Healthy Life Ad
Life Style

ကျန်းမာလှပတဲ့ဘ၀ ပိုင်ဆိုင်ဖို့ရာ အရောင်လှလှခြယ်ရအောင် . . .

———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊———

အရောင်တွေက သင်ရဲ့ခံစားချက်ကို ပိုပြီး ထင်ရှားပေါ်လွင်စေပါတယ်။ ဒါကြောင့် သင်ဝတ်ဆင်တဲ့ ၀တ်စုံအရောင် ဒါမှမဟုတ် ပြင်ဆင်တဲ့အရောင်အသွေး စတာတွေဟာလည်း သင်ရဲ့ပုံစံကို ဖော်ညွှန်းနေပါတယ်။ ကမ္ဘာလောကကြီး တစ်ခုလုံးဟာ အရောင်တွေနဲ့ ပြည့်နေပါတယ်။ နေ့စဉ်အရောင်တွေနဲ့ ခြယ်သထားတဲ့ ပတ်ဝန်းကျင်က ကျွန်မတို့ကို ကြိုဆိုနှုတ်ဆက်နေပါတယ်။ လေ့လာမှုတွေအရ မတူညီတဲ့ အရောင်အဆင်းအမျိုးမျိုးဟာ လူတွေကို မတူညီတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ အရောင်တွေနဲ့ စိတ်ခံစားမှု ဆက်စပ်ပုံကို ကောင်းကောင်းနားလည်တာက အိမ်ကို ဘယ်လိုအလှဆင်သင့်တယ်၊ အ၀တ်အစားအရောင်ကို ဘယ်လိုရွေးချယ်သင့်တယ်၊ နေ့စဉ်ဆုံးဖြတ်ချက်ကို ဘယ်လိုချမှတ်သင့်တယ်ဆိုတာကို သိနားလည်အောင် ကူညီပေးနိုင်ပါတယ်။

(၁) အနီရောင်

အနီရောင်ဟာ ပြင်းထန်ပြီး စိတ်ကိုနှိုးဆွပေးတဲ့ အရောင်မျိုးပါ။ အချစ်၊ အမုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှုအရ အနီရောင်ဟာ အရောင်နဲ့ စိတ်ခံစားမှုဆက်စပ်ပုံကို ဖော်ညွှန်းရာမှာ အပြင်းထန်ဆုံး ဥပမာဖြစ်ကြောင်း ဆိုပါတယ်။ အနီရောင်ဟာ တုံ့ပြန်မှုပြင်းထန်တာကြောင့် သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို တိုးစေပါတယ်။ အတွေးတွေကို ယောက်ယက်ခတ်စေတာကြောင့် အနီရောင်နဲ့ ထိတွေ့မှုဟာ ပဟေဠိတွေကို အဖြေရှာတဲ့အခါမှာ ပြီးဆုံးအောင်လုပ်နိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ အနီရောင်နှုတ်ခမ်းနီ၊ ၀တ်စုံနဲ့ နက်ခတိုင် စတာတွေကို ရွေးချယ်တာဟာ ဆွဲဆောင်မှုပိုရှိစေပြီး အများရဲ့စိတ်ဝင်စားမှုကို ရရှိစေပါတယ်။ အခန်းအရောင်အဖြစ် အနီရောင်ကို သုံးတာကတော့ စိတ်တက်ကြွမှု ဖြစ်လွန်းစေတာကြောင့် ရုံးခန်းတွေမှာသာ သုံးသင့်ပါတယ်။

(၂) အပြာရောင်

အပြာရောင်ကိုတော့ အေးငြိမ်းတဲ့ အရောင်အဖြစ် တင်စားကြပါတယ်။ အပြာရောင်က ခန္ဓာကိုယ်ကို အနားရစေပြီး နှလုံးခုန်နှုန်းကို လျော့နည်းစေပါတယ်။ ဆေးရုံတွေမှာ အပြာနဲ့အဖြူကိုရောပြီး ပြင်ဆင်ထားတာက လူနာတွေကို အနားရစေပြီး ငြိမ်းအေးစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် အပြာရောင်ကို အိပ်ရာခင်းအဖြစ် သုံးရာမှာ အကောင်းဆုံးလို့ ဆိုကြတာဟာ အိပ်ရေး၀၀ အိပ်ပျော်စေတာကြောင့်ပါ။

alignnone size-medium wp-image-58505
(၃) အ၀ါရောင်

အ၀ါရောင်ဟာ ပျော်ရွှင်မှုနဲ့ ချမ်းမြေ့မှုတို့ကို တိုးစေတဲ့အရောင်ပါ။ အ၀ါရောင်ဟာ အကောင်းမြင်တာ၊ စွမ်းအင်တိုးတာ၊ တက်ကြွတာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတာ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အ၀ါရောင်ဟာ စိတ်ကို နှိုးဆွနိုင်စွမ်းရှိပေမယ့် အနီရောင်လောက်တော့ မပြင်းထန်ပါဘူး။ အကောင်းမြင်တာနဲ့ ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ဖော်ပြနိုင်ဖို့အတွက် ကုမ္ပဏီအများစုက ကြော်ငြာရာမှာ အ၀ါရောင်ကို သုံးလေ့ရှိပါတယ်။ အ၀ါရောင်ဝတ်စုံဝတ်တာနဲ့ အ၀ါရောင်အခန်းထဲမှာ အချိန်ဖြုန်းတာဟာ အဲဒီနေ့ကို တောက်ပအသက်ဝင်စေပါတယ်။

(၄) အစိမ်းရောင်

ဘ၀နဲ့ သဘာဝရဲ့အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ကျန်းမာခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတို့ရဲ့ ပြယုဂ်အဖြစ် တင်စားကြပါတယ်။ အပြာရောင်လိုပဲ အစိမ်းရောင်ဟာ စိတ်အေးချမ်းတာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု စတာတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ အစိမ်းရောင်က ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ ကြားနေအရောင်ဖြစ်တာကြောင့် ကျောင်းဝတ်စုံ၊ ဆေးရုံဝတ်စုံ စတာတွေလို အဖွဲ့အစည်းတွေရဲ့ ၀တ်စုံအဖြစ် အသုံးပြုကြပါတယ်။ အစိမ်းရောင်ဝတ်စုံကို ၀တ်ထားရင် သင့်ကို အကောင်းမြင်တတ်သူ၊ စိတ်အေးလက်အေး ရှိသူအဖြစ် အများက ထင်မြင်ကြပါလိမ့်မယ်။ အစိမ်းရင့်ရောင်ခြယ်ထားတဲ့ အခန်းဟာ စိတ်ကိုအပန်းပြေစေတဲ့ နေရာကောင်းတစ်ခုပါပဲ။

alignnone size-medium wp-image-58506
(၅) လိမ္မော်ရောင်

လိမ္မော်ရောင်ဟာ အနီရောင်လောက်လည်း မတက်ကြွစေသလို အစိမ်းလောက်လည်း မငြိမ်းချမ်းစေပါဘူး။ လိမ္မော်ရောင်နဲ့ အညိုရောင်ကို အရောင်ညီအစ်မလို့ တင်စားကြပြီး သဘာဝလောကကြီးနဲ့ ဆက်စပ်မှု ရှိနေကြပါတယ်။ လိမ္မော်ရောင်ဟာ နွေးထွေးမှုနဲ့ စိတ်အားတက်ကြွမှုဆိုတဲ့ ခံစားချက်ကို ပေးနိုင်ပြီး အညိုရောင်ကတော့ သက်သောင့်သက်သာရှိမှုနဲ့ လုံခြုံမှုတို့ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းပရိဘောဂ ပစ္စည်းတွေမှာ အညိုရောင်ကို အသုံးများကြတာ ဖြစ်ပါတယ်။

(၆) ခရမ်းရောင်

အစိမ်းနဲ့ အပြာလို အေးမြစေတဲ့ အရောင်ဖြစ်တာကြောင့် ခရမ်းရောင်ဟာ အေးမြငြိမ်းချမ်းတဲ့ ခံစားမှုကို ရရှိစေပါတယ်။ စိတ်ပူပန်သောကတွေကိုလည်း လျော့ပါးစေပါတယ်။ ခရမ်းရောင်က နန်းဆန်ခြင်းနဲ့ မြင့်မြတ်ခြင်းတွေကို ဖော်ညွှန်းနေတာကြောင့် ထူးခြားဆန်းပြားတဲ့ အရောင်လို့ တင်စားကြပါတယ်။ ခရမ်းရောင်ဝတ်စုံထက် ခရမ်းရောင်ကို နက်ခတိုင်အဖြစ်၊ ပ၀ါအဖြစ် ၀တ်ဆင်တာက ၀င့်ထည်မှုရှိစေပါတယ်။

(၇) အနက်ရောင်

အနက်ရောင်ကို ၀မ်းနည်းမှုရဲ့အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံတွေမှာ ၀တ်ဆင်ကြတာကြောင့် ပူဆွေးမှု၊ သောက စတာတွေနဲ့ ဆက်စပ်မှုရှိနေသလို အမုန်းနဲ့လည်း ဒွန်တွဲနေတဲ့အရောင်ပါ။ ဒါပေမဲ့ အနက်ရောင်က သြဇာတိက္ကမရှိပြီး ဆွဲဆောင်မှုရှိတာကြောင့် အမျိုးသားတွေဟာ ညပွဲတွေမှာ အနက်ရောင်ဝတ်စုံပြည့်ကို ၀တ်လေ့ရှိပါတယ်။ အထင်မြင်ကြီးစေလိုတဲ့အခါနဲ့ အလေးထားရမယ့် ပရော့ဂျက်တွေကို တင်ပြရတဲ့အခါတွေမှာ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ၀တ်သင့်ပါတယ်။

(၈) အဖြူရောင်

စည်းလုံးညီညွတ်မှုနဲ့ မျှတမှုတို့ရဲ့ ပြယုဂ်ဖြစ်တဲ့ အဖြူရောင်ကိုတော့ အဖွဲ့အစည်းတွေက အသုံးများပါတယ်။ အဖြူရောင်က သန့်စင်မှုနဲ့ ငြိမ်းအေးမှုတို့ရဲ့ အရောင်ဖြစ်တာကြောင့် မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ အထိမ်းအမှတ်ပွဲတွေမှာ အဖြူရောင်ကို သုံးကြပါတယ်။ နေ့စဉ် ၀တ်ဆင်မယ်ဆိုရင်တော့ အဖြူရောင်က အထီးကျန်ပြီး စိတ်ကူးကင်းမဲ့တဲ့ အရောင်မျိုးထင်ရကာ ပျင်းစရာကောင်းစေပါတယ်။ ဒါကြောင့် အဖြူရောင်အခန်းထဲမှာ အလုပ်လုပ်ရတဲ့သူတွေဟာ အလုပ်လုပ်နိုင်စွမ်း လျော့ကျတတ်ပြီး သက်သောင့်သက်သာ မရှိတာကို လေ့လာတွေ့ရှိရပါတယ်။

Most Popular

Healthy Life Ad
To Top