျန်းမာစေပြီး ဆံပင်နက်မှောင်စေပါတယ်။

Most Popular

Healthy Life Ad
To Top