Healthy Life Ad
Q & A

ဆီးချိုရောဂါနှင့် ရာသီဥတု

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ရာသီဥတုအကူးအပြောင်းတွေမှာ ဆီးချိုရှိသူတွေအနေနဲ့ အအေးမိ၊ တုပ်ကွေးနဲ့ နာမကျန်းမှုတွေ မဖြစ်လွယ်အောင် ဘယ်လိုဂရုစိုက် နေထိုင်သင့်ပါသလဲ ဆရာ။

A. ဆီးချိုသမားတိုင်း၊ အထူးသဖြင့် သက်ကြီးရွယ်အို ဆီးချိုသမားတွေက နဂိုကတည်းက ကိုယ်ခံအားနည်းကြတယ်။ အပြင်ဘက်က ပိုးဝင်ဖို့လမ်း၊ အပြင်ကနေ ရောဂါပိုးဝင်နိုင်ခြေက သိပ်များတယ်။ ဖျားနိုင်ခြေ သိပ်ကိုများတယ်။ ဒါကြောင့် ဆီးချိုသမားတွေမှာ တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးထားရပါမယ်။ နောက်တစ်ခုက နမိုးနီးယားကာကွယ်ဆေးကိုလည်း ငါးနှစ်တစ်ခါ ထိုးထားရပါမယ်။ အထူးသဖြင့် သက်ကြီးရွယ်အို ဆီးချိုသမားတွေက တစ်နှစ်တစ်ခါထွက်တဲ့ တုပ်ကွေးကာကွယ်ဆေးနဲ့ ငါးနှစ်တစ်ခါ ထိုးရတဲ့ နမိုးနီးယားကာကွယ်ဆေးတွေကို မှန်မှန်ထိုးရပါမယ်။

ဒီကာကွယ်ဆေးတွေ ထိုးလိုက်ရင် တုပ်ကွေးမဖြစ်တော့ဘူးလား၊ နမိုးနီးယားမဖြစ်တော့ဘူးလား ဆိုတော့လည်း အဲဒီလိုတော့ မဟုတ်ပါဘူး။ ဖြစ်ချင်ဖြစ်မယ်၊ ဖြစ်ရင် ဆိုးဆိုးရွားရွားမဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ကာကွယ်ထားသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ်က သူများတွေလောက် အကြမ်းမခံ၊ ကိုယ်ခံအားမကောင်းတဲ့အတွက် ရေကို အကြာကြီးစိမ်ချိုးခြင်း၊ နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးခြင်း စတာတွေကို မလုပ်သင့်ပါဘူး။ တုပ်ကွေးရာသီမှာ လူနေထူထပ်တဲ့နေရာ၊ နှာချေ/ချောင်းဆိုးနေသူတွေ ရှိတဲ့နေရာတွေမှာ မနေသင့်ပါဘူး။ ဒါတွေက ကူးစက်နိုင်ခြေများတဲ့အတွက် အထူးသတိထားရပါမယ်။

Q. ဆီးချိုရှိသူတွေက သာမန်လူတွေနဲ့စာရင် ကိုယ်ခံအားနည်းတယ်လို့ ဆိုကြပါတယ်။ အဲဒီတော့ ရာသီဥတုအခြေအနေလေး ကမောက်ကမဖြစ်သွားရင် ချက်ချင်းဖျားတတ်ကြတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ ဆရာ။

A. ဆီးချိုရောဂါရှိသူတွေအနေနဲ့ မဖျားအောင် ရေများများသောက်ပါ၊ ဟင်းသီးဟင်းရွက်များများစားပါ၊ ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ခန်းတွေလုပ်ပါ။ ဒီနည်းတွေနဲ့ ကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါရှိသူတွေက တကယ်လို့ ဖျားခဲ့ရင် Six Days rule ဆိုတာရှိတယ်။ ဆီးချိုသမားတွေက ဖျားရင် များသောအားဖြင့် မစားချင်၊ မသောက်ချင်တော့ဘူး။ စားချင်သောက်ချင်စိတ်က သိပ်နည်းသွားတဲ့အတွက်ကြောင့် သူတို့စိတ်ထဲမှာ ထင်တာက “ငါမစားဘူး၊ မစားတော့ ဆီးချိုဆေးက သောက်လို့ရပါ့မလား”ဆိုပြီး ဆေးကိုပါ ဖြတ်ထားလိုက်တယ်။ စစ်လည်းမစစ်ဘူး။ ဒါက မှားပါတယ်။ တစ်ခါတစ်ရံမှာ ဖျားတယ်ဆိုတာ စိတ်ဖိစီးမှု (Stress) ပါ။ ဒီစိတ်ဖိစီးမှုကြောင့် ဆီးချိုက ပိုတက်တတ်ပါတယ်။ ဒါကြောင့်မို့ ဆီးချိုသမားတစ်ယောက် ဖျားပြီဆိုရင် သွေးချိုကို ဖောက်စစ်ကြည့်ပါဦး။ သွေးချိုတက်နေတယ်ဆိုရင်တော့ ဆေးကသောက်ရမှာ ဖြစ်ပါတယ်။ ဆေးကို ဖြတ်လို့မရပါဘူး။ သွေးချိုကျနေရင်တော့ ဆေးကို ခဏဖြတ်ထားလို့ ရပါတယ်။

Q. ဆီးချိုရှိသူတွေက ရာသီဥတုပူပြင်းချိန်မှာ ခန္ဓာကိုယ်အပူချိန်ကို ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။

“ဆီးချိုသမားတွေကဖျားရင် များသောအားဖြင့် မစားချင်၊ မသောက်ချင်တော့ဘူး။ စားချင်သောက်ချင်စိတ်က သိပ်နည်းသွားတဲ့အတွက်ကြောင့် သူတို့စိတ်ထဲမှာ ထင်တာက “ငါမစားဘူး၊ မစားတော့ ဆီးချိုဆေးက သောက်လို့ရပါ့မလား”ဆိုပြီး ဆေးကိုပါ ဖြတ်ထားလိုက်တယ်။ စစ်လည်းမစစ်ဘူး။ ဒါက မှားပါတယ်။ တစ်ခါတစ်ရံမှာ ဖျားတယ်ဆိုတာ စိတ်ဖိစီးမှု (Stress)ပါ။ ဒီစိတ်ဖိစီးမှုကြောင့် ဆီးချိုက ပိုတက်တတ်ပါတယ်။”

A. ရာသီဥတု အရမ်းပူတဲ့အချိန်မှာ Heat Stroke ဆိုတာ ရတတ်ပါတယ်။ အဲဒါက သာမန်လူတစ်ယောက်ဖြစ်ရင် ဘာမှသိပ်ပြဿနာမရှိပေမယ့် သက်ကြီးရွယ်အို ဆီးချိုသမားတွေမှာဖြစ်ရင် အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ၁၀၄ ဒီဂရီဖာရင်ဟိုက်ကျော်သွားရင် မကောင်းဘူး။ ဒါက အပူရှပ်တာ၊ အပူလွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ အပူကြောင့် သတိလစ်မေ့မျောခြင်းတွေ ဖြစ်တတ်ပါတယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြားမှာ အရိပ်ရတဲ့ နေရာတွေမှာ နေသင့်ပါတယ်။ လေ၀င်လေထွက်ကောင်းမွန်တဲ့ အေးမြတဲ့ အ၀တ်အစားတွေ ၀တ်သင့်ပါတယ်။ ထူထဲတဲ့ အ၀တ်အစားတွေဝတ်ရင် ခန္ဓာကိုယ်အပူချိန်က အပြင်ဘက်ကို ပြန်မထွက်တဲ့အတွက် ပိုဆိုးပါတယ်။ ချောင်ချိပြီး အရောင်ဖျော့တဲ့ အ၀တ်အစားတွေ ၀တ်ပါလို့ မှာချင်ပါတယ်။

Q. ဆီးချိုရှိသူတွေက ရာသီဥတုအေးမြချိန်မှာ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ရာသီဥတုအအေးဒဏ်ကြောင့် ဖြစ်တတ်တဲ့ ဝေဒနာတွေ မဖြစ်အောင် ဘယ်လိုနေထိုင် ဂရုစိုက်ပေးသင့်ပါသလဲ။

A. မိုးတွေအရမ်းရွာတယ်ဆိုရင် ဆီးချိုသမားက မိုးရေမထိအောင် နွေးနွေးထွေးထွေး နေသင့်ပါတယ်။ မိုးရေထဲက ပြန်လာတယ်ဆိုတာနဲ့ အ၀တ်ခြောက်နဲ့ သုတ်သင့်တယ်၊ ချက်ချင်းနွေးနွေးထွေးထွေး နေသင့်ပါတယ်။ ဆီးချိုသမားတွေက ခံနိုင်ရည်မရှိတဲ့အတွက် နွေးနွေးထွေးထွေး နေသင့်တာပါ။ ကိုယ်ခံအားစနစ် မကောင်းတဲ့အတွက် တချို့က ဗီတာမင်စီ မှီဝဲကြတယ်။ ကိုယ်ခံအားတက်မယ့်ဆေးတွေ သောက်ကြတယ်။ မဖြစ်မနေ သောက်ရမယ်လို့ မပြောပါဘူး။ အသီးအရွက်များများစား၊ ရေများများသောက်၊ ကိုယ်လက်လှုပ်ရှားမှုလုပ် . . ဒီနည်းတွေနဲ့ ကျန်းမာအောင် နေသင့်ပါတယ်။

Q. အခုဆိုရင် ရာသီဥတုက ဖောက်ပြန်နေပါတယ်။ ရေကြီးတာ၊ မိုးများတာ စတာတွေလည်း ဖြစ်တတ်တဲ့အတွက် ဒီလိုအခြေအနေတွေမှာ ဆီးချိုရောဂါရှိသူက ဘာတွေဖြစ်တတ်ပါသလဲ။ ဘယ်လိုဂရုစိုက် နေထိုင်သင့်ပါသလဲ ဆရာ။

A. ရေကြီးတဲ့အခါမှာ ဆီးချိုရှိသူတွေက ရေထဲစိမ်နေရတဲ့အတွက် အအေးမိတတ်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ တတ်နိုင်သမျှ ရေနဲ့မထိတွေ့အောင် နေကြည့်မယ်။ ရုတ်တရက် ရေကြီးသွားရင် ဆေးတွေက ဘယ်နားထားမိမှန်း မသိတတ်ဘူး။ စက်တွေကလည်း ဘယ်နားရောက်လို့ ရောက်မှန်းမသိတတ်ဘူး။ ဒုက္ခရောက်နိုင်ပါတယ်။ အရေးပေါ်ဆေးကုအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေထဲက ဆီးချိုသမားတွေကို ဘယ်လိုကူညီရမလဲ မေးတဲ့အခါမှာပါတယ်။

(၁) ဆီးချိုတိုင်းစက်တွေ ဆောင်ခိုင်းထားပါ။

(၂) ဆေးကို အရံသင့်ဆောင်ထားပါ။ အဲဒါတွေကို ပျောက်မသွားအောင် ထိန်းထားဖို့ ပြောရပါတယ်။ ရေဘေးမှာ အအေးမမိအောင် တတ်နိုင်သမျှ ကြိုးစားနေထိုင်ဖို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top