Healthy Life Ad
Health Tips

အသက် ၂၅ နှစ်နှင့် ၃၅ နှစ်ကြား အရွယ်တို့အတွက် သင့်တော်ကောင်းမွန်သည့် အာဟာရ

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

အသက် ၂၅ နှစ်ကျော်လာတဲ့အခါ ဇီဝကမ္မဖြစ်စဉ်က ငယ်ငယ်တုန်းကကောင်းသလောက် အခုချိန်မှာ တဖြည်းဖြည်း ပြန်ကျသွားပါတယ်။ အဲလို လျော့နည်းသွားတဲ့အခါ အဓိကက ပိုတက်ဆီယမ်ဓာတ် ကျပါတယ်။ ပိုတက်ဆီယမ်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုပမာဏက နည်းသွားပါတယ်။ အဲဒီတော့ အဆီတစ်သျှူးပမာဏက ပိုများလာတတ်တာကြောင့် သက်လတ်ပိုင်းရောက်တဲ့အခါ လူတွေဝလာတတ်တာပါ။ ငယ်ငယ်တုန်းကဆိုရင် ဘယ်လောက်စားစား မ၀ပါဘူး။ ဇီဝကမ္မ လုပ်ငန်းဆောင်တာတွေ ကောင်းနေတာကိုး။ ဒါပေမဲ့ ၂၅ နှစ်လည်းကျော်ရော ဇီဝကမ္မ လုပ်ငန်းဆောင်တာက တစ်နှစ်ကို နှစ်ရာခိုင်နှုန်း လျော့ကျပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းက ၀နေတာကို မထိန်းဘဲထားရင် အသက် ၁၅ နှစ်ကျော်လို့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေလည်းကျရော ပိုဝလာမှာ သေချာပါတယ်။ အရင်တုန်းက ကိုယ်က ထမင်းတစ်ပန်းကန် စားတယ်ပေါ့။ အသက် ၂၅ နှစ်ကျော်တဲ့အခါ ထမင်းတစ်ပန်းကန်ပဲ ပုံမှန်စားပေမယ့် အရင်တုန်းကလောက် ဇီဝရုပ်ဖြစ်စဉ် မကောင်းတာကြောင့် တစ်နှစ်မှာအနည်းဆုံး အဆီဓာတ်က ၂ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ကိုယ်အလေးချိန် တက်လာတာပေါ့။

“ ဒီအသက်အရွယ်မှာ အလိုအပ်ဆုံး အာဟာရဓာတ်တွေက သံဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင် ဒီ၊ အိုမီဂါ ၃၊ ဖိုင်တိုအီစထရိုဂျင်ဓာတ်တို့ ဖြစ်ပါတယ်။ အဲဒါတွေကို မှန်မှန်ကန်ကန် စားထားဖို့ လိုအပ်ပါတယ်။ အဆီတစ်သျှူးတွေက များလာတဲ့အတွက် ကိုယ်အလေးချိန် တက်နိုင်တာကြောင့်” . . .

ဝင်လာတတ်သည့် ကျန်းမာရေးပြဿနာများ

သက်လတ်ပိုင်းအရွယ် ၀င်လာတာနဲ့ သွေးကြောပိတ်တဲ့ရောဂါတွေ၊ ဆီးချိုရောဂါတွေက စဖြစ်လာပါတယ်။ ဒါကြောင့် အစာများများစားတာနဲ့အညီ လှုပ်ရှားမှုတွေကလည်း တိုးပြီးလုပ်ဖို့ လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လမ်းလျှောက်သွားဖို့ ပျင်းရိလာတာ၊ ဘယ်သွားသွား ကားနဲ့သွားလိုက်ရမှ ဖြစ်တာတွေ ရှိပါတယ်။ လှုပ်ရှားမှုတွေ လျော့သွားတာကြောင့် အသက် ၃၅ နှစ်နဲ့ ၄၀ နှစ်လောက်ဆို ကိုယ်အလေးချိန်တက်လာတာ များပါတယ်။ တချို့သူတွေကျတော့ ငယ်ငယ်က များများမစားနိုင်ပေမယ့် ဒီသက်လတ်ပိုင်းအရွယ်လည်းရောက်ရော များများစားတာတွေ ရှိလာပါတယ်။ အမျိုးသမီးတွေက အဆီများတဲ့ အစာတွေစားပြီး အမျိုးသားတွေကတော့ ဘီယာ၊ အရက် စတာတွေ သောက်လာကြပါတယ်။ Lipid Profile များတယ်၊ ဆီးချိုသွေးချို ရောဂါတွေလည်း အစဖြစ်လာပါပြီ။ တကယ်တော့ လျှော့စားရမှာပါ။ အဲဒီကို တိုးတိုးစားတော့ အသက် ၃၀ ၊ ၄၀ လောက်ဆိုတော့ ပိုပိုပြီးဝလာတာပါ။

ဘ၀နေထိုင်မှုပုံစံ မမှန်တာကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ နှလုံးရောဂါ၊ လေဖြတ်တာ၊ အဆုတ်ရောဂါတွေ ရှိလာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြစ်လာတာကြောင့် အိပ်မရတာတွေအပြင် အသက် ၃၅ နှစ်အထက်မှာ ဖြစ်နိုင်မယ့်ရောဂါတွေ အစပျိုးလာပြီ။

ဘာတွေမှီဝဲသင့်သလဲ

ဒီအသက်အရွယ်မှာ အလိုအပ်ဆုံး အာဟာရဓာတ်တွေက သံဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်၊ ဖိုင်တိုအီစထရိုဂျင်ဓာတ်တို့ ဖြစ်ပါတယ်။ အဲဒါတွေကို မှန်မှန်ကန်ကန် စားထားဖို့ လိုအပ်ပါတယ်။ အဆီတစ်သျှူးတွေက များလာတဲ့အတွက် ကိုယ်အလေးချိန်တက်နိုင်တာကြောင့် ကိုယ်အသက်အရွယ်၊ ကိုယ့်အရပ်အမောင်းနဲ့အညီ သင့်တော်မယ့် ကိုယ်အလေးချိန်ရှိဖို့ လိုပါတယ်။ အဲဒီတော့ အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်အတွက် သင့်တော်မယ့် အစာတွေစားဖို့ကတစ်ချက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ဖို့ကတစ်ချက်၊ ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးပါတယ်။

အသက် ၂၅ နှစ်ကျော်လာတော့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးကွေးလာပြီဖြစ်တာကြောင့် အဓိက မျှမျှတတစားပါ။ အသီးအရွက်တွေ စားနိုင်သလောက်စားပေးပါ။ နဂိုကလည်း အသားဓာတ်ရရှိနှုန်းက နည်းသွားပြီဖြစ်တဲ့အတွက် အသားတွေစားမယ်ဆိုရင် အဆီများတာထက် အဆီနည်းပရိုတင်းဓာတ် ရရှိအောင်စားဖို့ လိုအပ်ပါတယ်။ ပဲများများစားရပါမယ်။ ထမင်းစားတဲ့အခါမှာလည်း အရင်ကစားထာတာထက် လျှော့စားပေးသင့်ပါတယ်။ အရင်တုန်းက တစ်ပန်းကန်စားပေမယ့် နှစ်ဇွန်းလောက်လျှော့စားတာမျိုး၊ နောက်ပြီး Processed F သသိ တွေဖြစ်တဲ့ ဘာဂါတို့၊ အချိုရည်တွေ၊ အနီရောင်ရှိတဲ့ အသားတွေ၊ ဖြူဖွေးသန့်စင်လွန်းတဲ့ သကြားတွေကို လျှော့စားရပါမယ်။ ကိုလက်စထရောလည်း တက်တတ်တာကြောင့် အိုမီဂါ ၃ ကို ပိုစားမယ်။ ပဲနို့သောက်တာ၊ ဆယ်လမွန်ငါး စတာတွေကို စားတာမျိုး လုပ်ပေးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ အားကစားလုပ်တာ၊ လှေကားတတ်တာတို့ ဆောင်ရွက်ပေးပါ။ နောက်ပြီး အိပ်ရေး၀၀အိပ်ပါ။ အိပ်ပျော်အောင်အိပ်ပါ။ ခန္ဓာကိုယ်အတွက် အကျိုးပြုဆယ်ရီတိုနင်ဓာတ်တွေ ထွက်လာမှာ ဖြစ်တာကြောင့် ညမအိပ်ခင် နွားနို့တစ်ခွက်သောက်တာ၊ ကန်စွန်းဥစားတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ကန်စွန်းဥက Complex ကာဗိုဟိုက်ဒရိတ်ဖြစ်တာကြောင့် ကစီဓာတ်ဆိုပေမယ့် ခန္ဓာကိုယ်ကို မ၀စေသလို ဆီးချိုလည်း မဖြစ်စေနိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top