Healthy Life Ad
Child

ကလေးဒူးနာခြင်းအကြောင်း သိမှတ်ဖွယ်ရာ (Osgood Schlatter Disease)

ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. လူကြီးတွေမှာ ဒူးနာတာ အဖြစ်များပါတယ်။ ကလေးတွေမှာကော ဘယ်လိုအခြေအနေကြောင့် ဒူးနာတတ်ပါသလဲ ဆရာ။

ဖြေ. အမှန်ဆိုရင် ကလေးတွေက ဒူးမနာတတ်ကြပါဘူး။ ဒူးနာတာက လူကြီးတွေမှာ ဖြစ်တတ်တာပါ။ ဒါပေမဲ့ ကလေးတွေက ဒူးနာတယ်ဆိုပြီး ရောက်လာတာတွေ တွေ့နေရပါတယ်။ အဲ့ဒါကို Osgood Schlatter Disease လို့ခေါ်ပါတယ်။ ဒါကတော့ လူနာမည်တွေကို ပေးထားတာပါ။ အမေရိကန် အရိုးခွဲစိတ်ကုဆရာဝန် Robert Bayley Osgood နဲ့ ဆွစ်ဇာလန်ဆရာဝန် Cart B Schlatter တို့ နှစ်ယောက်က ဒီရောဂါကို စတင်မှတ်တမ်းပြုခဲ့တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတဲ့ ရောဂါဖြစ်ပါတယ်။

မေး. ကလေးဒူးနာတဲ့ရောဂါက ဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. ကလေးတွေမှာ ဒူးနဲ့ဒူးပတ်ဝန်းကျင်နာတဲ့ ပြသနာတွေ ဖြစ်လေ့ဖြစ်ထရှိတာက အသက် ၉ နှစ်နဲ့ ၁၆ နှစ်ကြားမှာဖြစ်တတ်တာကို တွေ့ရပါတယ်။

မေး. ကလေးဒူးနာတဲ့ရောဂါက မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်သူမှာ ပိုအဖြစ်များပါသလဲ ဆရာ။

ဖြေ. မိန်းကလေးတွေဆိုရင် အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်ကြားမှာ အဖြစ်များပြီး ယောက်ျားလေးတွေမှာ အသက် ၁၃ နှစ်ကနေ ၁၄ နှစ်ကြားမှာ အဖြစ်များပါတယ်။ ဒါကလည်း မိန်းကလေးတွေက ယောက်ျားလေးတွေထက် ကြီးထွားတာ ပိုစောတဲ့အတွက်ကြောင့် ပိုစောစောဖြစ်ပွားတာဖြစ်ပါတယ်။ ဖြစ်တဲ့နှုန်းကတော့ ယောက်ျားလေးတွေက သုံးအချိုး တစ်ကနေ ခုနစ်အချိုး တစ်လောက် ပိုအဖြစ်များပါတယ်။

မေး. ကလေး ဒူးနာတာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ကလေးတွေမှာ ဒူးနာတာက အားကစားလိုက်စားတဲ့ ကလေးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကြီးထွားမှုဖြစ်နေတဲ့ အရွယ်တွေမှာ အားကစားလုပ်နေတဲ့ ကလေးငါးယောက်မှာတစ်ယောက် ဖြစ်နိုင်ခြေရှိပါတယ်။ ဆရာတို့ဆီမှာဆိုရင် ဥပမာ အင်္ဂလိပ်ကျောင်းတွေမှာထားတဲ့ ကလေးတွေက အားကစားတွေအရမ်းလုပ်ရပါတယ်။ ဘောလုံးတွေကစားခိုင်းတယ်၊ ဘတ်စကတ်ဘောတွေ ကစားခိုင်းတယ်။ ဆရာ့ဆီလာပြတဲ့ ကလေးတွေက အဲဒီလိုဖြစ်ပြီး ရောက်လာတာတွေပဲ များပါတယ်။

မေး. ကလေး ဒူးနာတဲ့ဖြစ်စဉ်ကို သိပါရစေ ဆရာ။

ဖြေ. ကလေး ဒူးနာတာဖြစ်ရတဲ့ပုံစံက ကလေးတွေက ကြီးထွားတဲ့အချိန်မှာ အားကစားတွေလုပ်တဲ့အခါ ပေါင်မှာရှိတဲ့ ကြွက်သားတွေက တဖြည်းဖြည်း အောက်ကိုလျော့ကျလာပါတယ်။ အဲဒီကနေ ဒူးအဆစ်အရိုးကို သွားဖိမိပါတယ်။ အဲဒီလို ဖိမိပြီးမှ အဲ့ဒီကြွက်သားက အရွတ်ဖြစ်သွားပါတယ်။ အဲဒီအရွတ်က ခြေထောက်ရိုးရဲ့ထိပ်မှာရှိတဲ့ အရိုးတစ်နေရာနဲ့ ဆက်နေပါတယ်။ အဲ့ဒီကြွက်သားက ဒူးရိုးကိုဆန့်တဲ့အချိန်မှာ လုပ်ဆောင်ပေးတဲ့ ကြွက်သားဖြစ်ပါတယ်။ အဲ့ဒီကြွက်သားက အရွတ်ဖြစ်သွားပြီး တင်းသွားတဲ့အခါ ဒူးကို ဆန့်လိုက်တိုင်း အောက်ကအဆစ်တွေကို အတင်းဆွဲမိနေပါတယ်။ ကြီးထွားနေချိန်ပဲရှိသေးတဲ့အတွက် အရိုးတွေကလည်း သိပ်ခိုင်မာမှု မရှိသေးပါဘူး။ ကြွက်သားက အတင်းဆွဲတဲ့အတွက် အရိုးက အက်လာတာ၊ ဟလာတာတွေ ဖြစ်လာပါတယ်။ အဲဒီလိုနေရာကနေ အရိုးအတက်တွေထွက်လာပြီး အရိုးကျီးပေါင်းတွေတက်လာတဲ့အတွက် အရိုးကလည်း ငေါနေပါတယ်။ နာလည်း နာလာပါတယ်။

အဲဒီလိုဖြစ်တဲ့ကလေးတွေကို ကြည့်လိုက်တိုင်း လှုပ်ရှားမှုများတဲ့ အားကစားတွေ လုပ်ထားတာကို တွေ့ရပါတယ်။ ပြေးလွှားရတာတွေ၊ ခုန်ရတာတွေပါတဲ့ အားကစားတွေကြောင့် အဖြစ်များပါတယ်။ အဲဒီလိုဖြစ်နေပြီဆိုရင် အဲ့ဒီကလေးက အားကစား ထပ်လုပ်ဖို့မလွယ်ပါဘူး။ သက်သာသွားတဲ့အထိတော့ နားပေးရပါတယ်။

မေး. ကလေး ဒူးနာတဲ့ရောဂါဖြစ်လာရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါက အစပိုင်းမှာ နာတာတော့ သိပ်မနာပေမယ့် နောက်ပိုင်းမှာပိုနာလာတတ်ပါတယ်။ များသောအားဖြင့် ခြေထောက်တစ်ဖက်တည်းမှာ ဖြစ်တာများပါတယ်။ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်ကတော့ ခြေထောက်နှစ်ဖက်လုံးမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါက အရိုးကြီးထွားမှုရပ်တဲအချိန် အသက် ၂၀ကျော်လောက်ဆိုရင် ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ အသက်ကြီးတဲ့အထိ နာနေတတ်တာလည်း ရှိပါတယ်။

ကလေးတွေ ဒူးနာတဲ့အခါ ကလေးတွေက အဲဒီနေရာကို နာတယ်လို့ပဲ ပြောနေတတ်ပါတယ်။ အဲဒီနေရာကို ထိကြည့်၊ ခေါက်ကြည့်ရင် နာလို့အော်တတ်ပါတယ်။ နောက်ပြီး ဒူးကို ဆန့်ခိုင်းလိုက်ပြီး ဒူးနေရာကို ဖိကြည့်ရင်လည်း နာတာကိုတွေ့ရပါတယ်။

မေး. ကလေးတွေ ဒူးနာတဲ့ ဒီရောဂါရတဲ့အခါ ကလေးတွေက ဘယ်လိုပြောတတ်ပါသလဲ ဆရာ။

ဖြေ. ကလေးတွေက အဲဒီနေရာကို နာတယ်လို့ပဲ ပြောနေတတ်ပါတယ်။ အဲဒီနေရာကိုထိကြည့်၊ ခေါက်ကြည့်ရင် နာလို့အော်တတ်ပါတယ်။ နောက်ပြီး ဒူးကို ဆန့်ခိုင်းလိုက်ပြီး ဒူးနေရာကို ဖိကြည့်ရင်လည်း နာတာကို တွေ့ရပါတယ်။

မေး. ဒီအခြေအနေမှာ ဓာတ်မှန်ရိုက်ကြည့်ရင် ဘယ်လိုတွေ့ရနိုင်ပါသလဲ ဆရာ။

ဖြေ. ဒီအခြေအနေမှာ ဓာတ်မှန်ရိုက်ကြည့်ရင် အရိုးကျီးပေါင်းတွေ တက်နေတာကို တွေ့နိုင်ပါတယ်။

မေး. ဒါက ကလေးတွေ ခြေထောက်နာတယ်ဆိုတဲ့ အခြေအနေနဲ့ တူပါသလား ဆရာ။

ဖြေ. ခြေထောက်နာတာက တခြားအခြေအနေတွေကြောင့် နာတာတွေလည်း ရှိတတ်ပါတယ်။ တခြား ကြွက်သားကြီးထွားမှုတွေကြောင့် ညညဆို ခြေထောက်တွေ နာတတ်တာလည်း ရှိပါတယ်။ အဲဒါမျိုးဆိုရင် ကလေးတွေကို အမေတွေက နှိပ်ပေးတာ၊ ဆေးလိမ်းပေးတာတွေလုပ်လိုက်ရင် ပျောက်သွားပါတယ်။ ဒါတွေက ဖြစ်လေ့ရှိပါတယ်။ တချို့မိသားစုတွေမှာ အလတ်ကလေးတွေရှိရင် အမေတွေက အကြီးနဲ့အငယ်ကို ဂရုစိုက်ပြီး အလတ်က သူ့ကို ဂရုမစိုက်ဘူးလို့ ထင်တတ်ကြတဲ့အတွက် ဂရုစိုက်လာအောင် စိတ်ကနေတစ်ဆင့် ခြေထောက်နာတယ်ဆိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ အားကစားအလုပ်များလို့ ဖြစ်တတ်တာမျိုးပါ။

မေး. ကလေး ဒူးနာတာကို ဘယ်လိုကုသမှု ပေးရပါသလဲ ဆရာ။

ဖြေ. အခုပြောတဲ့ရောဂါကတော့ သူတို့ဘာတွေလှုပ် ရှားမှုရှိသလဲ၊ ဘယ်လိုတွေဖြစ်လဲဆိုတာကိုမေးပြီး လက္ခဏာတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ရောဂါကို ကုသမှုကတော့ ခြေထောက်ကို အနားပေးရမယ်၊ ရေခဲအုံပေးရတယ်။ အနာသက်သာတဲ့ဆေးတွေပေးလို့ ရပါတယ်။ ချက်ချင်းမသက်သာရင်တောင် အချိန်တစ်နှစ်လောက်ကြာရင် သူ့ဘာသာ ကောင်းသွားတတ်ပါတယ်။ ဒီလိုမှမရရင် ဒူးကိုထိန်းတဲ့ အားပြုကိရိယာလေး တပ်ပေးထားလို့ရပါတယ်။

တချို့ကလေးတွေမှာ ရှားရှားပါးပါး ငယ်ငယ်ကတည်းကဖြစ်နေပြီး လူကြီးအရွယ်ထိ မပျောက်တာတွေရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ နာနေတယ်ဆိုရင် ခွဲစိတ်ကုသပေးပါတယ်။ ခွဲစိတ်ကုသရင် သက်သာပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသရတာ အတော်ရှားပါတယ်။ ဘောလုံးကစားသမားထဲက စတီဗင်ဂျရက်၊ စပိန်တင်းနစ်ကစားသမား ခဖိုင်ရယ်နဒါး၊ ပြင်သစ်အားကစားသမား ဂေးမွန်ဖီးတို့ဆိုရင် အသက်ကြီးတဲ့အထိ အဲ့ဒီရောဂါရှိနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top