Healthy Life Ad
Health Tips

ခါးနာဝေဒနာကို ၁၀ မိနစ်အတွင်း သက်သာစေမည့် လေ့ကျင့်ခန်း ၇ မျိုး

၊ လရိပ်မေ ၊
လူဦးရေရဲ့ ၅၄ ရာခိုင်နှုန်းခန့်က ဘ၀မှာ တစ်ခါမဟုတ် တစ်ခါဆိုသလို ခါးနာဝေဒနာရဖူးတယ်လို့ သိရပါတယ်။ ဒီခါးနာသူတွေရဲ့ ၂၆ ရာခိုင်နှုန်းက ဘ၀မှာ တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ ဖြစ်နေတာကလည်း အံ့အားသင့်စရာပါ။ ဒါကြောင့် ခါးနာဝေဒနာ သက်သာစေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ခြေသလုံးတံကောက်ကြောဆွဲဆန့်ခြင်

ဘယ်ခြေထောက်ကို ကွေးပြီး ပက်လက်လှန်လဲလျောင်းပါ။ညာဘက်ဒူးကို အပေါ်ဆန့်ထုတ်လိုက်ပါ။ ဆွဲဆန့်တာကို သက်သောင့်သက်သာရှိနိုင်သမျှရှိအောင် ကြိုး စားပြီး ဆွဲဆန့်လေ့ကျင့်ပေးပါ။ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေဆွဲဆန့်သွားစေပါတယ်။၁၀ စက္ကန့်လောက် ထိန်းထားပြီး ခြေထောက် နှစ်ချောင်းစလုံးနဲ့ နှစ်ကြိမ်ပြန်လုပ်ပါ။

ခြေသလုံးတံကောက်ကြောကြွက်သားတွေ တောင့်တင်းနေရင် နေ့တိုင်းထိခိုက်ဒဏ်ရာရလွယ်နိုင်ပါတယ်။ ခြေသလုံးတံကောက်ကြောတောင့်တင်းနေရင် တင်ပဆုံကွင်းလှုပ်ရှားမှုအပေါ် သက်ရောက်စေပြီး ခါးတောင့်တင်းနာကျင်မှုဖြစ်စေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်တာကပေါင်ကို ပျော့ပျောင်းသန်စွမ်းစေပြီး ကြွက်သားအုပ်စု အားလုံးကို သန်မာစေပါတယ်။


(၂) ဒူးနှစ်ဖက်ကို ရင်ဘတ်အထိ ကွေးယူခြင်း

ပက်လက်လှန်လှဲလျောင်းပါ။ခြေထောက်နှစ်ချောင်းကို ကွေးပြီး လက်တစ်ဖက်တည်းနဲ့ ဒူး တွေကို ရင်ဘတ်အထိဆွဲယူပါ။လက်နှစ်ဖက်ကို ယှက်ပြီး ရင်ဘတ်အထိ ရောက်နိုင်သမျှ ရောက်အောင်ဆွဲယူပါ။ ဆွဲဆန့်နိုင်လေလေ၊ ခါးအောက်ပိုင်းနဲ့ တင်ပါးတင်းအားတွေ သိသိသာသာ လျော့ကျသွားလေလေဖြစ်မှာပါ။၁၀ စက္ကန့်လောက် ထိန်းထားပြီး နှစ်ကြိမ်ပြန်လုပ်ပါ။ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းကြွက်သားတွေရဲ့ လှုပ်ရှားမှုကို အားကောင်းစေပါတယ်။ ခါးဆီသွေးနဲ့ အာဟာရထောက်ပံ့မှု ကောင်းစေပါတယ်။


အခြားလေ့ကျင့်နည်း

ပက်လက်လှန်လှဲလျောင်းပါ။ခြေထောက်တစ်ချောင်းနဲ့ တစ်ချောင်းကိုယှက်ထားပြီး လက်နှစ် ဖက်နဲ့ ဒူးနေရာကို ယှက်ကာ ဆွဲယူပါ။သင့်ရင်ဘတ်ဆီ ရောက်နိုင်သမျှရောက်အောင် ဆွဲယူပါ။ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခြမ်းကိုပဲ သက်ရောက်မှုရှိပါလိမ့်မယ်။ စက္ကန့် ၂၀ ကြာထားပြီးမှ နောက်ထပ်ခြေထောက်တစ်ချောင်းကို ပြန်ယှက်ပြီး ပြုလုပ်ပေးပါ။ နှစ်ကြိမ်စီပြုလုပ်ရပါမယ်။


(၃) ရင်ဘတ်ဆီသို့ ဒူးဆွဲဆန့်လေ့ကျင့်ခန်း

ပက်လက်လှန်လှဲလျောင်းပါ။ ညာဘက်ခြေထောက်ကို ကွေးယူပြီး လက်နဲ့ ထိန်းပါ။ရင်ဘတ်ဆီ ခြေထောက်ကို ဆွဲယူပေးပါ။စက္ကန့် ၂၀ခန့်ထိန်းထားပြီး ခြေထောက်နှစ်ဖက်စလုံးနဲ့ နှစ်ကြိမ်ပြုလုပ်ပေးပါ။ ပေါင်ကြွက်သားတွေကို ပျော့ပျောင်းစေပြီ ခါးရိုးကို တည့်စေပါတယ်။


အခြားလေ့ကျင့်နည်း

တခြားခြေထောက်ကို ဖြောင့်အောင်မလုပ်နိုင်ရင် ဒီလိုတခြားခြေထောက်ရဲ့ ပေါင်ပေါ်တင်ပြီး ပြုလုပ်နိုင်ပါတယ်။


(၄) ဆွဲဆန့်ဖြေလျှော့လေ့ကျင့်ခန်း

မတ်မတ်ရပ်ပါ။ညာခြေထောက်ကို ရှေ့ရွှေ့ပြီး ဘယ်ခြေထောက်ကို နောက်ထုတ်ထားပါ။ ညာဒူး ကိုကွေးပြီးခန္ဓာကိုယ် အပေါ်ပိုင်းကို ဖြောင့်မတ်စွာထားပါ။ဒီအနေအထားအတိုင်းစက္ကန့် အနည်းငယ်နေပြီး ဘယ်ဒူးက ကြမ်းပြင်ဆီနှိမ့်ချပေးပါ။လက်အုပ်ချီတဲ့အနေအထားနဲ့ ဟန်ချက်ညီအောင်ထိန်းပါ။၃၀ စက္ကန့်ကြာနေပြီး ခြေထောက်နှစ်ဖက်စလုံးနဲ့ တစ်ဖန်ပြန် လေ့ကျင့်ပေးပါ။

ဒီအနေအထားက တင်ပါးကြွက်သားတွေအပေါ် သက်ရောက်မှု ကောင်းစေပြီး ပေါင်လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ စက်ဘီးစီးတာ၊ အလေးမတာ၊ ပြေးတာ စတဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာလည်း အဆင်ပြေစေပါတယ်။


(၅) ကျောရိုးဆွဲဆန့်လေ့ကျင့်ခန်း

ပက်လက်လှန်လှဲလျောင်းပြီး ဦးခေါင်းဘေးမှာ လက်မောင်းတွေကို ဆန့်တန်းထုတ်ထားပါ။ ညာခြေထောက်ကိုမြှင့်ပြီး ဘယ်လက်ကိုသုံးကာ ဘယ်ခြေထောက်ပေါ်ဆွဲပေးပါ။ဦးခေါင်းကို ခြေထောက်ဆန့်တဲ့ဘက်နဲ့ မတူတဲ့ လားရာဆီ ဖြည်းဖြည်းချင်းလှည့်ပေးပါ။ ကျောပြင်နဲ့ ပေါင်တင်းအား ပြေလျော့စေ ပါတယ်။

ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ကြာထိန်းထားပြီး ခြေထောက်နှစ်ဖက်စလုံးနဲ့ နှစ်ကြိမ်ပြုလုပ်ပေးပါ။
ရုံးခန်းထဲမှာ နာရီပေါင်းများစွာ ထိုင်နေရင် အထူးသဖြင့် အနေအထားမမှန်တဲ့အခါ ကျောနဲ့ခါးတွေ တောင့်တင်းလာတတ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခါးနာတာကို သက်သာစေပါတယ်။


(၆) တံကောက်ကြောဆွဲဆန့်လေ့ကျင့်ခန်း

မတ်မတ်ရပ်ပါ။ညာဘက်ခြေထောက်ပေါ်ရပ်ပြီး ဘယ်ခြေထောက်ကို ညာလက် နဲ့ကိုင်ထားပါ။ လက်နှစ်ဖက်လုံး သုံးနိုင်ပါတယ်။ဖနောင့်နဲ့ တင်ပါးကို ထိဖို့ ကြိုးစားတဲ့အချိန်မှာ တင်ပါး၊တံကောက်ကြောနဲ့ ခါးနောက်ကျောကို ဆွဲဆန့် လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။စက္ကန့် ၃၀ ကြာထားပြီး ခြေထောက်နှစ်ဖက် စလုံးနဲ့ နှစ်ကြိမ်ပြန်လုပ်ပါ။ဒီလေ့ကျင့်ခန်းက ပေါင်၊ တံကောက်ကြောနဲ့ ခြေသလုံးတွေဆီ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။


(၇) ကုလားထိုင်ကိုင်ရင်း ခွေးတစ်ကောင်ဟန်ပန် လေ့ကျင့်ခြင်း

မတ်မတ်ရပ်ပြီး အနားမှာ ထိုင်ခုံတစ်လုံးယူထားပါ။ခပ်လှမ်းလှမ်းကနေ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ထိုင်ခုံအမှီကို ကိုင်ထားပါ။ခန္ဓာကိုယ်အပ်ါပိုင်းကို ကိုင်းကာ ခြေထောက်တွေကို ဆန့်တန်းရပ်ပါ။ ဒီနည်းက ခါးနဲ့ ပေါင်ကြွက်သားတွေ တောင့်တင်းတာကို ပြေလျော့စေပါတယ်။စက္ကန့် ၃၀ ကြာထိန်းထားပြီး နှစ်ကြိမ်ပြုလုပ်ပါ။ဒီဆွဲဆန့် လေ့ကျင့်ခန်းဟာ ပခုံး၊ လည်ပင်း၊ ပေါင်နဲ့ ခါးနောက်ကျောတွေမှာကျရောက်တဲ့ ဖိအား ကို ပြေလျော့စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top