Healthy Life Ad
Health Tips

နှလုံးရောဂါ ကာကွယ်ပေးနိုင်တဲ့ သရေစာရွေးစားရအောင် . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မျိုးရိုးဗီဇကြောင့် နှလုံးကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပေမယ့် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေလို ဘ၀နေထိုင်စားသောက်မှု ပုံစံတချို့ကလည်း နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဆာပြေအဖြစ် ကျွန်မတို့စားလေ့ရှိတဲ့ သရေစာတွေကို အဆီအအိမ့်များတဲ့ အစားအသောက်တွေအစား အောက်ပါအစားအသောက်တွေကို ရွေးချယ်စားတတ်မယ်ဆိုရင် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းသီး

ပန်းသီးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပက်တင်(Pectin)အပြည့်အ၀ ပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရရှိသလဲ – ပန်းသီးမှာပါတဲ့ ကွာဆီတင်နဲ့ တခြားအင်တီအောက်ဆီးဒင့်တွေက သွေးကြောကျဉ်းစေတဲ့ ဓာတ်တိုးမှုတွေကို လျော့ကျစေတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကိုလည်း လျော့ကျစေပါတယ်။ ပက်တင်ဟာ နှလုံးရောဂါဖြစ်စေတဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ ပန်းသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်အနှံ့က သွေးကြောတွေကို ကျန်းမာစေပါတယ်။ အနီရောင်ပန်းသီးဟာ အင်တီအောက်ဆီးဒင့် အစွမ်းသတ္တိ အပြည့်အ၀ပါဝင်နေပါတယ်။

(၂) ကုလားပဲ

ဘော်ဒန်လေ့လာမှုတစ်ရပ်အရ အမျိုးသားနဲ့ အမျိုးသမီးတစ်သောင်းခန့်ကို လေ့လာခဲ့ရာ ကုလားပဲကို ပုံမှန်စားတဲ့သူတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို ၂၂ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရရှိသလဲ – ပဲအားလုံးမှာ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အစွမ်းရှိပါတယ်။ ကုလားပဲမှာ ပျော်ဝင်အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေတဲ့အပြင် နှလုံးကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်၊ ပိုတက်စီယမ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်။

(၃) Almond သစ်စေ့

လေ့လာမှုကြီးတွေအရ အခွံမာသီးတွေကို ပုံမှန်စားတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ဖြစ်နိုင်ခြေကို ၃၇ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗာဒံစေ့နဲ့ အရသာတူတဲ့ Almond စေ့မှာ တခြားအခွံမာသီးတွေထက် နှလုံးကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်နေပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရရှိသလဲ – Almond သစ်စေ့မှာ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်အပါအ၀င် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ မဂ္ဂနီစီယမ်ဟာ သွေးဖိအားကို ကျန်းမာတဲ့အဆင့်မှာ ထိန်းထားပြီး ပိုတက်စီယမ်က နှလုံးကသွေးညှစ်ထုတ်ရာမှာ ကောင်းအောင် ကူညီပေးပါတယ်။

(၄) စပျစ်သီး

စပျစ်သီးမှာ နှလုံးကိုကာကွယ်ပေးတဲ့ ဗီတာမင် စီ၊ ဗီတာမင် B6၊ ပိုတက်စီယမ်နဲ့ ဖလေဗိုးနွိုက် အပါအ၀င် အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရရှိသလဲ – စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ စပျစ်သီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် သွေးဖိအားကောင်းစေပြီး မကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဗီတာမင် B6 ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ သွေးတိုးတာကို လျော့ကျစေပါတယ်။

(၅) အမည်းရောင် ချောကလက်

တစ်နေ့မှာ ချောကလက်တစ်ကွက်စာပမာဏကို စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ လေ့လာသူတချို့က ဆိုထားပါတယ်။

ဘယ်လိုအကျိုးကျေးဇူး ရရှိသလဲ – အမည်းရောင်ချောကလက်မှာ ကိုကိုးပါဝင်မှု များပါတယ်။ ကိုကိုးမှာ ဖလေဗိုးနွိုက်ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် သွေးကြောပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top