Healthy Life Ad
Health Tips

COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီး အသိပေး

ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ယနေ့အသိပေးထားသည်။

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် –

(၁) ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊

(၂) လုံလောက်သော ပဋိပစ္စည်းထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊

(၃) ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊

(၄) ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊

(၅) ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊

(၆) ဓါတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊

စသည်တို့ကို သိရှိနိုင်ရန်နှင့် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျ လက်တွေ့စမ်းသပ် သုတေသန ပြုလုပ်သည့်အဆင့် (၃) ဆင့် (3 phases of clinical trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျဆောင်ရွက်ရကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ယခုအချိန်ထိ မည်သည့်နိုင်ငံ၊ မည်သည့်ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးတစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို ပြီးမြောက်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။ ယခုအချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးသဖြင့် ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက အသိပေးထားသည်။ #HealthyLife

ရန်ကုန်၊ အောက်တိုဘာလ (၁)

Most Popular

Healthy Life Ad
To Top