Healthy Life Ad
Q & A

မျက်ကပ်မှန် အဆင်မပြေဖြစ်ခြင်း

———၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) ၊———

Q. မျက်ကပ်မှန်ကို အရင်ကတပ်တာ ဘာမှမဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ မျက်စိစပ်ပြီး မျက်ရည်ပူတွေ ကျလာပါတယ်။ မျက်ကပ်မှန်မျိုးစုံ ပြောင်းသုံးကြည့်ပြီးပါပြီ။ မထူးခြားပါဘူး။ မျက်စိက နီရဲတာတော့ မရှိပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။
သဲလေး (FB)

A. အရှင်းဆုံးပြောရရင်တော့ မျက်ကပ်မှန်ကို မျက်ကြည်လွှာ(Cornea)က Tolerant မဖြစ်တဲ့အတွက် မတပ်သင့်ပါဘူး။ မျက်ကပ်မှန်ဆိုတာ မျက်ကြည်လွှာကို အုပ်ထားတာဖြစ်ပါတယ်။ အဲဒီတော့ မျက်ကြည်လွှာ Fitting ကျနေဖို့လိုတယ်။ Fitting သာကောင်းနေရင် မျက်မှန်တပ်တာထက်ပိုပြီး ကြည့်ကောင်းပါတယ်။ ဥပမာပြောရရင် မျက်ကြည်လွှာအခုံးအခွက် မညီတာကြောင့်ဖြစ်တဲ့ ဆလင်ဒါပါဝါတွေဆိုရင် မျက်ကပ်မှန်တပ်တာကြောင့် ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ Fitting မကောင်းရင်တော့ ပြဿနာဝင်လာနိုင်ပါတယ်။ အခုဖြစ်တာက Fitting မကောင်းလို့ ဖြစ်ရတာပါ။

ပျော့ပျောင်းတဲ့ အရာဝတ္ထုတစ်ခုဖြစ်တဲ့ မျက်ကြည်လွှာကို အုပ်ထားတာ ကြာလာတာနဲ့အမျှ မျက်ကြည်လွှာအနေအထားက ပြောင်းပြောင်းလာပါတယ်။ ဒါကြောင့် ဆရာတို့ LASIK နည်းနဲ့ မျက်စိပါဝါလျှော့ချတဲ့ ကုထုံးသုံးတဲ့အခါ မျက်ကပ်မှန်တပ်ထားတဲ့ သူတွေဆိုရင် မျက်ကပ်မှန်ချွတ်ပြီး သုံးလေးရက်- တစ်ပတ်လောက် နေခိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်ကြည်လွှာအနေအထား ပုံမှန်ဖြစ်သွားအောင်လို့ပါ။ မျက်ကပ်မှန်တပ်တာ ကြာလေလေ၊ မျက်ကြည်လွှာက တပ်ထားတဲ့ မျက်ကပ်မှန်ပုံသဏ္ဍာန်အတိုင်း ဖြစ်နေလေလေပါ။ ဒါကြောင့် မျက်ကပ်မှန်ချွတ်ပြီး ရက်အတော်ကြာ စောင့်ရပါတယ်။ ဒါမှ ပုံမှန်အနေအထားရောက်ပြီး ကုသလို့ အဆင်ပြေတာပါ။

အခုဖြစ်တဲ့ ပြဿနာဆိုရင် မျက်စိပါဝါက ဥပမာ အနုတ်သုံးဆိုပါစို့။ အဲဒီအတိုင်း မျက်ကပ်မှန်တပ်လိုက်ရင် အဆင်ပြေပြီလို့ထင်ပေမယ့် Fitting မကျဘူး။ ဒါက မျက်ကပ်မှန်မှာ Base Curve (မျက်ကြည်လွှာ အခုံးအခွက်အတိုင်းအတာ)ဆိုတာ ရှိသေးတယ်။ မြန်မာပြည်မှာတော့ အရောင်းရဆုံး Base Curve ဖြစ်တဲ့ ၈ ဒသမ ၄ နဲ့ ၈ ဒသမ ၇ လောက်ပဲရှိတယ်။ တကယ်တော့ Base Curve က ၈ ဒသမ ၀ ကစပြီး ၉ လောက်အထိ အများကြီးဆောင်ထားသင့်တယ်။ ဒါမှ သင့်တော်တဲ့ မျက်ကပ်မှန်အမျိုးအစားကို ပေးနိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူ၊ ဘန်ကောက်တို့ သွားတဲ့အခါ မျက်စိအထူးကုဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်အတွက် Fitting ကောင်းတဲ့ မျက်ကပ်မှန်အမျိုးအစား ရွေးချယ်ဝယ်နိုင်ဖို့ ဆရာဝန်ရဲ့ ဆေးညွှန်းစာကို သိမ်းထားပြီး အဲဒီအတိုင်းဝယ်တပ်ဖို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top