Healthy Life Ad
Q & A

ကျန်းမာဖို့အရေး သိလိုရာမေး

Q. ညီမ လက်အနောက်ဘက် ကျော်ဘက်က အရမ်းနာနေလို့။ ကျောဘက်ပါနာတာ ၇ လရှိပါပြီ။ ဆေးခန်းပြလည်း မသက်သာလို့။
SL(FB)

A. ကျောပြင်နာတယ်၊ ဆရာဝန်လည်း ပြပြီးပြီဆိုတော့ အဆုတ်ကိုစစ်ဆေးပြီးပြီလို့ ထင်ပါတယ်။ ဖြစ်နိုင်ခြေကတော့ ကျောပြင်က ကြွက်သားနဲ့ အာရုံကြောတွေကြောင့်နာတာ ဖြစ်ပါလိမ့်မယ်။ အများစုက အအေးမိလို့ ဖြစ်တာများတတ်ပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာ ရှာပြီး ရှောင်ကြဉ်မယ်ဆိုရင်တော့ ထပ်ဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်မှန်းမသိဘဲနဲ့ အကိုက်အခဲပျောက်ဆေးပဲသောက်ပြီး အနေအထိုင်မဆင်ခြင်ရင် ပြန်ဖြစ်မှာပဲ။ ဥပမာ-အအေးမိတာ၊ လည်ပင်းကျီးပေါင်း စတာတွေက အနေအထိုင်မပြုပြင်ရင် သက်သာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောအောင့်ကျောနာရင် ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရှာဖွေစစ်ဆေးပြီး ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်၊ ကုသသင့်တာ ကုပြီးမှ ရောဂါက အမြစ်ပြတ်ပျောက်ကင်းမှာ ဖြစ်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Q. မျိုးရိုးဗီဇ DNA အကြောင်း ပြောပြပေးပါလား။ DNA က စစ်ရင် မြန်မာပြည်မှာ ဘယ်လောက်ကြာပါသလဲ။ ဈေးနုန်းကကော ဘယ်လောက်ပါလည်း သိခြင်ပါသည်။
A P P (FB)

A. DNA က မြန်မာပြည်မှာ မှုခင်းနဲ့ ပတ်သက်တာကိုပဲ စစ်တယ်လို့ကြားဖူးပါတယ်။ အပြင်မှာ စစ်တာကို မကြားဖူးသေးပါ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Q. ကျွန်မအဖေ ဆီးချိုဝင်တာ ဆေးရုံပြမှ သိရပါတယ်ရှင်။ လွန်ခဲ့တဲ့သုံးလခန့်ကတိုင် ဆီးချိုဝင်နေတာလို့ ပြောပြတယ်ရှင်။ အဖေကလေဖြတ်ထားတာ ငါးနှစ်နီးပါးရှိနေပါပြီရှင်။ July 1 ရက်နေ့က လျှာကိုထပ်ပြီး လေဖြတ်သွားပါတယ်။ ဆေးရုံမှာ 6 ရက် ဆေးကုခဲ့ရပါတယ်။ နှာခေါင်းပိုက်နဲ့ အစာနဲ့ ဆေးထည့်နေပါတယ်။ ဆီးချိုအတွက် Glucerna အာဟာရတစ်မျိုးတည်း တိုက်ရုံနဲ့ အာဟာရလုံလောက်ပါသလားရှင်။
M M Kh(FB)

A. ဆီးချိုကတော့ မစားနိုင်၊ မမျိုနိုင်တဲ့သူတွေအတွက် Glucerna အာဟာရမှာပါတဲ့ ဓာတ်တွေက သင့်တော်တယ်လို့ သိရပါတယ်။ လျှာလေဖြတ်ထားပြီး အစာမမျိုနိုင်တဲ့သူတွေအတွက် Glucerna က အသင့်တော်ဆုံး အာဟာရတစ်မျိုး ဖြစ်ပါတယ်။ လေဖြတ်ထားတဲ့သူ ဆီးချိုရှိရင် ဆီးချိုကို ဆေးနဲ့ထိန်းရမယ့်နည်းတူ သွေးတိုး၊ အဆီများ စတဲ့ လေဖြတ်နိုင်ခြေရှိတဲ့ ကျန်းမာရေးအခြေအနေတွေကိုပါ ရှာဖွေစစ်ဆေး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Q. ခါးအောက်ပိုင်း၊ တင်ပဆုံ၊ ‌ခြေသလုံး အပြင်ဘက်ခြမ်းတွေနာကျင်တာ ဘာဖြစ်တာလဲ။ အထိုင်များရင်၊ ကားမောင်းနေရင်းတို့ဆို ပိုနာတယ်။ တုံးလုံးလဲရင် သက်သာတယ်။ ဘာဖြစ်တာပါလဲ ဘယ်လိုလုပ်ရပါမလဲ။
ဏာဏီ (FB)

A. ဖြစ်နိုင်ခြေများတာတော့ ခါးကျီးပေါင်းနဲ့ ခါးရိုးဆစ်လေးဘေးကို ကျွံတဲ့ရောဂါတွေများလို့ အာရုံကြောကို သွားထောက်မိတဲ့အခါ ခုနပြောတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခါးကို မတ်မတ်ထားရပါမယ်။ ပက်လက်ကုလားထိုင်နဲ့ မထိုင်သင့်ပါဘူး။ ခါးလေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ အဲဒါမှမသက်သာရင် ခါးကို ဓာတ်မှန်ရိုက်ပြီး ရှာဖွေစစ်ဆေးသင့်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Q. အာရုံကြောညပ်ပြီး တင်ပါးထဲမှာ နာနေတာ ဘယ်လိုလုပ်ရမလဲဗျာ။
Naing Aung (FB)

A. အာရုံကြောညပ်ကြောင်းသိအောင် သေသေချာချာ လေ့လာစစ်ဆေးစမ်းသပ်ဖို့ လိုပါတယ်။ တကယ်လို့ အာရုံကြောညပ်တဲ့ ပမာဏများရင် နောက်ဆုံးခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အမြန်ဆုံး ရောဂါရှာဖွေ စစ်ဆေးသင့်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

Most Popular

Healthy Life Ad
To Top