Healthy Life Ad
Health Tips

တစ်ပတ်နှစ်ကြိမ် မှိုစားခြင်းက သက်ကြီးသူငယ်ပြန် မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်လျော့ကျစေနိုင်

———၊ ကိုထက် ၊———

တစ်ပတ်ကိုနှစ်ကြိမ်ခန့် မှိုစားပေးခြင်းက အသက်အရွယ်အိုမင်းလာချိန်မှာ မှတ်ဥာဏ်ပုံမမှန်ဖြစ်နိုင်ခြေကို တစ်ဝက်လျော့ကျစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လေ့လာသူတွေက မှိုဟင်းကို တစ်ပတ်အတွင်း အနေတော်ပန်းကန်လုံးတစ်လုံးစာ နှစ်ကြိမ်ချက်ပြုတ်ပြီး စားပေးခြင်းဖြင့် ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အရွယ်အိုမင်းခြင်းကြောင့် မှတ်ဥာဏ်ပုံမမှန်ဖြစ်လာပါက သတိမေ့ခြင်း၊ စကားလုံးတွေ မသိတော့ခြင်းနဲ့ အာရုံမစိုက်နိုင်တော့ခြင်းတွေ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။

စင်ကာပူတက္ကသိုလ်မှ လေ့လာသူများက အသက် ၆၀ ကျော်တဲ့ တရုတ်လူမျိုး အယောက် ၆၀၀ ကျော်ကို စစ်တမ်းကောက်ယူပြီး လေ့လာမှုပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတိုရဲ့ အစားအသောက်တွေနဲ့ နေထိုင်မှုပုံစံတွေကို မေးမြန်းပြီး မှတ်သားထားခဲ့ကြပါတယ်။ ဦးနှောက်လုပ်ဆောင်မှုကို သိရှိနိုင်စေဖို့ တချို့စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလေ့လာမှုတွေ ပြုလုပ်ပြီးနောက် ရလဒ်အနေနဲ့ တစ်ပတ်ကို မှိုနှစ်ခွက် စားဖြစ်တဲ့သူတွေက မစားတဲ့သူတွေထက် မှတ်ဥာဏ်လျော့နည်းတာတွေ၊ သတိမေ့တတ်တာတွေ အဖြစ်ပိုနည်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတွေကလည်း အကျိုးသက်ရောက်မှု ရှိနေနိုင်တယ်လို့ ယုံကြည်တဲ့အတွက် အသေးစိတ် ဆက်လက်လေ့လာမှု ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ မှိုအတွင်းမှာ လူ့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်စစ်တစ်မျိုးပါဝင်ပြီး ဒီအက်စစ်က ဦးနှောက်နဲ့ မှတ်ဥာဏ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို ကောင်းကျိုးတွေ ရရှိစေပါတယ်၊ ဒီအက်စစ်ဓာတ်ကို အစားအစာ အမျိုးမျိုးကနေ ရရှိနိုင်ပေမယ့် မှိုကတော့ ပါဝင်မှုအများဆုံးပဲ ဖြစ်ပါတယ်” လို့ လေ့လာသူ ဒေါက်တာအဲဝှစ်ချတ်က ပြောပြခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရှိ အသက် ၆၅ နှစ်ကျော်တွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ မှတ်ဥာဏ်လျော့နည်းတာ၊ သူငယ်ပြန်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီလို မှတ်ဥာဏ်လျော့နည်းနေသူတိုင်းဟာ အမိုင်နိုအက်ဆစ်အုပ်စုဝင်တဲ့ ဒြပ်ပေါင်းတစ်ခု အလွန်လျော့နည်းနေတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။

ဆက်လက်လေ့လာမှုတွေ ပြုလုပ်သွားမှာဖြစ်ကာ ပိုပြီးတိကျတဲ့ အချက်အလက်တွေ ရရှိလာပြီး မှတ်ဥာဏ်မေ့လျော့မှုဆိုင်ရာ ဝေဒနာတွေကို ကုသပေးနိုင်တဲ့အထိ ကြိုးစားသွားမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြားထားပါတယ်။

(Ref;DM 13-3-19)

Most Popular

Healthy Life Ad
To Top