Healthy Life Ad
Q & A

အသည်းခြောက်ခြင်း၊ အသည်းကြွပ်ခြင်း

ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. အသည်းခြောက်/အသည်းကြွပ်တယ်ဆိုတာ ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

A. အသည်းခြောက်/အသည်းကြွပ်တယ်ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးက ဘီပိုး၊ စီပိုးကြောင့်ပါ။ နောက်တစ်ခုက အရက်ကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသည်းအဆီဖုံးတာကြောင့် အသည်းခြောက်တာ အဖြစ်များလာနိုင်ပါတယ်။

Q. ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

A. အသည်းခြောက်/အသည်းကြွပ်တဲ့အခါ အသည်းက ဗြုက်လေးတွေထလာပါတယ်။ အသည်းက ပုံမှန်လုပ်နိုင်တဲ့ အလုပ်တွေကို မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ဥပမာ မြင်သာအောင် ပြောရမယ်ဆိုရင် ရေဖျဉ်းစွဲတာက အသည်းခြောက်၊ အသည်းကြွပ်ရင် ပြတဲ့လက္ခဏာတစ်ခုပါ။ တချို့ဆိုရင် အစာအိမ်အ၀မှာရှိတဲ့ သွေးကြောထုံးလေးတွေ ပေါက်တယ်၊ သွေးအန်တယ် . .ဒါကလည်း အသည်းခြောက်၊ အသည်းကြွပ်တဲ့ လက္ခဏာပါ။ တချို့ကျတော့ အသည်းခြောက်လို့ ဦးနှောက်မှာ သတိမေ့တာ၊ အိပ်တဲ့အချိန် ပုံမှန်မဟုတ်တာတွေကလည်း အသည်းခြောက်လို့ ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ ကျန်တာတွေလည်း အများကြီးရှိသေးတယ်။ ဒါပေမဲ့ ဒါတွေက အတွေ့ရများတဲ့ လက္ခဏာတွေပါ။

“အသည်းကင်ဆာတောင် ကုရင်ပျောက်သေးတာ၊ အသည်းခြောက်တာလောက်ကတော့ ပြောမနေနဲ့။ နည်းနည်းကုမရတော့ဘူး၊ အသည်းက တော်တော်ခြောက်တယ်လို့ ဆုံးဖြတ်ရင် အသည်းသာအစားထိုးလိုက်။ ပျက်နေတဲ့ အင်ဂျင်တစ်ခုကိုဖြုတ်ပြီး အသစ်အစားထိုးလိုက်သလိုပဲ” . . .

Q. ကုသရင် ပျောက်ကင်းနိုင်ပါသလား ဆရာ။

A. အသည်းကင်ဆာတောင် ကုရင်ပျောက်သေးတာ၊ အသည်းခြောက်တာလောက်ကတော့ ပြောမနေနဲ့။ နည်းနည်းကုမရတော့ဘူး၊ အသည်းက တော်တော်ခြောက်တယ်လို့ ဆုံးဖြတ်ရင် အသည်းသာ အစားထိုးလိုက်။ ပျက်နေတဲ့ အင်ဂျင်တစ်ခုကို ဖြုတ်ပြီး အသစ်အစားထိုးလိုက်သလိုပဲ ဒီလူက အသက် ၅၀ လောက်၊ အသည်းက တော်တော်ခြောက်နေပြီ၊ အသည်းက သုံးမရတော့ဘူး။ နောက်ဆုံးအဆင့်ဆိုရင် အသက် ၂၀-၃၀ အရွယ် လူတစ်ယောက်ရဲ့အသည်းကို အစားထိုးထည့်လိုက်ရင် သက်တမ်းစေ့နေရမယ်လေ။ အသည်းအစားထိုးတာနဲ့ ပတ်သက်ပြီး တချို့လူတွေက မေးကြတယ်။ “အသည်းကို တစ်ခါလှူလိုက်ရင် လှူတဲ့သူက သေသွားတာလား”ဆိုပြီး မေးတတ်တယ်။ အဲဒီလိုသာဆိုရင် ဘယ်သူက လှူနေတော့မှာလဲ။ မသေပါဘူး။ အသည်းက တစ်ခြမ်းပဲလှူတာပါ။ ကျောက်ကပ်လှူတယ်ဆိုတာက ကျောက်ကပ်တစ်လုံးလုံးဖြုတ်ပြီး ပေးလိုက်ရတာ။ အသည်းအစားထိုး လှူတယ်ဆိုတာက အသည်းတစ်ခြမ်းကို ပေးတာပါ။ တစ်လခွဲလောက်ကြာတော့ အသည်းလှူတဲ့သူမှာ အသည်းက ပြန်ပြည့်သွားရော။ လှူတဲ့သူမှာ ပကတိအကောင်း၊ ထိခိုက်မှုဘာမှမရှိဘူး။

Q. အသည်းခြောက်တာကို ဘယ်လိုကုသရမလဲ ဆရာ။

A. အသည်းခြောက်တိုင်း အကုန်လုံး အသည်းအစားထိုးရမယ်လို့ မဟုတ်ပါဘူး။ အရက်သောက်တယ်ဆိုရင် အရက်ဖြတ်ပေါ့။ စီပိုးရှိရင် စီပိုးကုလိုက်ပါ၊ ပြန်ကောင်းနိုင်ပါတယ်။ ဘီပိုးရှိရင် ဘီပိုးကုလိုက်ပါ၊ ပြန်ကောင်းနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top