Healthy Life Ad
Q & A

သားအိမ်ခေါင်းကင်ဆာ

တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင် (သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံခြင်း

Q. သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအကြောင်းကို သိပါရစေ ဆရာ။

A. HPV ပိုးကို ကြွက်နို့ဗိုင်းရပ်စ်ပိုးလို့လည်း ခေါ်ပါတယ်။ လက်၊ လိင်အင်္ဂါတွေမှာ ကြွက်နို့ပေါက်တတ်လို့ပါ။ HPV ပိုးက အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာ ၇၀ ရာခိုင်နှုန်းဖြစ်စေတဲ့ HPV ပိုးအမျိုးအစားက ၁၆ နဲ့ ၁၈ပါ။ ၈၀ ရာခိုင်နှုန်းဖြစ်စေတဲ့ ပိုးအမျိုးအစားက ၁၆-၁၈ အပြင် ၃၄- ၃၅ တို့ဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဘာကြောင့်ဖြစ်သလဲဆိုတာ မသိသေးပါဘူး။

Q. သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ပိုးက ဘယ်လိုကူးစက်နိုင်ပါသလဲ ဆရာ။

A. ရောဂါပိုးတွေနဲ့ ပတ်သက်ပြီး ကြောက်လွန်းတာလည်း မကောင်းပါဘူး။ လုံးဝအကြောက်အလန့်မရှိတာလည်း မကောင်းပါဘူး။ ဆရာ့ဆီလာပြတဲ့ တချို့အမျိုးသမီးတွေဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်မှာကြောက်လို့ ဘိုထိုင်အိမ်သာပေါ် မထိုင်ရဲဘူးတို့၊ အိမ်သာတံခါးလက်ကိုင်ဘုကို မကိုင်ရဲဘူးတို့ လာပြောတာရှိပါတယ်။ တကယ်တော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ပိုးက ဘယ်လိုကူးသလဲဆိုတာသိမှ ဆောင်ရမယ့်အချက်တွေ၊ ရှောင်ရမယ့်အချက်တွေကို သိနားလည်မှာပါ။ HPV ပိုးက အရေပြားချင်းထိတွေ့မှု၊ ပွင့်ပွင့်လင်းလင်းပြောရရင် လိင်ဆက်ဆံရာက ကူးစက်တတ်ပါတယ်။

“HPV ပိုးက ဆဲလ်တွေကိုတိုက်ခိုက်တဲ့အခါ ဆဲလ်တွေက ကုက္ကိုပင်သစ်ရွက်ကြွေသလိုမျိုး ကြွေကျနေပါတယ်။ ဆဲလ်ကြွေတွေကို မိုက်ခရိုစကုပ်အောက်မှာကြည့်ပြီး စစ်ဆေးလိုက်ရင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စစ်ဆေးသိရနိုင်ပါတယ်။”

Q. သားအိမ်ခေါင်းကင်ဆာက ဘယ်လိုလူတွေမှာ ဖြစ်နိုင်ခြေများပါသလဲ ဆရာ။

A. သားအိမ်ခေါင်းကင်ဆာဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံမှုရှိရင်၊ လိင်ဆက်ဆံဖက်များရင်၊ ကိုယ့်ခင်ပွန်းက အပျော်အပါးလိုက်စားရင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး သားသမီးအများကြီး မွေးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ခန္ဓာကိုယ်ကာကွယ်ရေးစနစ်တွေ ကောင်းကောင်းမဖွံ့ဖြိုးခင် လိင်ဆက်ဆံလိုက်ရင် ပိုးအစောကြီးဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းကောင်းမလိုက်နာရင်၊ ဆေးလိပ်သောက်ရင်၊ ကိုယ်ခံစွမ်းအားကျဆင်းနေရင် HPV ပိုးကူးစက်နိုင်ခြေ များပါတယ်။

Q. သားအိမ်ခေါင်းကင်ဆာက အဖြစ်များပါသလား ဆရာ။

A. ကမ္ဘာပေါ်မှာ စက္ကန့် ၆၀(တစ်မိနစ်) ပြည့်တိုင်း အမျိုးသမီးတစ်ဦးက သားအိမ်ခေါင်းကင်ဆာ ဖြစ်နေပါတယ်။ နှစ်မိနစ်ပြည့်တိုင်း အမျိုးသမီးတစ်ဦးက သားအိမ်ခေါင်းကင်ဆာနဲ့ သေဆုံးနေပါတယ်။ ကမ္ဘာပေါ်မှာ သားအိမ်ခေါင်းကင်ဆာ အဖြစ်များဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

Q. HPV ပိုးဝင်ပြီး ဘယ်လောက်အကြာမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်ပါသလဲဆရာ။

A. HPV ပိုးဟာ သားအိမ်ခေါင်းထိပ်ကိုရောက်တာနဲ့ ကင်ဆာကို ချက်ချင်းဖြစ်စေတာ မဟုတ်ပါဘူး။ ပိုးဝင်ပြီး ကင်ဆာဖြစ်တဲ့အဆင့်အထိ အချိန် ၁၀-၂၀ နှစ်လောက်လိုပါတယ်။ ပိုးဟာ ဆဲလ်တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း တိုက်နေတာပါ။ ဒါကြောင့် HPV ပိုးက ဆဲလ်တွေကို တိုက်နေတဲ့ အချိန်ကာလကို ကင်ဆာအကြိုအဆင့်လို့ ခေါ်ပါတယ်။ ဒီအဆင့်တွေကို CIA I,CIA II,CIA III ဆိုပြီးခေါ်ပါတယ်။ ဒီအဆင့်တွေမှာ ရောဂါရှာဖွေတွေ့ရှိရင်လည်း ကုသမှုခံယူလိုက်မယ်ဆိုရင် ကင်ဆာမဖြစ်နိုင်တော့ပါဘူး။

Q. ကင်ဆာအကြိုအဆင့်မှာ သိရှိနိုင်ဖို့ ဘယ်လိုစစ်ဆေးရမလဲ ဆရာ။

A. HPV ပိုးက ဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ဆဲလ်တွေက ကုက္ကိုပင်သစ်ရွက်ကြွေသလိုမျိုး ကြွေကျနေပါတယ်။ ဆဲလ်ကြွေတွေကို မိုက်ခရိုစကုပ်အောက်မှာကြည့်ပြီး စစ်ဆေးလိုက်ရင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စစ်ဆေးသိရနိုင်ပါတယ်။ ဒီစမ်းသပ်နည်းကို သားအိမ်ခေါင်းအချွဲမြှေးယူစစ်ဆေးမှု (Pap Smear)လို့ ခေါ်ပါတယ်။ Pap Smear ယူဖို့ ဆေးရုံ၊ ဆေးခန်းအများစုမှာ သွားရောက်စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

Q. သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်မှာ ဘယ်လိုရောဂါလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်တိုင်းမှာ ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ ဒါကြောင့် ဒီရောဂါကို အသံတိတ်လူသတ်သမား (Silent Killer) လို့ ခေါ်ပါတယ်။ မကြာခင်မှာ ဒုက္ခပေးနိုင်မလားဆိုတာ မသိနိုင်တဲ့အတွက် စစ်ဆေးပေးနိုင်မယ့် ဆရာဝန်တွေဆီသွားရောက်ပြီး Pap Smear စစ်ဆေးမှု ပြုလုပ်သင့်တာပါ။ အမျိုးသမီး ၁၀ ယောက်မှာ ရှစ်ယောက်က ပိုးရှိပြီးသားဖြစ်တတ်လို့ ကာကွယ်ဆေးထိုးတာအပြင် သုံးနှစ်တစ်ကြိမ် Pap Smear စစ်ဆေးမှုကိုလည်း ပြုလုပ်သင့်ပါတယ်။

Q. သားအိမ်ခေါင်းကင်ဆာက လိင်ဆက်ဆံမှု လုံးဝမရှိတဲ့ အပျိုကြီးတွေမှာရော ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

A. သားအိမ်ခေါင်းကင်ဆာက လိင်ဆက်ဆံရာက အဖြစ်များတဲ့အတွက် အပျိုကြီးတွေမှာကော ဖြစ်နိုင်လားလို့မေးလာရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ရတဲ့ ၁၀-၂၀ ရာခိုင်နှုန်းလောက်က ဘာအကြောင်းကြောင့်မှန်းမသိဘဲ ဖြစ်ရတာကြောင့်ပါ။ အပျိုကြီးတွေမှာ သားအိမ်ကိုယ်ထည်ကင်ဆာ ပိုအဖြစ်များပါတယ်။ ဒီရောဂါက မျိုးရိုးလိုက်တတ်ပါတယ်၊ ရာသီသွေးဆုံးနောက်ကျရင်၊ အ၀လွန်ရင်၊ ဆီးချိုသွေးချိုရောဂါရှိရင်၊ ကလေးမမွေးရင် ပိုအဖြစ်များလို့ သတိထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top