Healthy Life Ad
Q & A

ကျန်းမာဖို့အရေး သိလိုရာမေး

အောက်ပါမေးခွန်းတွေကို ဖြေကြားပေးထားပါတယ်။

Q. ရိုးရိုးလေးဘက်နာ ဖြစ်နေလို့ပါဗျ။ လက်တွေထုံကျင်ကိုက်ခဲနေလို့ပါ။ ပိုး ၃၀ဝ ရှိတယ်လို့တော့ ဆရာဝန်ပြောတယ်။ သိပ်မသက်သာလို့ အသက်က ၅၀ ပါဗျ။ ဘာဆက်လုပ်သင့်လဲ ဖြေပေးပါအုံးဗျ။

A. ထုံကျဉ်တာပါရင် လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာရောဂါဆိုတာက အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ပြီး ASO ပိုးတက်ရင် လေးဖက်နာလို့ ပြောလေ့ရှိတယ်။ များသောအားဖြင့် အသက်၂၅ နှစ်အောက်မှာပဲ ဖြစ်လေ့ရှိတယ်။ ASO ၃၀၀ ဖြစ်နေတာနဲ့ ခြေထောက်တွေ ထုံကျဉ်ကိုက်ခဲတာက သပ်သပ်စီဖြစ်နေတယ်လို့ ထင်တယ်။ ထုံကျဉ်ကိုက်ခဲတဲ့ အကြောင်းရင်းကို ရှောင်ရမယ်။ ထုံကျဉ်ကိုက်ခဲတာက ဘယ်အပိုင်းလဲ၊ လက်တစ်ချောင်းလုံးဆိုရင် (၁) အအေးမိတာဖြစ်နိုင်တယ်၊ (၂) ဆေးလိပ်သောက်သူ၊ အရက်သောက်သူတွေမှာ အာရုံကြောထိခိုက်တာကြောင့် သွေးလှည့်ပတ်မှုမကောင်းတာ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်သူ၊ အရက်သောက်သူဆိုရင်တော့ ဆေးလိပ်၊ အရက် ဖြတ်သင့်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းအောင် လမ်းလျှောက်ပေးသင့်ပါတယ်။ ခြေထောက်ကို အေးတဲ့နေရာမှာ မထားဘဲ ဂရုစိုက်ရပါမယ်။ အာရုံကြောဆိုင်ရာ လိုအပ်တဲ့ အားဆေးတွေ သောက်သုံးနိုင်တယ်။ အဓိကကတော့ ဘာကြောင့်ဖြစ်လဲဆိုတာ ရှာရပါမယ်။ ဆရာအကြံပေးတဲ့အတိုင်း နေလို့မသက်သာဘူးဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှပဲ အမြစ်ပြတ်ပျောက်ပါမယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ညီမအမေက အသက် 47 ပါ သွေးတိုးရောဂါရှိပါတယ်။ လေဖြတ်ထားတာ နှစ်နှစ်ကျော်ပါပြီ။ ဖြစ်စတုန်းက ကိုယ်ခန္ဓာတစ်ဝက် ဖြစ်တာပေါ့နော်။ အခုချိန်မာ သက်သာနေပါပြီ။ ပုံမှန်နေထိုင် သွားလာနိုင်ပါပြီ။ ဒါပေမဲ့ တခါတခါ ဖြစ်တဲ့ဘက်ခြမ်းက လက်ကဖြစ်စေ၊ ခြေထောက်ကဖြစ်စေ ကိုက်တယ်လို့ သိရပါတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရပါမလဲ။ လေ့ကျင်းခန်းလုပ်ပြီး သက်သာလာဖို့ တချို့ရေးသားထားတာတွေ တွေ့ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရပါမလဲ။ ဘယ်လိုနေထိုင်ရပါမလဲ။ ပြန်လည်ဖြေကြားပေးပါရှင့်။

A. လေဖြတ်တဲ့ဘက်အခြမ်းက ပြန်ကောင်းပြီး နောက်ပိုင်းမှာလည်း ထုံတာ၊ ကျဉ်တာ၊ ကိုက်ခဲတာလေးတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ သွေးမလျှောက်တာရယ်၊ အရင်ထိခိုက်ထားတဲ့ အာရုံကြောဒဏ်ကြောင့် ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ကောင်းတာက မူရင်းသွေးတိုး၊ လေဖြတ်ခြင်းအတွက် အရင်ကပေးထားတဲ့ ဆေးတွေရှိလိမ့်မယ်။ အဲဒါတွေကို ဆက်လက်သောက်သုံးဖို့ လိုပါတယ်။ အအေးမိမခံဖို့ လိုပါတယ်။ လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ သွေးလှည့်ပတ်မှုကောင်းတဲ့ လေ့ကျင့်ခန်း (ဥပမာ-ခြေထောက်လေးတွေကို အကွေးအဆန့်လုပ်တဲ့ လေ့ကျင့်ခန်း၊ လက်တွေကို ပုံမှန်အကွေးအဆန့်လုပ်တဲ့ လေ့ကျင့်ခန်း) လုပ်ပေးဖို့ လိုပါတယ်။ အဆစ်တစ်ခုချင်းစီ အကွေးအဆန့်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်၊ လက်မောင်း၊ တံကောက်ကွေး စတဲ့ အဆစ်နေရာတွေမှာ အကွေးအဆန့်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရတယ်။ အဲဒါမှ မသက်သာဘူးဆိုရင်တော့ အာရုံကြောအားဆေးတွေ၊ အာရုံကြောကျဉ်တာ သက်သာတဲ့ ဆေးတွေကို ကိုယ့်ရောဂါကုပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်သောက်သုံးဖို့ အကြံပြုလိုပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q 14.1.2020 သားအိမ်ထုပ်ထားပါတယ်ရှင့်။ ကျမအသက် ၄၄ နှစ်ပါ။ အစားမှားရင် သွေးတိုးချင်၍ သွေးထိန်းဆေးသောက်နေတာ အဆင်ပြေပါတယ်ရှင့်။ ဆီးချိုမရှိသေးပါ။ ယခုခြေဆစ်လက်ဆစ်တွေက နံနက်မိုးလင်း အိမ်ရာထရင် တင်းတင်းတောင့်တောင့်နဲ့ နာလည်းနာတယ်ရှင့်။ ခြေဖဝါးတွေက မတ်တပ်အရပ်များရင် ကျိန်းပြီး မရပ်ချင်တော့အောင် နာလာပါတယ်။ လမ်းလည်းအသင့်အတင့် လျောက်ပေးပါတယ်။ နယ်မြို့ကမို့ ဆေးလေးလမ်းညွန်ပေးပါရှင့်။ အရပ် ၅ ပေ ၃ လက်မ ပေါင် ၁၆၃ ပေါင်ပါရှင့်။

A. နံပါတ်တစ်ကတော့ ခန္ဒာကိုယ်အလေးချိန် များနေတဲ့အတွက် ၀ိတ်လျှော့ဖို့ အကြံပြုလိုပါတယ်။ နံပါတ်နှစ်ကတော့ အဆစ်တွေရဲ့ သဘောက ငြိမ်ငြိမ်လေး အကြာကြီးနေမယ်၊ အေးတယ်ဆိုရင် တောင့်တင်းပြီး ကိုက်ခဲတာ ဖြစ်တတ်ပါတယ်။ တစ်ညလုံးအိပ်ပြီး မနက်မိုးလင်းလို့ အဆစ်တွေ တင်းတင်းတောင့်တောင့် ဖြစ်တယ်ဆိုတာ ငြိမ်ငြိမ်လေး အကြားကြီးနေရင်ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အဲကွန်းက အရမ်းအေးရင် မနက်မိုးလင်းတဲ့အခါ တင်းတင်းတောင့်တောင့် ဖြစ်တတ်ပါတယ်။ ခြေထောက်ကို နွေးနွေးထွေးထွေး ထားသင့်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းအောင် အကွေးအဆန့် လေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။ ကိုယ့်ခန္ဒာကိုယ်အလေးချိန်ကို လျှော့ချသင့်ပါတယ်။ မသက်သာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြစ်တဲ့အကြောင်းရင်းကို ရှာဖွေရပါမယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top