Healthy Life Ad
Child

အပျင်းကြီးတဲ့ မေမေဖေဖေတို့ Diaper သုံးတာလား

မြန်မာပြည်မှာ ကလေးမွေးလာပြီဆို အ၀တ်အနှီးပဲ သုံးမှာလား၊ diaper သုံးမှာလားဆိုတာ debate တခုပါပဲ။ တချို့ကလည်း diaper လောင်တဲ့ ကလေးဓာတ်ပုံတွေကြည့်ပြီး မိခင်စိတ်မရှိတဲ့ အမေတွေပဲသုံးတာစသဖြင့် ငြင်းကြပါတယ်။ ဒီအငြင်းပွားတာတွေကို ၀င်မပါဘဲ diaper သုံးပြီးရင် ဘယ်လို care လုပ်ပေးမလဲဆိုတာ အရင်ပြောချင်ပါတယ်။

မွေးကင်းစကလေးလေးတွေမှာ diaper ကို နှစ်နာရီခြား တခါလဲပေးဖို့လိုနိုင်ပြီး ကလေးသုံးလေးပတ်အချိန်လောက်ထိ တစ်နေ့ကို အနည်းဆုံး ခြောက်ကြိမ်လောက်အထိ လဲပေးဖို့လိုနိုင်ပါတယ်။ အရမ်းငယ်လွန်းတဲ့ ကလေးတွေကို ငိုတဲ့အချိန်ထိ diaper လဲဖို့ မစောင့်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့ဒီအရွယ်ကလေးလေးတွေက သူတို့ အီးစို၊ သေးစိုတာကို ငိုရမှန်းမသိတတ်သေးလို့ပါ။ ကလေး နည်းနည်းကြီးလာရင် တနေ့ကို နှစ်ကြိမ်လောက်ပဲ ၀မ်းသွားတတ်ပါတယ်။

အရေးကြီးတာက ကလေးလေးဖင်မှာ ဆီးတွေ၊ ၀မ်းတွေအကြာကြီးပေမနေသင့်ပါဘူး။ အညစ်အကြေးမှာပါတဲ့ ဘက်တီးရီးယား (bacteria) တွေကြောင့် အရေပြားတွေလောင်ပြီး Diaper rash တွေ ဖြစ်မှာစိုးလို့ပါ။

ပုံမှန် diaper လဲပေးတဲ့အကျင့်လုပ်ပါ။ စိုတာနဲ့ ချင်ချင်းလဲပါ။ တချို့မေမေတွေက diaper လဲရင် ကလေးနိုးသွားမှာစိုးလို့ အိပ်ရာနိုးတဲ့အထိ စောင့်တတ်ပါတယ်။ တကယ်က ကလေးကို အိပ်ရာမနိုးစေဘဲ ညင်ညင်သာသာ လဲလို့ရပါတယ်။

Diaper rash မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ . . .

Diaper rash မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတော့ ပုံမှန် diaper လဲပေးတဲ့ အကျင့်လုပ်ပါ။ စိုတာနဲ့ ချင်ချင်းလဲပါ။ တချို့မေမေတွေက diaper လဲရင် ကလေးနိုးသွားမှာစိုးလို့ အိပ်ရာနိုး တဲ့အထိ စောင့်တတ်ပါတယ်။ တကယ်က ကလေးကို အိပ်ရာမနိုးစေဘဲ ညင်ညင်သာသာ လဲလို့ရပါတယ်။

နောက်အရေးကြီးတဲ့အချက်က အရည်အသွေးကောင်းတဲ့ diaper တွေက ရေငွေ့စုပ်နိုင်အား အရမ်းကောင်းတော့ တခါတလေ ကလေးက ရှူးပေါက်ချထားပေမယ့် အပြင်ကကိုင်ကြည့်ရင် မစိုသလိုဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သတိထားပြီး diaper ကိုပုံမှန်စစ်ပေးတာ၊ လဲပေးတာလုပ်ဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင် diaper နဲ့ ပတ်သက်ပြီး ဘယ်လို care လုပ်ရမလဲ သိကြမယ်ထင်ပါတယ်။ အစကိုပြန်ကောက်ရရင်တော့ မိခင်တိုင်း ကိုယ့်သားသမီးအတွက် ကိုယ်ကြိုက်တာသုံးခွင့်ရှိပါတယ်။ ကျွန်မအမြင်မှာတော့ အပျင်းကြီးတာ၊ မကြီးတာနဲ့ မဆိုင်ဘူးထင်ပါတယ်။ အလုပ်လုပ်တဲ့၊ အားချိန်မရှိတဲ့ မိခင်တွေအတွက် diaper သုံးရတာအချိန်ကုန်၊ လူပင်ပန်းအများကြီး သက်သာနိုင်ပါတယ်။ ဒါပေမဲ့ သုံးမယ်ဆိုရင် လဲပေးဖို့ မနှမြောပါနဲ့။ မသုံးခင် ကုန်ကျစရိတ်တတ်နိုင်မှာလား အရင်တွက်ပါ။

နောက်ဆုံးအနေနဲ့ ကျွန်မစဉ်းစားမိတာကတော့ diaper သုံးတယ်ဆိုတာ အရင်ခေတ်က အမျိုးသမီးတွေ ရာသီလာရင် ပိတ်စနဲ့ခံပြီး ပြန်လျှော်သုံးမှာလား၊ လစဉ်သုံးဂွမ်းထုပ်လေးတွေ သုံးမှာလားဆိုပြီး အကြီးအကျယ် အငြင်းပွားခဲ့ကြတဲ့ပုံနဲ့ တော်တော်လေးဆင်တူနေသလိုပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top