Healthy Life Ad
Q & A

ကျန်းမာဖို့အရေး သိလိုရာမေး

Q. သွေးချိုဆီးချိုရှိတဲ့လူကြီးတွေ ညဘက်မအိပ်တာ သွေးချိုမြင့်နေတာနဲ့ ဆိုင်လားရှင့်။

A. သွေးချိုမြင့်ရင် ဖြစ်တဲ့အထဲမှာ ညအိပ်မပျော်တာကတော့ မပါပါဘူး။ ညအိပ်မပျော်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ တစ်ခုကတော့ အိပ်ချိန်နာရီ (Sleep Rhythm)နဲ့ ဆိုင်တာရယ်၊ နောက်တစ်ခုက စိုးရိမ်ပူပင်သောက (Anxiety) များတာ၊ အတွေးများတာနဲ့ဆိုင်တယ်။ စိုးရိမ်သောကများတဲ့သူတွေမှာ ညဘက်အိပ်မပျော်တာက ပိုများတယ်။ အခုအချိန်မှာ အိပ်မပျော်တဲ့သူတွေ ပိုများဦးမယ်။ စိတ်ပူစရာက များလို့ပါ။ သွေးချိုမြင့်တာနဲ့ ညအိပ်မပျော်တဲ့ အထောက်အထားတော့ ဆရာမဖတ်ဖူးသေးပါဘူး။ တစ်ခုတော့ရှိတယ်။ ဆီးချိုမြင့်ရင် ညဘက်ဆီးမကြာခဏ ထသွားရတာတော့ ရှိတယ်။ အဲဒါကြောင့် အိပ်မပျော်တာလား စဉ်းစားစရာရှိပါတယ်။ သွေးချိုမြင့်ရင် နောက်ဆက်တွဲပြဿနာတွေ ရှိတဲ့အတွက် ဆီးချိုကို သေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. B ကာကွယ်ဆေးကို 16 ရက်နေ့မှာ ဒုကြိမ်ထိုးရမှာ ဆေးခန်းတွေပိတ်လို့ ရက်ကျော်သွားပါတယ်။ ဆေးက 0/1/6 ပုံစံနဲ့ထိုးရမယ်လို့ ဆေးခန်းကပြောပါတယ်။ အဲဒါ အစကပြန်ထိုးရမှာလား။ ဆေးထိုးနည်းပုံစံ ပြောင်းထိုးလို့ရပါသလားရှင့်။

A. ဘီပိုးကာကွယ်ဆေး ဒုတိယအကြိမ် (Second Dose)ထိုးရမှာကို နှစ်ပတ်လောက်နောက်ကျပြီး ထိုးလို့ရပါတယ်။ ပြီးရင် ၆ လအကြာမှာ တစ်ကြိမ်ထိုး၊ အဲဒီမှာလည်း နည်းနည်းကျော်လို့ရတယ်။ အကောင်းဆုံးကတော့ သုံးကြိမ်စလုံး ထိုးပြီးသွားရင် ၃လနဲ့ ၆ လအကြာမှာ Antibody ပြန်စစ်၊ အဲဒါကို ပြန်ကြည့်ပြီး နောက်ထပ်တစ်လုံး ထိုးသင့်/မသင့် ဆုံးဖြတ်ရပါမယ်။ တကယ်လို့ ၁၀၀ အောက်ဆိုရင်တော့ တစ်လုံးထပ်ထိုးရပါမယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. နောက်စိနာက လေးလံပြီ ကိုက်နေတယ်ဆရာ ဘာဆေးသောက်ရမလဲ။

A. နောက်စိနားက လေးလံပြီး ကိုက်နေရင် အဓိကစစ်ဆေးသင့်တာက သွေးပေါင်ကိုစစ်ဆေးဖို့ လိုပါတယ်။ သွေးတိုးရင်လည်း နောက်စိနားမှာကိုက်တာ ဖြစ်တတ်ပါတယ်။ အအေးမိရင်လည်း နောက်စိနားမှာ ကိုက်တတ်ပါတယ်။ Tension Headache လို့ခေါ်တဲ့ စိတ်ဖိစီးမှုများရင်လည်း နောက်စိနားမှာ ကိုက်တတ်ပါတယ်။ လည်ပင်းကျီးပေါင်းတက်ရင်၊ ဇက်အနေအထားမမှန်ရင်လည်း ကိုက်တတ်ပါတယ်။ လတ်တလောအရေးကြီးဆုံးက သွေးပေါင်တက်ပြီး မသိလိုက်ရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သွေးပေါင်ကို သေချာစစ်သင့်ပါတယ်။ သွေးပေါင်မှန်ရင် အကိုက်အခဲပျောက်ဆေး သောက်ထားလို့ရပါတယ်။ အဲဒါကိုမှ မသက်သာရင် ဆရာဝန်နဲ့ သေချာပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ဘီတင်ဂျင်ချွတ်ဆေးက covid ပိုးသတ်ဆေးအဖြစ် ဖျန်းလို့ရလားခင်ဗျ။

A. Bleaching Powder ကို ပြောချင်တာလား။ အခုပြောတာက Brand Name ဖြစ်ဖို့များတယ်။ ပါဝင်တဲ့ပစ္စည်းကို ဖတ်ကြည့်ပါ။ ဆိုဒီယမ်ဟိုက်ပိုကလိုရိတ်ဆိုရင် အစွန်းချွတ်ဆေးဖြစ်လို့ သတ်မှတ်ထားတဲ့ ပမာဏကို အညွှန်းအတိုင်း ရေနဲ့စနစ်တကျရောစပ်ပြီးဖျန်းရင် ဗိုင်းရပ်စ်တွေကို သေနိုင်တဲ့ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ကျွန်မ အိပ်မပျော်တာ ၁၀ ရက် ရှိပါပြီ။ ဆေးခန်းတွေလည်း ပြပါတယ်။ လမ်းလည်း လျှောက်ပါတယ်။ သို့သော် ညဘက်အိပ်ပျော်ဖို့ အရမ်းခက်နေပါတယ်။

A. ဒီလိုလူနာတွေကတော့ ဆရာ့ဆီမှာ အများကြီးပဲ။ ဘာပြောလေ့ရှိလဲဆိုတော့ ကိုယ့်အတွေးထဲမှာ ၀င်လိုက်၊ ထွက်လိုက်ဖြစ်နေတဲ့ အကြောင်းအရာလေးတွေကို လိုက်မှတ်ပါလို့ ပြောပါတယ်။ များသောအားဖြင့် အိပ်မပျော်ရတဲ့ အကြောင်းရင်းက ကိုယ့်မသိစိတ်ထဲမှာ စိတ်ပူစရာတွေ၊ မကျေနပ်စရာတွေ ၀င်လိုက်၊ ထွက်လိုက် ဖြစ်နေတတ်တယ်။ ညဘက် အိပ်ရာထဲရောက်ပြီး အတွေးထဲမှာ ဘယ်အကြောင်းအရာက ၀င်လိုက်၊ ထွက်လိုက် ဖြစ်နေသလဲဆိုတာ ကိုယ်ကလိုက်ရှာရမယ်။ အဲဒီအကြောင်းအရာတွေက ဖြေရှင်းလို့ရတာလား၊ မရတာလား။ အဲဒီအကြောင်းအရာတွေကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာကို အိပ်ရာမ၀င်ခင်ကတည်းက ကိုယ့်စိတ်နဲ့ကိုယ် ယတိပြတ် ဆုံးဖြတ်ချက်ချရမှာပေါ့။ အခုခေတ်ကာလဆိုရင် ပိုဖြစ်တာပေါ့။ ရှေ့ရေးနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမလဲ၊ ဘာဖြစ်လာမလဲဆိုတာလေးတွေက ခေါင်းထဲ၊ မသိစိတ်ထဲ ၀င်လိုက်၊ ထွက်လိုက် ဖြစ်နေတယ်။ အဲဒါကို ဖြေရှင်းလိုက်မှ အိပ်ပျော်မှာပါ။ တတ်နိုင်ရင် ဒီကိစ္စကို မနက်မိုးလင်းမှ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်တာမျိုး၊ ဒါမှမဟုတ် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတဲ့ ဖြေသိမ့်မှုနဲ့ အိပ်ရာဝင်တာမျိုး လုပ်ကြည့်ပါ။ အခက်အခဲရှိခဲ့ရင် ဆေးကူဖို့လိုတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီး ယာယီအနေနဲ့ သုံးစွဲသင့်ပါတယ်။ ရေရှည်အတွက်ကတော့ ကိုယ့်ခေါင်းထဲက စိတ်ပူတာတွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းပါ။ အိပ်ဆေးမပါရင် အိပ်မပျော်တာမျိုး မဖြစ်အောင်လို့ ကိုယ့်သဘောနဲ့ အိပ်ဆေးသုံးစွဲတာမျိုးထက် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သုံးစွဲတာ ပိုသင့်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ကျေးဇူးပြုပြီး ဖြေပေးပါ။ လူကလည်းပိန်တယ်။ စိတ်ကလည်းဖိစီးမှုများတယ်။ ကျန်းမာရေးအရမ်းကိုညံတယ်။ အငယ်ကတည်းကပိန်တာ။ အခုထိမဝဖူးဘူး။ ၁၉နှစ် ဘာဆေးမှီဝဲသင့်ပါသလဲခင်ဗျာ။

A. ဝချင်တာက လွယ်ပါတယ်။ အသက်ငယ်တဲ့အရွယ်တွေမှာ ပိန်တတ်ပေမယ့် အသက်အရွယ်ရလာတဲ့အခါ သူ့အလိုလိုဝလာတာ များပါတယ်။ ဝချင်ရင် နံပါတ်တစ်အနေနဲ့ ကယ်လိုရီပမာဏပြည့်အောင် စားရပါမယ်။ နံပါတ်နှစ်အနေနဲ့ အသားဓာတ်ပြည့်ဝအောင် စားရပါမယ်။ အလွယ်ဆုံးပြောရရင် ကြက်ဥရယ်၊ နွားနို့ရယ်ကို မှန်မှန်လေး စားသောက်ပေးရပါမယ်။ အသက် ၃၅ နှစ်အောက်အရွယ်ဆိုရင် တစ်နေ့ကို ကြက်ဥသုံးလုံးအထိ စားလို့ရပါတယ်။ နွားနို့ကို တစ်နေ့သုံးခွက် သောက်ပေးရပါမယ်။ အသားကို တစ်နေ့တစ်ဆယ်သား စားပေးရပါမယ်။ ဒီအတိုင်း သုံးလလောက် စားကြည့်လိုက်ပါ၊ ဝလာမှာအသေအချာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်အနေနဲ့ လေ့ကျင့်ခန်းကို နည်းနည်းပါးပါး လုပ်ပေးသင့်ပါတယ်။ သူများတွေလောက် ပြင်းပြင်းထန်ထန် မလုပ်ရပါဘူး။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလုပ်ပြီး နွားနို့ ဒါမှမဟုတ် ပဲနို့သောက်ပေးရင် ကျန်းမာရေးနဲ့လည်း ပိုညီညွတ်တယ်။ ကိုယ်အလေးချိန်လည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top