Healthy Life Ad
Q & A

အစားအသောက်များထဲတွင် ထည့်လေ့ရှိသော ခွင့်မပြုဆိုးဆေးအန္တရာယ်

Q. အစားအသောက်တွေမှာ ထည့်လေ့ရှိတဲ့ ဆိုးဆေးတွေအကြောင်း သိပါရစေ ဆရာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်

A. တချို့အစားအသောက်တွေထဲမှာ ဆိုးဆေးတွေ ထည့်လေ့ရှိပါတယ်။ ဆိုးဆေးမှာ သဘာဝအားဖြင့် ဖြစ်တဲ့ ဆိုးဆေး(Natural Dye) နဲ့ သီးသန့်ဆိုးဆေးအတု (Artificial Dye)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆိုးဆေးမှာ ရောင်စဉ်တွေ ရှိပါတယ်။ ဒီအထဲမှာ သဘာဝဆိုးဆေးရော၊ ဆိုးဆေးအတုရော ပါဝင်ပေမယ့် တချို့ဆိုးဆေးတွေက လူတွေရဲ့ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးဆိုပြီး အမေရိကန် FDAက လက်ခံထားပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အရောင်နံပါတ်အတိုင်း ထည့်တယ်ဆိုရင် ခွင့်ပြုထားပါတယ်။ ပြဿနာက ခွင့်မပြုထားတဲ့ ဆိုးဆေးအရောင်တွေကို အစားအသောက်တွေထဲမှာ ထည့်တာပဲ ဖြစ်ပါတယ်။ ဒီအရောင်တွေ ထည့်ထားတဲ့ အစားအသောက်တွေကို သံသယရှိလို့ စစ်ဆေးကြည့်မှ သိရတာတွေလည်း ရှိပါတယ်။

Q. တချို့အစားအသောက်တွေထဲကို ဘာကြောင့် ဆိုးဆေးတွေ ထည့်ကြတာပါလဲ ဆရာ။

A. အစားအသောက်ထဲ ဆိုးဆေးထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်က လူတွေကို စားချင်လာအောင် ဆွဲဆောင်ဖို့ပါပဲ။ အရောင်တွေစိုနေရင် စားသုံးသူတွေ ပိုနှစ်သက်တယ်၊ ပိုဝယ်စားချင်မယ် ဆိုပြီးလုပ်ကြတာပဲ။ တချို့အစာတွေဆိုရင် အရောင်လွင့်တတ်တော့ အရောင်တောက်ပနေအောင် ဆိုးကြတာလည်း ရှိပါတယ်။

Q. မြန်မာနိုင်ငံက ဘယ်အစားအသောက်တွေထဲမှာ ဆိုးဆေးပါဝင်မှု မြင့်မားနေပါသလဲ ဆရာ။

A. ဆိုးဆေးပါတဲ့ အစားအသောက်တွေက အများကြီးရှိပါတယ်။ လက်ဖက်၊ မျှစ်၊ တချို့ပဲတွေ၊ အခြောက်အခြမ်းလုပ်ထားတဲ့ အသားတွေနဲ့ အချဉ်ထုပ်တွေထဲမှာလည်းပါတယ်။ စလေဆီးသီးတို့လို ပုံမှန်အချဉ်ထုပ်တွေဆိုရင် သိပ်ပြဿနာမရှိပေမယ့် အချဉ်တွေစားလိုက်လို့ လက်ထဲမှာအနီရောင်တွေ စွန်းထင်းနေရင် သတိထားသင့်နေပြီ။ သကြားလုံး၊ ဂျယ်လီ၊ ရေခဲမုန့်တို့မှာထည့်တဲ့ ဆိုးဆေးတွေက ခွင့်ပြုထားတဲ့ အရောင်တွေများပါတယ်။ တချို့ဆေးဝါးတွေမှာဆိုရင်လည်း ဆိုးဆေးတွေထည့်ပြီး အရောင်ဖန်တီးထားကြတယ်။ ဒီအစာတွေထဲမှာ ဆိုးဆေးတွေကို စံချိန်စံညွှန်းနဲ့အညီ ထည့်ရင်တော့ ပြဿနာမရှိပါဘူး။

Q. မြန်မာနိုင်ငံမှာ အသုံးများနေတဲ့ ဆိုးဆေးတွေက ခွင့်ပြုထားတဲ့ အမျိုးအစားတွေ ဖြစ်နိုင်ပါသလား ဆရာ။

A. မြန်မာနိုင်ငံမှာသုံးနေတဲ့ ဆိုးဆေးအမျိုးအစားတွေက မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ခွင့်ပြုထားတဲ့ အရောင်တွေ ဟုတ်၊ မဟုတ် သေချာမသိပါဘူး။ မျှစ်တွေက သဘာဝအရောင်တွေမဟုတ်ဘဲ အလွန်အမင်း နီရဲနေတာတွေရှိတယ်၊ လက်ဖက်တွေကလည်း ပုံမှန်မဟုတ်ဘဲ အရောင်စိမ်းစိုနေတာတွေရှိတယ်။ ဥပမာပြောရရင် စတော်ဘယ်ရီရေခဲမုန့်က ပန်းရောင်ရဲနေတယ်၊ တကယ်တမ်း စတော်ဘယ်ရီသီးနဲ့ ရေခဲမုန့်လုပ်ရင် အဲဒီအရောင် ထွက်ချင်မှထွက်မှာ၊ ဆိုးဆေးတွေထည့်ထားလို့ ဒီလိုအရောင်ဖြစ်နေတာ။ ကလေးတွေစားတဲ့ ဂျယ်လီနဲ့ သကြားလုံးတွေကလည်း ဆိုးဆေးတွေ ထည့်ထားတယ်။ အစားအသောက်ထဲ ဆိုးဆေးထည့်တဲ့အခါ (FDA) က သတ်မှတ်ထားတဲ့ အရောင်ပဲဖြစ်ရပါမယ်။ အဲဒါဆိုရင် လက်ခံတယ်။ ခွင့်ပြုထားတဲ့ ပမာဏမဟုတ်ရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Q. မကောင်းတဲ့ဆိုးဆေးတွေကြောင့် ဘယ်လိုရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. ဖြစ်နိုင်တဲ့အန္တရာယ်က သုံးမျိုးရှိပါတယ်။

(၁) ဓာတ်မတည့်တာ(Allergy)၊

(၂) ကင်ဆာဖြစ်တာ၊

“မျှစ်တွေက သဘာဝအရောင်တွေမဟုတ်ဘဲ အလွန်အမင်း နီရဲနေတာတွေရှိတယ်၊ လက်ဖက်တွေကလည်း ပုံမှန်မဟုတ်ဘဲ အရောင်စိမ်းစိုနေတာတွေရှိတယ်။ ဥပမာပြောရရင် စတော်ဘယ်ရီရေခဲမုန့်က ပန်းရောင်ရဲနေတယ်၊ တကယ်တမ်း စတော်ဘယ်ရီသီးနဲ့ ရေခဲမုန့်လုပ်ရင် အဲဒီအရောင် ထွက်ချင်မှထွက်မှာ၊ ဆိုးဆေးတွေထည့်ထားလို့ ဒီလိုအရောင်ဖြစ်နေတာ” . . .

(၃) ADHD (Attension Deficit Hyperactive Disease)လို့ခေါ်တဲ့ အာရုံစူးစိုက်မှုချို့တဲ့ပြီး ဂနာမငြိမ်ဖြစ်တဲ့ရောဂါ.. ဒါက ကလေးတွေမှာ အဖြစ်များတယ်။ ကလေးတွေက ဒီရောဂါဖြစ်ရင် အာရုံစူးစိုက်မှု သိပ်မလုပ်နိုင်ဘဲ အတက်ကြွလွန်နေတတ်ပါတယ်။

Q. အခုလောလောဆယ် စားသုံးသူ ပြည်သူတွေအနေနဲ့ ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။

A. အခုလက်ရှိ မြန်မာနိုင်ငံမှာ အစားအသောက်တချို့ထဲ ထည့်တဲ့ဆိုးဆေးတွေက ခွင့်ပြုထားတဲ့ အရောင်တွေလား၊ သတ်မှတ်ထားတဲ့ ပမာဏလား၊ များနေသလားဆိုတာ မသိသေးပါဘူး။ သဘာဝမကျဘဲ အရောင်ရင့်နေရင် စိတ်ပူစရာတော့ရှိပါတယ်။ ပန်းသီးကို သဘာဝထက် ပိုနီအောင်လုပ်ထားတယ်၊ ငှက်ပျောသီးကို မြန်မြန်မှည့်အောင် ဆေးထိုးထားတယ်၊ မျှစ်တွေကို ရဲနေအောင် အရောင်ဆိုးထားတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။

Q. တခြားအစားအသောက် အန္တရာယ်တွေကိုလည်း သိပါရစေ ဆရာ။

A. ဟင်းသီးဟင်းရွက်တွေကို ဓာတုဗေဒပါတဲ့ ဆေးတွေဖျန်းတာရှိတယ်။ ဘယ်လောက်ကပ်ငြိနေလဲဆိုတာ စားသုံးသူတွေအနေနဲ့ မသိကြပါဘူး။ ဒီတော့ အရင်ကလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတဲ့အကျင့်ကို ပြင်မှဖြစ်ပါမယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးတွေ ကပ်ငြိနေနိုင်တဲ့အတွက် ရေစင်အောင်ဆေးတဲ့အပြင် ပြုတ်ပြီးစားတာ၊ ရေနွေးဖျောပြီးစားတာတို့ လုပ်သင့်ပါတယ်။ ငပိဆိုရင် တစ်လလောက်နှပ်ထားဖို့ လိုပေမယ့် မြန်မြန်စားလို့ရအောင် ယူရီးယားဓာတ်မြေသြဇာတွေ ထည့်လာကြတာရှိတယ်။ ဒါတွေက တကယ်စိုးရိမ်စရာကောင်းပါတယ်။ တူးနေတဲ့အကင်တွေမှာ Nitrosamine တွေ ပါသလို မှိုတက်နေတဲ့ ငရုတ်ပွသီးတွေမှာ Alfatoxin တွေပါတယ်။ ဒါတွေက ကင်ဆာဖြစ်စေနိုင်လို့ သတိထားသင့်တယ်။

Q. အန္တရာယ်ရှိတဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ ဈေးကွက်ထဲမရှိစေဖို့ ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ ဆရာ။

A. အခုတော့ FDA က အခါအားလျှော်စွာ ဈေးကွက်ထဲက အစာတွေကိုဝယ်ပြီး စစ်ဆေးတာမျိုး ပိုပြီးဆောင်ရွက်လာကြပါတယ်။ ဒါပေမဲ့ အစားအသောက်တိုင်းကိုတော့ မစစ်ဆေးနိုင်သေးပါဘူး။ အစားအသောက်စစ်ဆေးမယ့် ကျွမ်းကျင်တဲ့သူတွေ အများကြီး လိုအပ်နေပါသေးတယ်။ စားသုံးသူ ကာကွယ်ရေးအသင်းတွေကလည်း လုပ်နေပေမယ့် သူတို့လည်း အစားအသောက်ကို မစစ်ဆေးနိုင်သေးပါဘူး။ အခုတော့ FDA က အစားအသောက် စစ်ဆေးဖို့အတွက် အများကြီးတိုးချဲ့နေပါပြီ၊ အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တော့မယ်လို့လည်း ကြားသိနေရပါတယ်။ FDA က တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်နေစဉ် အတောအတွင်းမှာ စားသုံးသူတွေကလည်း ဆင်ခြင်စားသုံးဖို့ လိုအပ်ပါတယ်။ အစားအသောက်တစ်ခုကို ဓာတ်ခွဲခန်းမှာစစ်လို့ ခွင့်ပြုမထားတဲ့ဆိုးဆေးတွေ သုံးနေတယ်ဆိုတာတွေ့ရင် မသုံးသင့်ပါဘူးလို့ FDA က တရားဝင်သတင်းထုတ်ပြန်တဲ့အခါကျမှ အဲဒီအစားအသောက်ထုတ်လုပ်မှု ရပ်မှာဖြစ်ပါတယ်။

Q. ဆိုးဆေးနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

A. အခုလောလောဆယ် မှာချင်တာက ဆိုးဆေးတချို့က ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ မသမာသူတချို့က မသုံးသင့်တဲ့ ဆိုးဆေးတွေကို ထည့်သုံးပြီး ရောင်းချနေကြတာလည်း ရှိပါတယ်။ ဒါကြောင့် စားသုံးသူတွေအနေနဲ့ သတိထားစားသောက်ဖို့လိုပါတယ်။ သဘာဝထက်လွန်ကဲတဲ့ အရောင်တွေဆိုရင် ရှောင်သင့်ပါတယ်။ အစာတစ်ခုက ဆေးဆိုးထားသလား၊ သဘာဝအရောင်ပဲလား၊ သုံးထားတဲ့ဆေးက ခွင့်မပြုဆိုးဆေးလားဆိုတာ ခွဲခြားနိုင်ဖို့ အတော်ခက်ပါတယ်။ ဓာတ်ခွဲစစ်မှသာ သိနိုင်ပါတယ်။ ဒါကြောင့် သဘာဝထက်လွန်ကဲနေတဲ့ အရောင်ဖြစ်နေရင် သတိထားဖို့ လိုအပ်နေပြီလို့ သတိပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top