Healthy Life Ad
Q & A

Mask တပ်ခြင်းနှင့် ပတ်သက်၍ အများပြည်သူတို့ သိလိုကြသည့် အမေးအဖြေများ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် ဆွေးနွေးခြင်း

Q. ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ Mask မတပ်မနေရ Mask Campaign လုပ်နေကြပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး သိပါရစေ။

A. Mask Campaign လုပ်မှာကို သဘောတူပါတယ်။ တွေ့ဆုံမယ့် လူနှစ်ဦးစလုံး Mask တပ်ထားလိုက်ရင် ပိုးကူးစက်နိုင်တဲ့ ရာခိုင်နှုန်းက နည်းသွားပါတယ်။ လူတွေအနေနဲ့ အိမ်ထဲမှာ တောက်လျှောက်နေဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ အလုပ်တွေ ပြန်လုပ်ရတော့မယ်။ လူတိုင်းအပြင်ထွက်ပြီး စားဝတ်နေရေးနဲ့ တခြားကိစ္စတွေ လုပ်ဆောင်မယ့်သူတိုင်းက Mask တပ်ထားမှသာ ကူးစက်နိုင်မှုကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။

Q. Mask တပ်တဲ့အခါ တချို့က မေးသိုင်းထားကြတယ်၊ တချို့က နှာခေါင်းမလုံကြဘူး။ ဒီလိုတွေမဖြစ်အောင် စနစ်တကျတဲ့ Mask တပ်နည်းကျင့်သုံးဖို့ ဘယ်လိုတွေ ပညာပေးသင့်ပါသလဲ ဆရာ။

A. Mask တပ်တာနဲ့ ပတ်သက်ပြီး ပညာပေးရာမှာ ၂ ချက်လိုတယ်။ (၁) က ဒီလို စနစ်မှန်တဲ့ Mask တပ်ခြင်းက ကောင်းတယ်ဆိုတာ သိဖို့လိုတယ်။ (၂) က သိတဲ့အတိုင်း လိုက်နာဖို့ လိုတယ်။ တချို့ကသိပေမယ့် အရေးကြီးကြောင်း မသိကြဘူး။ အပိုတွေ လုပ်နေတာပဲ၊ မထူးခြားပါဘူးလို့ ယူဆတယ်။ Mask မတပ်ရင် ဒဏ်ရိုက်မယ်ဆိုတဲ့အတွက် Mask ကို ဆောင်ရင်ဆောင်ထားမယ်၊ Mask တပ်တာရဲ့ ထိရောက်တဲ့ ရောဂါကာကွယ်နိုင်စွမ်းကို နားမလည်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို နားမလည်နိုင်သူတွေ ရှိလို့လည်း Mask မတပ်မနေရ ဥပဒေတွေ ပေါ်လာရတာပါ။ Mask တပ်ရင် ရောဂါကူးစက်နိုင်စွမ်း လျော့ကျမယ်ဆိုတာကို သေချာသိရှိ၊ လိုက်နာနေရင် ဥပဒေတောင် ထုတ်ဖို့မလိုပါဘူး။ Mask မတပ်ရင် ဒဏ်ငွေဆောင်ရမယ်ဆိုတာ လုပ်သင့်တဲ့ကိစ္စပါ။ အသိပညာလည်း ပေးဖို့လိုပါတယ်။

မီဒီယာတွေက အသိပညာပေးတာနဲ့အတူ ကိုယ့်အပေါင်းအသင်း မိတ်ဆွေအချင်းချင်း အသိပညာပေးဖို့လည်း လိုအပ်ပါတယ်။ တချို့ကျတော့ Mask တပ်လာတယ်၊ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောချိန်မှာ သေချာမကြားရဘူးထင်ပြီး Mask ကို ချွတ်လိုက်တယ်၊ ဒါက ဘာကို ဖော်ပြနေသလဲဆိုတော့ သူသေချာမသိဘူးဆိုတာ ဖော်ပြနေတာပါ။ တကယ်တော့ Mask ကို တောက်လျှောက်တပ်ထားရမယ်၊ စကားပြောရင်လည်း Mask တပ်ရင်းနဲ့ ပြောရမယ်၊ Mask ကို ရှေ့ကလည်း မကိုင်ရဘူးဆိုပြီး အသိပေးရပါတယ်။ ကိုယ့်အနားမှာ နားလည်မှုလွဲနေသူတွေ ရှိရင်လည်း ဒီလိုပညာပေးသင့်ပါတယ်။

Q. ပြန်လည်လျှော်ဖွပ်လို့ရတဲ့ အဝတ်နှာခေါင်းစည်း (Fabric Mask) က ပိုးကိုကာကွယ်နိုင်စွမ်း ရှိရဲ့လားဆရာ။

A. Mask လုံးလုံးမတပ်ထားတာနဲ့စာရင် အဝတ် Mask တပ်ထားတာက အကျိုးရှိတယ်၊ ကာကွယ်သင့်သလောက် ကာကွယ်ပါတယ်။ အဝတ် Mask တပ်တာထက်စာရင် Surgical Mask က ခန္ဓာကိုယ်ထဲ ရောဂါပိုးမွှားဝင်ရောက်မှာကို တားဆီးကာကွယ်နိုင်ပါတယ်။ Surgical Mask ထက်စာရင် N95 Mask က ပိုးမွှားဝင်ရောက်မှာကို ပိုပြီး တားဆီးကာကွယ်နိုင်ပါတယ်။ Surgical Mask က တစ်ခါသုံးဖြစ်တယ်၊ ပြန်ပြီးသုံးလို့မရတဲ့အတွက် မတတ်နိုင်သူတွေအနေနဲ့ အဝတ် Mask တွေကို တပ်သင့်ပါတယ်။ အဝတ် Mask ကို စနစ်တကျ သုံးစွဲမယ်ဆိုရင် Mask မပါတာထက်စာရင် ရောဂါပိုးကူးစက်မှုကို အများကြီး လျှော့ချနိုင်ပါတယ်။ အဝတ် Mask ကို စနစ်တကျ တပ်မယ်၊ သေချာလျှော်ဖွပ် . .နေပူလှန်းပြီး နောက်တစ်နေ့ပြန်သုံးရင် အဆင်ပြေပါတယ်။

Q. Mask တပ်ရင် မွန်းတယ်၊ အသက်ရှူမဝဘူးလို့ တချို့ကပြောကြပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. Mask ကို ခွဲစိတ်ခန်းဝင်တဲ့ ဆရာဝန်တွေသာ နာရီနဲ့ချီပြီး တပ်လေ့ရှိတာပါ။ ဆရာတို့ သမားတော်တွေအနေနဲ့ကတော့ Mask ကို ၂ နာရီ-၃ နာရီအပြင် ပိုတပ်လေ့မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စဖြစ်လာတဲ့အခါ အကျိုးရှိတယ်ဆိုပြီး တပ်ဖြစ်ပါတယ်။ ဆရာ့အတွေ့အကြုံအရ စကားများများပြောတဲ့အခါ အသက်ရှူမဝတာတွေတော့ ရှိတတ်တယ်။ လူလှုပ်ရှား၊ စိတ်လှုပ်ရှား အောက်ဆီဂျင်လိုတဲ့အချိန်မှာ အသက်ရှူမဝတာ ဖြစ်တတ်တဲ့အတွက် စိတ်အေးအေးထားပြီး စကားကို လောလောလောလော မပြောဘူး၊ ပုံမှန်လေးပဲ ပြောမယ်ဆိုရင် အသက်ရှူမဝတာ၊ မောတာ လျော့ကျသွားပါမယ်၊ အကျိုးရှိမှန်းသိလို့ အောင့်အီးသည်းခံပြီး တပ်ထားရင်း မကြာခင် အလေ့အကျင့်ရသွားမှာပါ။

Q. Mask တပ်တဲ့ အကျင့်ကြောင့် COVID-19 အပြင် ဘယ်လိုကျန်းမာရေးပြဿနာတွေ လျော့ကျသွားနိုင်ပါသလဲ ဆရာ။

A. အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေထဲမှာ ဗိုင်းရပ်စ်က အကောင်အသေးဆုံးပဲ။ အဝတ် Mask ဝတ်ထားရင် ဗိုင်းရပ်စ်ကိုတောင် အထိုက်အလျောက် ကာကွယ်နိုင်တယ်ဆိုတော့ တီဘီတို့လို ဘက်တီးရီးယားပိုး၊ လည်ချောင်းနာဖြစ်စေတဲ့ပိုး၊ လေးဖက်နာဖြစ်စေတဲ့ ပိုးတွေကို ပိုတောင်ကာကွယ်နိုင်သေးတယ်။ ဒါကြောင့် Mask ကို တပ်ရင်းနဲ့ တီဘီရောဂါ၊ လေးဖက်နာရောဂါ စတဲ့ အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်နိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မယ်။ ဗိုင်းရပ်စ်ထဲကဆိုရင် H1N1၊ အအေးမိ၊ တုပ်ကွေး၊ ရာသီတုပ်ကွေးတွေကိုလည်း ကာကွယ်နိုင်စွမ်း ရှိတဲ့အတွက် ဖြစ်နှုန်းလျော့ကျသွားမယ်လို့ ဆရာယူဆပါတယ်။

Q. ရုံးတွေ၊ အလုပ်တွေမှာ ထမင်းစားချိန်ဆိုရင် Mask ကို ဘယ်လိုဖြုတ်ထားသင့်ပါသလဲ ဆရာ။

A. Maskတပ်ထားတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က ရှူထုတ်လိုက်တဲ့ လေနဲ့ ပိုးက Mask ရဲ့ အတွင်းပိုင်းမှာ ရှိနေမယ်၊ Mask ရဲ့ အပြင်ပိုင်းမှာတော့ အပြင်ကလာတဲ့ ပိုးကပ်နေနိုင်တယ်လို့ ယူဆရမယ်။ ဒါကြောင့် ထမင်းစားမယ်ဆိုရင် Mask ကို ဘယ်လိုသိမ်းမလဲဆိုတာ အရေးကြီးတယ်။ Mask ကို စားပွဲပေါ်တင်ထားမယ်ဆိုရင် Mask ရဲ့ အပြင်ဘက်အခြမ်းကို စားပွဲပေါ်အသာလေးတင်ထားပြီး အတွင်းဘက်အခြမ်းဖြစ်တဲ့ အပေါ်ကို တစ်ရှူးအသန့်နဲ့ အုပ်ထားပေးရပါမယ်။Surgical Mask ဆိုရင် စားပွဲပေါ်မှာ အစိမ်းရောင်ဘက်အခြမ်းကို တင်လိုက်မယ်၊ ကိုယ်ရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ ထိတဲ့အပိုင်းကို တစ်ရှူးနဲ့ အုပ်တင်ထားမယ်။ ထမင်းစား၊ ရေသောက်ပြီးတဲ့အခါ တစ်ရှူးကိုဖယ်ပြီး ကြိုးကနေကိုင်၊ ဖြည်းဖြည်းချင်းတပ်ရမယ်။ Mask အပြင်ပိုင်းမှာ ဗိုင်းရပ်စ်ရှိနေတယ်လို့ ယူဆပြီး Mask ကို ခါခွင့်မရှိဘူး။ ခါလိုက်ရင် ဗိုင်းရပ်စ်တွေက လေထုထဲ ရောက်သွားနိုင်ပါတယ်။ အဝတ် Mask လည်း ဒီလိုပဲ လုပ်နိုင်ပါတယ်။ Mask ရဲ့ အပြင်ပိုင်းနဲ့ ထိတွေ့နေတဲ့ စားပွဲမျက်နှာပြင်ကို ပြန်လည်ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

Q. COVID-19 က ဘယ်တော့ပြီးမှာလဲ၊ Mask ပါမှ အပြင်ထွက်ရမှာလား စသဖြင့် လူတွေက မေးကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပြပေးပါဦး။

A. COVID-19 ပြီးဆုံးသွားဖို့ဆိုတဲ့ မှန်းဆချက်တွေက အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူနေမှုပုံစံကို ပြောင်းလဲဖို့ကတော့ အနည်းဆုံး ၆ လ-တစ်နှစ်လောက်အထိ ဒီလိုလုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။ အပြင်ထွက်ရင် Mask ပါမှ ထွက်တာ၊ လက်မကြာခဏဆေးတာ၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာ နေတာတွေကတော့ လိုက်နာနေရဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေသူ ဘယ်လောက်ရှိနေဦးမလဲ၊ ရောဂါပြန်ကောင်းသွားသူတွေ ပြန်ဖြစ်လာမလား စတာတွေကို ကြည့်ရဦးမှာပါ။

Most Popular

Healthy Life Ad
To Top