Healthy Life Ad
Life Style

အရက်သောက်ခြင်းက ၀ူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်တွန်းလှန်ပေးနိုင်မှာလား . .

၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်၊

အခုအခါမှာ ၀ူဟန်ကော်ရိုနာဗိုင်းရပ်စ်ဖြစ်သူဦး ရေက တရုတ်နိုင်ငံမှာ တစ်ထောင်ကျော်ရှိလာပြီး သေဆုံးသူ ဦးရေ ၄၁ဦးရှိကာ ဆရာဝန်တစ်ဦးပါဝင်လာတယ်လို့ နိုင်ငံတကာ သတင်းတွေအရ သိရပါတယ်။ဒါ့အပြင် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီး ယား၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာပါ ၀ူဟန်ကော်ရိုနာဗိုင်းရပ်စ်ရှိသူတွေ ရှိလာပြီဖြစ်ပါတယ်။ ၀ူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေကြားထဲမှာ သို့လော သို့လော ဖြစ် ပြီး သိချင်နေကြတဲ့ မေးခွန်းလေးတွေကို Healthy Life ဂျာနယ်ထံ မေးမြန်းထားတဲ့အတွက် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင် ကျော်နိုင်က အခုလို ဖြေကြားပေးထားပါတယ်။

ှQ. အရက်ဘီယာသောက်ရင် ၀ူဟန်ကော်ရိုနာဗိုင်း ရပ်စ်ပိုးကို ကာကွယ်တွန်းလှန်နိုင်တယ်ဆိုတာ ဟုတ်ပါသလား ဆရာ။
ှA. မဖြစ်နိုင်ပါဘူး။ အရက်ဘီယာသောက်လို့ ၀ူဟန် ဗိုင်းရပ်စ်ကို ကာကွယ်တယ်ဆိုတာ ဘယ်အပိုင်းကနေ ဘယ်လို ကာကွယ်မှာလဲဆိုတာ စဉ်းစားကြည့်ရအောင်။ နံပါတ်တစ်အနေနဲ့ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို ၀င်လာမယ်၊ ပြီးတော့မှ ရောဂါဖြစ်စေမယ်။ အရက်သောက်ခြင်းက ကိုယ့်ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်မ၀င်အောင် ကာကွယ်ပေးနိုင်မှာတော့ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ ဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းထဲကနေ ၀င်တာ ဖြစ်တဲ့အတွက် အရက်သောက်ထားလို့ မူးနေရင် သတိလက်လွတ်ဖြစ်ပြီး ဗိုင်းရပ်စ်ပါတဲ့ လေကို ရှူရှိုက်ဖို့ ပိုတောင် လွယ်ဦးမယ်။ ဒီတော့ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။ နောက်တစ်ခုက ခန္ဓာကိုယ်ထဲ ၀င်တဲ့ ဗိုင်းရပ်စ်ကိုကော အရက်သောက်တာက ကာကွယ်နိုင်မှာလားဆိုတာ ပြန်ကြည့်ရင် ၀ူဟန်ဗိုင်းရပ်စ် မပြောနဲ့ တခြားဗိုင်းရပ်စ်တွေကို အရက်က တွန်း လှန်နိုင်တယ်ဆိုတဲ့ အထောက်အထားတောင် မရှိသေးပါဘူး။ ဒါကြောင့် အရက်သောက်ခြင်းက ခန္ဓာကိုယ်ထဲ ၀ူဟန်ဗိုင်းရပ်စ်မ၀င်အောင်လည်း မကာကွယ်ပေးနိုင်သလို ၀င်ပြီးသား ဗိုင်းရပ်စ်တွေ မပွားအောင် တားဆီးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ အရက်သောက်များရင် ကိုယ်ခံအားကျပြီး ဗိုင်းရပ်စ်ဝင်နိုင်ခြေတောင် ပိုများပါသေးတယ်။

အရက်သောက်ရင် ၀ူဟန်ဗိုင်းရပ်စ်ကို ကာ ကွယ်တယ်ဆိုတဲ့ စကားလုံး ဘာလို့ ထွက်လာသလဲ ဆိုတော့ ဗိုင်းရပ်စ်ပိုးတချို့က ပူတဲ့နေရာမှာ မနေနိုင်ဘူး၊ အရက်သောက်ရင် ခံတွင်း ပူမယ်၊ ဒီတော့ ကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ မနေနိုင်ဘူးဆိုပြီး လျှောက်ရေးသားထင်မြင်ကြတာ ဖြစ်ဖို့ များပါတယ်။ တကယ်တော့ ဗိုင်းရပ်စ်တွေက ပတ်ဝန်းကျင်ပူနေမှ မရှင်သန်နိုင်တာဖြစ်ပါတယ်။ဝူဟန်ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းက ၀င်တဲ့အခါ အာခေါင်ထဲ ဖြတ်ပြီးမှ အဆုတ်ထဲ ရောက်တာဖြစ်လို့ အာခေါင်ခြောက်ရင် ဗိုင်းရပ်စ်ပိုးက ၀င်ကပ်ဖို့ လွယ်တယ်၊ ပွားဖို့ လွယ်တယ်၊ ဒါကြောင့် စိုထိုင်းထိုင်းဖြစ်နေအောင် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဒါဆို အသက်ရှူလမ်း ကြောင်းနံရံတွေမှာ ဗိုင်းရပ်စ်ကပ်တာ၊ ပွားတာ လျော့ကျစေနိုင်မှာပါ။

ှQ. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းစားရင် ၀ူဟန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်တယ်ဆိုတာကော မှန်ပါသ လား ဆရာ။
ှA. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းစတာတွေက ကိုယ့်ခန္ဓာကိုယ်ထဲ ၀ူဟန်ဗိုင်းရပ်စ်မ၀င်လာအောင်တော့ မကာကွယ်နိုင်ပါဘူး။ တစ်ခုရှိတာက ၀င်လာတဲ့ ဗိုင်းရပ်စ်ကို ပြန်လည်တွန်းလှန်တဲ့နေရာမှာ ကိုယ်ခံအားကောင်းနေရင် အသက်အန္တရာယ်မရှိဘဲ နဲ့ ပြန်ကောင်းနိုင်ခြေများပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းနေအောင် စားသုံးရမယ့် အသီးအရွက်၊ အသီးအနှံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် မှန်သမျှ စားသုံးပေးရပါမယ်။

ှQ. ၀ူဟန်ဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေး ပါဦး ဆရာ။
ှA. ၂၀၂၀ ဇန်န၀ါရီကစပြီး တရုတ်ပြည်က ပြန်လာတဲ့သူတွေက နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ ဖြစ်နေရင် အစိုးရသတ်မှတ်ထားတဲ့ ဝေဘာဂီဆေးရုံကို သွားပြဖို့ လိုပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်အနီးအနားက တရုတ်ပြည်က ပြန်လာသူတစ်ဦးဦး နာမကျန်းဖြစ်ခဲ့ရင် အဲဒီဆေးရုံကို ချက်ချင်း သွားပြခိုင်းရပါမယ်။ တခြား ဆေးခန်း၊ဆေးရုံတွေကို မသွားစေချင်ပါဘူး။ တရုတ်နိုင်ငံမှာ ဆေးကုပေးနေ တဲ့ ဆရာဝန်တောင် သေဆုံးသူရှိနေပြီဖြစ်လို့ အစိုးရသတ်မှတ်ထားတဲ့ ဆေးရုံကိုပဲ သွားသင့်တယ်လို့ အကြံပြုပါတယ်။

Most Popular

Healthy Life Ad
To Top