Healthy Life Ad
Q & A

ထိရောက်သော သွားနှင့် ခံတွင်းသန့်စင်နည်းများ (Oral Health Care)

———၊ သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦး ၊———

Q. ခံတွင်းသန့်စင်နည်း အမျိုးမျိုးအကြောင်း သိပါရစေဆရာ။

A. ခံတွင်းသန့်စင်နည်း အမျိုးမျိုးရှိပါတယ်။ ရှေးကတည်းက ခံတွင်းကို နည်းအမျိုးမျိုးနဲ့ သန့်စင်ခဲ့ကြပါတယ်။ ဆားနဲ့လက်နဲ့ သွားတိုက်တာ၊ ရေနွေးကြမ်းထဲ ဆားထည့်ပြီး ပလုတ်ကျင်းတာ၊ ဆားရေငုံတာ၊ ဆားရည်နဲ့ ပလုတ်ကျင်းတာ စတဲ့ နည်းအမျိုးမျိုးနဲ့ ခံတွင်းသန့်စင်ခဲ့ကြပါတယ်။ ပြာကိုလည်း သုံးခဲ့သလို မီးသွေးအခဲလိုက် ဒါမှမဟုတ် မီးသွေးခဲကို အမှုန့်ကြိတ်ပြီး သုံးခဲ့ပါတယ်။ ဒါပေမဲ့ တချို့သန့်စင်နည်းတွေက သိပ္ပံနည်းမကျပါဘူး။ တချို့သန့်စင်နည်းတွေဆိုရင် သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သဲဆပ်ပြာ၊ အုတ်နီခဲမှုန့်နဲ့ သဲတွေကိုသုံးပြီး သွားနဲ့ခံတွင်း သန့်စင်ရင် ကြွေသွားလွှာကို ပျက်စီးစေပါတယ်။ တချို့ဒေသတွေမှာဆိုရင် အိုးမည်းကိုသုံးပြီး ခံတွင်းသန့်စင်တာကို တွေ့ရပါတယ်။ ဆရာတို့က မြန်မာပြည်အနှံ့ နယ်လှည့်ပြီး သွားနဲ့ခံတွင်း အခမဲ့ ကုသမှုပေးတာ၊ ပညာပေးဟောပြောတာတွေ လုပ်နေတော့ အုန်းဆံအနုတွေနဲ့ သွားတွေကို ပွတ်တိုက်တာ၊ ကွမ်းသီးအခွံခြမ်းတွေနဲ့ သွားတွေကို တိုက်တာ၊ ၀ါးပင်အနုလေးနဲ့တိုက်တာ၊ တမာရိုးကို ၀ါးပြီး သွားတွေကိုပွတ်တိုက်တာ စတဲ့ နည်းအမျိုးမျိုးနဲ့ သွားနဲ့ခံတွင်း သန့်စင်ရေးနည်းတွေ လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

အဲဒီအထဲမှာ တမာတစ်ခက် သွားတစ်သက်ဆိုသလို တမာကို သွားတိုက်တံအဖြစ်သုံးတာက သွားနဲ့ခံတွင်းကို သန့်စင်စေတာကို တွေ့ရပါတယ်။ ရဟန်းသံဃာတွေသုံးတဲ့ တံပူဆိုတာ တမာရိုးကို သုံးထားတာပဲဖြစ်ပါတယ်။ သွားအတွက်ဆိုရင် အညာတမာက ကောင်းပါတယ်။ အောက်ပြည်က တမာတွေက မကောင်းပါဘူး။ အညာတမာမှာ ပါဝင်တဲ့ ပစ္စည်းတွေက ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်တာဖြစ်ပါတယ်။ ပုဏ္ဌရိပ်ရွက်ကို ပြုတ်ပြီး ငုံတဲ့ဓလေ့ထုံးစံကလည်း ခံတွင်းသန့်စင်တဲ့နည်းပဲ ဖြစ်ပါတယ်။ တချို့တွေက အနံ့ဆိုးပျောက်အောင် ဗလရှင်ဆေးပြား ငုံတယ်။ အခုခေတ်မှာတော့ အနံ့ဆိုးပျောက်အောင် ပီကေ၀ါးတာ၊ ချိုချဉ်ငုံတာ စတဲ့ နည်းတွေနဲ့လည်း ခံတွင်းအနံ့အသက်ကောင်းအောင် လုပ်ဆောင်ကြပါတယ်။

Q. ခံတွင်းသန့်စင်တဲ့အခါ သုံးသင့်တဲ့ သွားတိုက်တံအကြောင်းကိုလည်း သိပါရစေဆရာ။

A. ခံတွင်းသန့်စင်ရေးအတွက် ရုပ်ဝတ္ထုပစ္စည်းသုံးတာ(Mechanical)နဲ့ ဓာတ်ပေါင်းပစ္စည်းသုံးတာ (Chemical)တွေကို အသုံးပြုကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်း သုံးတဲ့နည်းမှာ တစ်ကမ္ဘာလုံးသုံးနေတဲ့ ခံတွင်းသန့်စင်နည်းက သွားပွတ်တံနဲ့ သွားတိုက်ဆေးသုံးပြီး သွားတိုက်တာပဲ ဖြစ်ပါတယ်။ သွားတိုက်တံကလည်း အမျိုးအစားအမျိုးမျိုး ရှိပါတယ်။ လျှပ်စစ်သွားတိုက်တံ(Electric Toothbrush)နဲ့ လက်ကိုသုံးရတဲ့ သွားတိုက်တံ (Manual Toothbrush) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံသဏ္ဌာန်ကလည်း အမျိုးမျိုးရှိတဲ့အပြင် ၀က်မှင်ဘီးကလည်း အမျိုးမျိုးရှိပါတယ်။ တကယ်တော့ သိပ္ပံနည်းကျတဲ့ သွားတိုက်တံက လက်တံဖြောင့်ရပါမယ်။ ၀က်မှင်ဘီးအသွားတွေကလည်း ညီနေရပါမယ်။ အချိုင့်၊ အချွန်တွေ၊ ဘီးလိုအရာတွေပါနေရင် မကောင်းပါဘူး။ ရိုးရိုးလက်ကိုင်အဖြောင့်ကိုပဲ အမွှေးတွေကလည်း ညီညာနေရပါမယ်။ ဒါမှသာ သွားကြိုသွားကြားက အညစ်အကြေးတွေကို ကောင်းကောင်းဖယ်ထုတ်ပေးမှာပါ။ သွေးသားလည်ပတ်မှု ကောင်းဖို့အတွက် နှိပ်ပေးသလို အာနိသင်ရစေမှာပါ။ ဒါ့အပြင် သွားဖုံးရောင်တာကို သက်သာစေမှာ ဖြစ်ပါတယ်။ သွားတိုက်တဲ့အခါ အလွန်မာတဲ့ ၀က်မှင်ဘီးကို မရွေးရပါဘူး။ နူးညံ့တဲ့ သွားတိုက်တံ Soft အမျိုးအစားနဲ့ Medium အမျိုးအစားကို ရွေးသင့်ပါတယ်။

“ ညအိပ်ရာဝင်ခါနီးတစ်ကြိမ်၊ နံနက်စာစားအပြီးတစ်ကြိမ် သွားနဲ့ခံတွင်းကို စနစ်တကျ သိပ္ပံနည်းကျ သန့်စင်ပေးရပါမယ်။ ညဘက်မှာ သွားကို သေချာနှံ့စပ်အောင် တိုက်ပေးရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေကို ကင်းဝေးစေပါတယ်” . . .

Q. ခံတွင်းသန့်စင်ရေးအတွက် ဘယ်လိုသွားတိုက်ဆေးမျိုးကို ရွေးချယ်သင့်ပါသလဲ ဆရာ။

A. အခုခေတ်မှာ သွားတိုက်ဆေးအမျိုးမျိုး ရှိနေပါပြီ။ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေက၀င်လာတဲ့ သွားတိုက်ဆေးတွေရှိသလို ပြည်တွင်းထုတ် သွားတိုက်ဆေးတွေလည်း ရှိပါတယ်။ သွားဖြူစေတဲ့ဆေး၊ သွားတွေကို သန့်စင်စေတဲ့ဆေး၊ အနံ့အရသာကောင်းတဲ့ ဆေးဆိုပြီး အမျိုးမျိုးရှိပါတယ်။ ကလေးတွေအတွက်ဆိုရင် စတော်ဘယ်ရီ၊ လိမ္မော်၊ စပျစ် စသဖြင့် အရသာရှိတဲ့ သွားတိုက်ဆေးတွေကို ဖော်စပ်ထားသလို လူကြီးတွေအတွက် စိတ်ရွှင်လန်းစေမယ့် အနံ့တွေ၊ Menthol ပါတာတွေဆိုပြီး ရှိပါတယ်။ ဘယ်တံဆိပ်ပဲဖြစ်ဖြစ် ဖလိုရွိုက်(Fluoride)ပါတဲ့ သွားတိုက်ဆေးကို သုံးသင့်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပြည်တွင်းပြည်ပကထုတ်တဲ့ သွားတိုက်ဆေးတွေမှာ ဖလိုရွိုက်ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီး သွားနဲ့ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်အသင်းရဲ့ ထောက်ခံချက်နဲ့ ခွင့်ပြုထားတဲ့ သွားတိုက်ဆေးတွေ ပေါ်နေပါပြီ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဖလိုရွိုက်ပါဝင်တဲ့ သွားတိုက်ဆေးကို ရွေးသုံးသင့်ပါတယ်။

Q. ခံတွင်းသန့်စင်ပြီး တစ်သက်တာခိုင်မြဲစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို သိပါရစေဆရာ။

A. (၁) ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးရပါမယ်။ ကလေးတွေအတွက် ကလေးသွားပွတ်တံ ဒါမှမဟုတ် လက်စွပ်ရာဘာနဲ့ တိုက်ပေးရပါမယ်။

(၂) သွားပွတ်ကြိုးသုံးတာက သွားနှစ်ချောင်းကြားက အညစ်အကြေးတွေသာမက သွားဖုံးအပေါ်မှာ ကပ်ညိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၃) သွားကြားထိုးတံ အမျိုးမျိုးရှိပါတယ်။ သစ်သား၊ ပလတ်စတစ်၊ Synthetic စတဲ့ သွားကြားထိုးတံ အမျိုးမျိုးအနက် ပါးပါးပျော့ပျော့ အမျိုးအစားကသာ အကောင်းဆုံးဖြစ်ပါတယ်။ မာမာတုတ်တုတ် သွားတိုက်တံက သွားဖုံးတွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ သွားတွေကို ပွန်းပဲ့စေနိုင်ပါတယ်။

(၄) လျှာပွတ်တံ(Tooth Brush)ကလည်း လျှာပေါ်က အညစ်အကြေး၊ အမြှေးပါး၊ ပိုးတွေကို လျော့ကျစေပါတယ်။

(၅)ငွေကုန်ကြေးကျသက်သာတဲ့ သွားနဲ့ခံတွင်း သန့်စင်နည်းကတော့ ပါးစပ်ကို ရေနဲ့ပလုတ်ကျင်းပေးတာပဲ ဖြစ်ပါတယ်။ အစာစားပြီးတိုင်း၊ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီစတာတွေ သောက်ပြီးတိုင်း ပလုတ်ကျင်းသင့်ပါတယ်။

(၆) Chemical နည်းဖြစ်တဲ့ ဓာတ်ပေါင်းဆေးတွေ သုံးတာကတော့ ပါးစပ်ဆေးရည်(Mouth­wash) နဲ့ ငုံဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေထဲမှာ ခံတွင်းအနံ့ဆိုး ပျောက်စေတဲ့ဆေး၊ ဘက်တီးရီးယားပိုး ထိန်းပေးတဲ့ဆေး၊ သွားရဲ့ခုခံအား တိုးတက်စေတဲ့ဆေး၊ သွားဖုံးကျန်းမာစေတဲ့ဆေး စသဖြင့် အမျိုးမျိုး ပါဝင်ပါတယ်။ သွားပိုးစားရောဂါကာကွယ်တဲ့ ဆေးရည်ရှိသလို သွားဖုံးရောဂါ ကာကွယ်ပေးတဲ့ ဆေးရည်တွေလည်း ရှိပါတယ်။ မိမိအတွက် သင့်တော်တာကို ရွေးသုံးနိုင်ပါတယ်။

Q. ခံတွင်းသန့်စင်ရေးအတွက် အရေးပါတဲ့ အစားအစာတွေကို သိပါရစေ ဆရာ။

A. နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာလည်း ခံတွင်းကို သန့်စင်စေတဲ့ အရာတွေ ရှိပါတယ်။ အဲဒီအစာတွေက မုန်လာဥနီ၊ စိမ်းစားဥ၊ ပန်းသီး၊ ဆီးပန်းသီး၊ မာလကာသီး စတဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်ကြပါတယ်။ ခံတွင်းကို ညစ်ပတ်စေတဲ့ အစာတွေက ကန်စွန်းဥ၊ ပြောင်းဖူး၊ အမျှင်များတဲ့ အစာတွေ ဖြစ်ကြပါတယ်။ ဒီအစာတွေကို စားပြီးရင် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။

Q. ခံတွင်းသန့်စင်ရေးအတွက် တစ်နေ့ဘယ်နှစ်ကြိမ် သွားတိုက်သင့်ပါသလဲ ဆရာ။

A. ညအိပ်ရာဝင်ခါနီးတစ်ကြိမ်၊ နံနက်စာစားအပြီးတစ်ကြိမ် သွားနဲ့ခံတွင်းကို စနစ်တကျ သိပ္ပံနည်းကျ သန့်စင်ပေးရပါမယ်။ ညဘက်မှာ သွားကို သေချာနှံ့စပ်အောင် တိုက်ပေးရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေကို ကင်းဝေးစေပါတယ်။ လူတစ်ဦးက သွားတိုက်တံတစ်ချောင်းကို သီးသန့်သုံးရပါမယ်။ မိသားစုအတူတူ မသုံးသင့်သလို သူများနဲ့ မျှဝေပြီးလည်း မသုံးရပါဘူး။ သွားပိုးစားရောဂါက ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် Social Disease လို့ ခေါ်ပါတယ်။ သူများနဲ့ မျှဝေပြီး သွားတိုက်တံသုံးတာကြောင့် ကူးစက်နိုင်ပါတယ်။ သွားတိုက်ပြီးရင် သွားတိုက်တံကို ရေစစ်ပြီး ဖန်ခွက်ထဲ ထောင်ထားရပါမယ်။ ကြုံသလို ပစ်မထားရပါဘူး။ ခံတွင်းသန့်စင်ဖို့အတွက် ကွမ်းစားတာနဲ့ ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top